အပူဒဏ်အန္တရာယ် အထူးသတိပြုကာကွယ်

ယခုအချိန်ကာလသည် အလွန်ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလဖြစ်သည်။ မြန်မာပြည်ရာသီဥတု အနေဖြင့် မတ်လ၊ ဧပြီလနှင့် မေလတို့သည် ပူပြင်းသောကာလများဖြစ်သည်။ မြန်မာတို့၏ ၁၂ လရာသီ ကာလအားဖြင့် ကဆုန်၊ နယုန် ရာသီကာလသည်  မနေနိုင်လောက်အောင်   ပူပြင်းလှသဖြင့်    “ကဆုန်-နယုန် ဆွေ့ဆွေ့ခုန်” ဟု အမွှမ်းတင်ထားသည်။ နွေရာသီကာလသည် ဖြစ်လေ့ဖြစ်ထ ဖြစ်သော်လည်း သာမန် အခြေအနေထက်  ထူးခြားသည့်အပူဒဏ်ကြောင့် နောက်ဆက်တွဲအကျိုးဆက်များကို သတိပြုရမည်ဖြစ်သည်။

ယခုနွေရာသီကာလအပူရှိန်မှာ ယခင်နှင့်မတူ ပိုမိုပူပြင်းသည့်ခံစားမှုကို ကြုံတွေ့ရသည်။ ယမန်နှစ်များကလည်း ယခုထက်ပိုမိုပူပြင်းသည့် ခံစားမှုမျိုးကို ရရှိခဲ့ပြီးဖြစ်သည်။ ယခုနှစ်နွေရာသီကာလတွင် အင်အားအသင့်အတင့် ရှိသော အယ်လ်နီညိုဖြစ်စဉ်ကြောင့်လည်း တစ်နေ့တခြားပိုမိုပူပြင်းလာသည့် သဘောများရှိနေသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ယခုရက်ပိုင်းကာလများအတွင်း အင်အား အသင့်အတင့်ရှိသော အယ်လ်နီညိုဖြစ်စဉ်အခြေအနေနှင့် နေ့လယ်အပူချိန် ၁ ဒသမ ၅ ဆဲလ်စီးယပ်အထိ မြင့်မားလာမည်ဟု အသိပေးထားသည်။

ပြည်သူများအနေဖြင့် အပူချိန်မြင့်မားလာမှုကြောင့် အပူလျှပ်ခြင်းအန္တရာယ်ကို အထူးသတိပြု သိရှိထားရမည်ဖြစ်သည်။ လူတစ်ဦးတစ်ယောက်သည် ခန္ဓာကိုယ်အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက် (၄၀ ဒီဂရီစင်တီဂရိတ်) နှင့် အထက်ရှိလာလျှင် ကျန်းမာရေးအတွက် အန္တရာယ်ရှိသော အဆင့်သို့ရောက်ရှိလာသည်။ ပြင်ပအပူချိန် မြင့်တက်လာသောအခါတွင် ပတ်ဝန်းကျင်ရှိ ရေနှင့် အရာဝတ္ထုများပါ ပူပြင်းလာသည်ကို တွေ့ရမည်ဖြစ်သည်။ အလားတူ ခန္ဓာကိုယ်အပူချိန်ပါ မြင့်မားလာသည်။ ထို့ကြောင့် အပူချိန်မြင့်မားနေသော နေ့လယ်နေ့ခင်း အချိန်များတွင် အကာအကွယ်မပါဘဲ ပြင်ပသို့ထွက်ခြင်းကို ရှောင်ရှားပြီး အရိပ်အာဝါသ အောက်တွင်သာ နေထိုင် ကြရန်လိုအပ်သည်။

အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သောအန္တရာယ်များတွင် အပူလျှပ်ခြင်းသည် အစိုးရိမ်ရဆုံးအခြေအနေဖြစ်သည်။ အပူချိန်မြင့်မားမှုဒဏ်ကို ခံစားရသောကြောင့် ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နှင့် ကြွက်သားများကို ထိခိုက်ပျက်စီးစေနိုင်ပြီး အချိန်မီကုသရန် နှောင့်နှေးနေပါက ထိခိုက်ပျက်စီးနိုင်ခြေမြင့်မားပြီး အသက်အန္တရာယ် ထိခိုက်သည်အထိ စိုးရိမ်ဖွယ်ရာဖြစ်နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ အထူးသဖြင့် အပူနှင့်အအေး ကွာခြားချက် မြင့်မားသွားစေနိုင်သည့် အခြေအနေကို အထူးသတိပြုရမည်ဖြစ်သည်။ ပူသောအခြေအနေမှ အေးသည့်အခြေအနေသို့ ရုတ်တရက်ကူးပြောင်းခြင်း၊ အေးသည့်အခြေအနေမှ ပူသောအခြေအနေသို့ ရုတ်တရက်ကူးပြောင်းသည့်အခါ Heat Stroke ဟုခေါ်သည့် အပူလျှပ်ခြင်း၊ လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်း၊ အသက်သေဆုံးခြင်းအထိ ဖြစ်နိုင် သည်ကို သတိပြုရမည်ဖြစ်သည်။

အနောက်တိုင်းဆေးပညာအရ ပြင်းထန်သောအပူချိန်ကြောင့် ရေနှင့်မထိတွေ့ရဘဲ သတိမေ့မျောခြင်း၊ စကားမေးမရခြင်း၊ အဖျားကြီးခြင်းနှင့် အပူဒဏ်ကို ကာကွယ်ရင်း အအေး သို့မဟုတ် ရေအေးနှင့် ရုတ်တရက်ထိတွေ့ပြီး မသေဆုံးသင့်ဘဲ သေဆုံးခြင်းဖြစ်သည်။ ဥပမာအားဖြင့် နေပူပြင်းသော နေ့လယ်ပိုင်းအချိန်တွင် ရောဂါအခံရှိသူများ၊ အသက်အရွယ်ကြီးရင့်သောသူများ ရုတ်တရက်ဖြစ်တတ်သည့် အခြေအနေနှင့် အသက်အရွယ်မရွေး အအေးဓာတ်ပေးထားသော ယာဉ်၊ အခန်းတွင်း တို့မှ ပူပြင်းနေသောပြင်ပသို့ ရုတ်တရက်ထွက်ရာမှ အသက်အန္တရာယ်ထိခိုက်နိုင်သော အခြေအနေများသည် အပူဒဏ်ကြောင့် အများဆုံးဖြစ်တတ်သော အခြေအနေများဖြစ်သည်။ အပူနှင့်အအေး ဝိရောဓိသည် အလွန်အန္တရာယ်များပြီး အခန့်မသင့်လျှင် ရုတ်တရက် အသက်သေဆုံးနိုင်သည်ကို အထူးသတိပြုရမည် ဖြစ်သည်။

ပူပြင်းသော ယခုလိုရာသီကာလများတွင် အသက်အရွယ်ကြီးရင့်သူများနှင့် ရောဂါအခံရှိသူများအနေဖြင့် အရိပ်ထဲတွင်သာ နေထိုင်သင့်ပါသည်။ တိုင်းရင်းဆေးအလိုအရ နွေရာသီကာလ ရေချိုးလျှင် နံနက်စောစောတွင်သာ ရေချိုးသင့်ပြီး နေ့လယ်ပိုင်းနှင့် ညနေပိုင်းတွင် ရေချိုးခြင်းမပြုလုပ်သင့်ပေ။ ရေမချိုးမီ ရေအေး တစ်ဖန်ခွက်သောက်ပြီးမှ ရေချိုးသင့်သည်။ ရေချိုးလျှင် ဦးခေါင်းမှစ၍ ရေမလောင်းဘဲ ခြေထောက်အဖျားမှအထက်သို့ တဖြည်းဖြည်းရေလောင်းပြီးမှ ရေချိုးသင့်သည်။ ရေမချိုးမီ ဆီးသွားထားရန် လိုအပ်ပြီး ဆီးများရှိနေပြီး ရေချိုးပါက ဆီးပူ၊ ဆီးအောင့်၊ ညောင်းကျရောဂါဖြစ်တတ်သည်။ ရေချိုးပြီးလျှင် အဝတ်အစားမဝတ်ဘဲ ကြာရှည်စွာ မနေသင့်ပေ။ ရေချိုးပြီးလျှင် နွေးထွေးစွာနေသင့်သည်။ နွေရာသီတွင် ထူထဲသော အဝတ်အစားများကို ရှောင်ရှားပြီး ပေါ့ပေါ့ပါးပါး အဝတ်အစားများကို ဝတ်ဆင်သင့်သည်။ နေ့လယ်ပိုင်းနှင့် ညနေပိုင်းအချိန်တွင် သစ်ပင်ရေလောင်းပြီး ရေစိုနိုင်သော အခြေအနေနှင့် နေပူထဲမှပြန်လာပြီး ရေခဲရေသောက်ခြင်းကို ရှောင်ရှားသင့်သည်။

သို့ဖြစ်ရာ အပူဒဏ်အန္တရာယ်သည် လူတို့၏ကျန်းမာရေးကို ထိခိုက်နိုင်သည့်အပြင် အသက်အန္တရာယ်ပါ ဖြစ်နိုင်သဖြင့် သတိပြုရမည့်အချက်များကို လိုက်နာဆောင်ရွက်ကြပြီး နေ့လယ်ပိုင်းတွင် မဖြစ်မနေ အပြင်ထွက်ရမည်ဆိုပါက အပူဒဏ်ကာကွယ်မည့် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်တို့ကို အသုံးပြုကြပြီး အပူဒဏ်အန္တရာယ် ကို သတိပြုကာကွယ်ကြရမည်ဖြစ်ပါကြောင်း။ 

ကြေးမုံ