နေပြည်တော် ၁ မေ
နွေရာသီတွင် ရာသီဥတုပူပြင်းမှုကြောင့် ချွေးထွက်လွန်ကာ ခန္ဓာကိုယ် အတွင်းရှိရေနှင့် ဓာတ်ဆားများ ဆုံးရှုံးမှုပိုမိုများပြားလာပါသည်။ အပူဒဏ်ကြောင့် ဖောယောင်ခြင်း၊ မိတ်နှင့်ယားနာများထွက်ခြင်းနှင့် ကြွက်တက်ခြင်းစသည့် ရောဂါဝေဒနာများအား ခံစားရရှိနိုင်ပါသည်။
ထို့ပြင် ရောဂါပိုမိုဆိုးရွားလာပါက အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်းနှင့် မူးမေ့ခြင်းတို့ကိုပါ ခံစားရနိုင်ကာ ပိုမိုပြင်းထန်ဆိုးရွားလာပါက အပူဒဏ်ကြောင့် သတိလစ်ခြင်းအထိ ဖြစ်ပွားစေနိုင်ပါသည်။
အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း ခံစားရပါက အောက်ဖော်ပြပါ ရောဂါလက္ခဏာများအား ခံစားရနိုင်ပါသည်။
• ပျို့ခြင်း (သို့) ဂနာမငြိမ်ဖြစ်ခြင်း
• ကြွက်သားများ ကြွက်တက်ခြင်းနှင့် အားပျော့ခြင်း
• ခေါင်းကိုက်ခြင်း
• ရေဆာခြင်း
• ကိုယ်အပူချိန်မြင့်တက်ခြင်း
• ခေါင်းမူးနောက်ခြင်း
• မူးမိုက်ခြင်း
• နုံးချိခြင်း
• ချွေးအလွန်အကျွံထွက်ခြင်း
ရောဂါပိုမိုပြင်းထန်ဆိုးရွားလာ၍ အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ခံစားရပါက အောက်ဖော်ပြပါ ရောဂါလက္ခဏာများအား ခံစားရနိုင်ပါသည်။
• အရေပြားပူ၍ ခြောက်သွေ့ခြင်း (သို့) ချွေးအလွန်အကျွံထွက်ခြင်း
• စိတ်ရှုပ်ထွေးခြင်း
• သတိလစ်ခြင်း
• တက်ခြင်း
• ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်ခြင်းတို့ဖြစ်ပါသည်။
အပူဒဏ်ကာကွယ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်
၁။ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါအခံရှိသူများအနေဖြင့် နေ့လည် နေ့ခင်းအချိန်တွင် အရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသော နေရာများတွင် နားနေပါ။
၂။ ပူပြင်သည့်နေရောင်အောက်တွင် ပင်ပန်းစွာအလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ပါ။
၃။ ပူပြင်းသည့်နေရောင်အောက်တွင် သွားလာလှုပ်ရှားရန်၊ အလုပ်လုပ်ရန် လိုအပ်ပါကလည်း အရိပ်လုံလောက်စွာရနိုင်သည့် ထီး၊ ဦးထုပ်များ ဆောင်းသွားပါ။ အရိပ်ရ အေးမြသည့်နေရာများတွင် ခေတ္တအနားယူခြင်းကိုလည်း မကြာခဏပြုလုပ်ပါ။
၄။ အလင်းပြန်သော အဖြူရောင် (သို့) အရောင်ဖျော့သော ပွပွချောင်ချောင်ချည်ထည်များကို ဝတ်ဆင်ပါ။
၅။ နေပူထဲမှ ပြန်လာပြီးချက်ချင်းရေချိုးခြင်းနှင့် မနက် (၁၀)နာရီမှ ညနေ (၅)နာရီအထိ လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေချိုးဆိပ်များ၌ အဝတ်လျှော်ဖွပ်ခြင်း၊ ရေချိုးခြင်းစသည့်တို့ကို ရှောင်ကြဉ်ပါ။
၆။ အရက်သေစာသောက်သုံးခြင်းကြောင့် အပူဒဏ်အန္တရာယ်ကို ပိုမိုခံစားရစေနိုင်ပြီး ဖြစ်ပွားပါက ပိုမိုပြင်းထန်စွာခံစားရနိုင်သဖြင့် ရှောင်ကြဉ်ပါ။
၇။ ခန္ဓာကိုယ်အတွင်းရှိရေနှင့် ဓာတ်ဆားများဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ရေနှင့်ဓာတ်ဆားရည်ကို လုံလောက်အောင် သောက်သုံးပါ။
၈။ မိတ်နှင့် ယားဖုများထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိပ်ခြင်းတို့ကို ပြုလုပ်ပါ။
အပူဒဏ်အန္တရာယ်ခံစားရသော လူနာအားအရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသော နေရာတွင်ထားရှိခြင်း၊ ရေနှင့်ဓာတ်ဆားရည်များ သောက်သုံးစေခြင်း၊ လူနာ၏ ခန္ဓာကိုယ်အပူချိန် အမြန်ကျဆင်းစေရန် နဖူး၊ လည်ပင်း၊ ချိုင်းကြား (၂) ဖက်နှင့် ပေါင်ခြံ (၂) ဖက်တို့အား ရေအေးပတ်တိုက်ပေးခြင်း စသည်တို့ကို ဦးစွာဆောင်ရွက်၍ နီးစပ်ရာ ဆေးရုံ/ ဆေးခန်း/ကျန်မားရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသ၍ ကုသမှုခံယူပါ။
ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။
MDN