အပူချိန်မြင့်မား၍ မန္တလေးတွင် သက်ကြီးပိုင်းအရွယ်များ အောက်ဆီဂျင်ကျဆင်းမှုများခံစားနေရပြီး အောက်ဆီဂျင်အိုးငှားရမ်းရမှုပိုများလာ


ရန်ကုန် မေ ၄
မန္တလေးတိုင်းဒေသကြီးအတွင်း အပူချိန်လွန်ကဲမှု၏နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် သက်ကြီးပိုင်း အရွယ်များအနေဖြင့်အောက်ဆီဂျင်ကျဆင်းမှုများရှိနေ၍ အောက်ဆီဂျင်အိုးများ ပိုမိုငှားရမ်းပေးနေရကြောင်း မဏိဇလလူမှုကူညီရေးအသင်း ထံကသိရသည်။
"ရောဂါအခံရှိသူ သက်ကြီးပိုင်းအချို့ အပူဒဏ်မခံနိုင်လို့ သေဆုံးတာတွေ ရှိနေတယ်။အခုရက်ပိုင်းဆိုရင် လူနာရှင်တွေလာတဲ့အခါ လူကြီးပိုင်းတွေ အောက်ဆီဂျင်တွေ အရမ်းထိုးကျတယ်လိုပြောတယ်။ အဲဒီလို အောက်ဆီဂျင်တွေထိုးကျတာတွေကြောင့် အခုရက်ပိုင်း အောက်ဆီဂျင်အိုးတွေလည်း တော်တော်ကြီးကိုငှားပေးရတယ်"ဟု အထက်ပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံတွင်ဧပြီလအတွင်း အပူချိန်သိသိသာသာမြင့်တက်ခဲ့၍ Heart strokeကြောင့် ဆေးရုံပို့ဆောင်ပေးရသူလူနာများ၊ သေဆုံးသူများပိုများလာခဲ့ပြီး မန္တလေးဒေသကြီးအတွင်းရှိ လူမှုကူညီရေးအသင်းမှ ၎င်းတို့အသင်းတစ်ခုတည်း၌ပင် Heat stroke ကြောင့်သေဆုံးမှုအပါအဝင် နာရေးလမ်းကြောင်းအနေဖြင့် ဧပြီလအတွင်းက ၅၃ လမ်းကြောင်းအထိပို့ဆောင်ပေးခဲ့ရပြီး မတ်လကထက် သိသိသာသာများပြားခဲ့ကြောင်းလည်းဆိုသည်။

ယင်းကဲ့သို သေဆုံးသူများထဲတွင် အလုပ်လုပ်နေချိန် မူးလဲကျပြီးကာ သေဆုံးမှုလည်း ရှိသကဲ့သို့ ရောဂါအခံကြောင့် ပူပြင်းသည့်ရာသီတွင် သက်ကြီးရွယ်အိုများ သေဆုံးမှုလည်း ရှိနေသည်။ "ကျွန်တော်တို့လူမှုကူညီရေးအသင်းအနေဖြင့် မတ်လထဲ နာရေးလမ်းကြောင်း ၂၇ ကြောင်းခန့်ပဲ ပို့ဆောင်ပေးခဲ့ရပေမယ့်လည်း Heat stroke ကြောင့်သေဆုံးမှုအပါအဝင်ဧပြီလအတွင်းမှာ ၅၃ ကြောင်းအထိပို့ဆောင်ပေးခဲ့ရတယ်။ ဧပြီလမှာမတ်လကထက် သိသိသာသာများပြားခဲ့တယ်။ သေဆုံးသူတွေထဲမှာ ၅၀ ကနေ ၉၀ ကျော်အရွယ်တွေက ပိုများတယ်။ သေဆုံးသူတွေထဲမှာ အလုပ်လုပ်နေရင်းမူးလဲကျပြီး အသက်မမှီလိုက်တာတွေလည်းရှိတယ်။ Heat stroke ကြောင့်ဆိုရင် မူးလဲပြီးဆေးရုံပိုပေးရတာတွေ၊ သေဆုံးသူတွေက ဧပြီလထဲမှာ ပိုများခဲ့ပါတယ်" ဟု အထက်ပါ အသင်းတစ်သင်းမှ တာဝန်ရှိသူကဆိုသည်။
MT