အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကြားနာမှုဆိုင်ရာအတွေ့အကြုံများ စကားဝိုင်းကျင်းပ

articles_advs

တာရာ၊ ကေကေ

အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice - ICJ) ကြားနာမှုဆိုင်ရာ အတွေ့အကြုံများ စကားဝိုင်းကို ဦးဆောင်ဆွေးနွေးသူအဖြစ် ဦးကိုကို (စက်မှုတက္ကသိုလ်) က ဆောင်ရွက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ (ပူးတွဲကိုယ်စားလှယ်၊ မြန်မာကိုယ်စားလှယ်အဖွဲ့)၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါက်တာသီတာဦး (အဖွဲ့ဝင်၊ မြန်မာကိုယ်စားလှယ်အဖွဲ့)၊ အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ပြည်နယ်ရှေ့နေကောင်စီ၏ အသိအမှတ်ပြုရှေ့နေ၊ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာကုန်သွယ်ရေး ကျွမ်းကျင်သူ၊ ဥပဒေရေးရာ အကြံပေးအဖွဲ့ဝင် ဦးသီဟန်မျိုးညွန့် (အဖွဲ့ဝင်၊ မြန်မာကိုယ်စားလှယ်အဖွဲ့) နှင့် ဝါရှင်တန်ဒီစီ အခြေစိုက် Law Firm တွင် ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ၊ ဥပဒေရေးရာအကြံပေးအဖွဲ့ဝင် ဦးကျော်တင် (အဖွဲ့ဝင်၊ မြန်မာကိုယ်စားလှယ်အဖွဲ့) တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။

အဆိုပါ စကားဝိုင်းတွင် ဆွေးနွေးခဲ့သည်များကို ဖော်ပြအပ်ပါသည်။ ။

 

mdn

ဦးကိုကို ။ ။ နယ်သာလန် နိုင်ငံသည်ဟိတ်ဂ်မြို့မှာ ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ရက်အထိ ပြုလုပ်ခဲ့တဲ့ ICJ ဆိုင်ရာကြားနာမှုကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံများကို ပြန်လည်တင်ပြဖို့အတွက် ဒီစကားဝိုင်းကို စီစဉ်ရခြင်းဖြစ်ပါတယ်။ ။

မင်္ဂလာပါခင်ဗျာ။ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး သွားရောက်လျှောက်လဲခဲ့တာတွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရုပ်မြင်သံကြားမှာ တိုက်ရိုက်ထုတ်လွှင့်ကာ ဆိုရှယ်မီဒီယာတွေမှာလည်း ထုတ်လွှင့်တာတွေကြည့်တဲ့အခါ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အပါအဝင် ကျွန်တော်တို့ကို တာဝန်ခံပေးတဲ့ တကယ်ကျွမ်းကျင်တဲ့ ရှေ့နေကြီးတွေက မြန်မာနိုင်ငံဘက်က မားမားမတ်မတ် အချက်အလက်ပြည့်ပြည့်စုံစုံနဲ့ လျှောက်လဲတင်ပြတာတွေ တွေ့ရတဲ့အတွက် ပြည်သူတွေကလည်း အထူးပဲနှစ်ထောင်းအားရ ဖြစ်ကြရပါတယ်။

အဲဒီလိုဖြစ်ခြင်းနဲ့အတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့ ဆရာတို့ ဆရာမတို့ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို ပြန်လာတဲ့အခါမှာလည်း အင်မတန်မှ ဝမ်းသာစရာမြင်ကွင်းပါ။ နေပြည်တော်လမ်းတစ်လျှောက်မှာ ပြည်သူတွေဟာ  လှိုက်လှိုက်လှဲလှဲနဲ့ ထောက်ခံအားပေး ကြိုဆိုခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ ထိုနည်းလည်းကောင်းပဲ ပြည်သူတွေက ပြန်လာတဲ့ ကိုယ်စားလှယ်တွေအနေနဲ့  အတွေ့အကြုံဘယ်လိုများ မျှဝေပေးမလဲ။ ဟိုမှာ ဘယ်လိုတွေ့ကြုံခဲ့ရသလဲ စသဖြင့်သိချင်နေကြပါတယ်။ အဲဒါကြောင့်လည်း ဒီနေ့စကားဝိုင်းကို စီစဉ်ရခြင်းဖြစ်ပါတယ်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးကို ပထမဦးဆုံးဆွေးနွေးစေချင်တာကတော့ ပြည်ထောင်စု ဝန်ကြီးက ပူးတွဲကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့တဲ့သူတစ်ဦးဖြစ်တဲ့အတွက် အဲဒီအပြည်ပြည်  ဆိုင်ရာ တရားရုံးသွားရောက်ခဲ့တဲ့ အတွေ့အကြုံကို မျှဝေပေးပါဦးခင်ဗျာ။

 

mdn

ဦးကျော်တင့်ဆွေ။ ။ ကျွန်တော့် အနေနဲ့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ အနေနဲ့ International Court of Justice -ICJ မှာ ကြားနာမှုများနဲ့ ပတ်သက်ပြီး လုပ်ဆောင်မှုတွေကို အခုလိုမျှဝေခွင့်ရတဲ့အတွက် များစွာဝမ်းသာပါတယ်။ တိုတိုပြောရရင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ခေါင်းဆောင်တဲ့အတွက်လည်း ထိရောက်အောင်မြင်မှု  အများကြီးရခဲ့ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဒီပြဿနာရဲ့ အရင်းအမြစ်က ARSA က ကျွန်တော်တို့ နိုင်ငံအတွင်းမှာ ရဲစခန်း ၃၀ နဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ဌာနချုပ်တစ်ခုကို တစ်ပြိုင်နက် တိုက်ခိုက်မှုအပေါ် တပ်မတော်အနေနဲ့ ပြန်လည်ကာကွယ်  တိုက်ခိုက်ရင်းနဲ့ ဒီကိစ္စတွေဖြစ်လာတယ် ဆိုတာကို ကမ္ဘာကသိအောင် ပြောနိုင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂမ်ဘီယာနိုင်ငံက ကျွန်တော်တို့ကို စွပ်စွဲတဲ့အချက်မှာရော၊  ကုလသမဂ္ဂ Repot တွေမှာပါ ဒီအချက်ကို လုံးဝထိမ်ချန်ထားခဲ့လို့ပဲဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဖြစ်ပွားခဲ့တဲ့ကိစ္စဟာ ဥပဒေကြောင်းအရ Genocide  လူမျိုးပြုန်းတီးစေမှု မဟုတ်ဘူးဆိုတာကို ထိရောက်စွာ ပြောနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရှေ့နေတွေကလည်း ဒီကိစ္စဟာ ICJ ကို လုံးဝရောက်ရမယ့် ကိစ္စမဟုတ်ဘူး၊ Genocide မဟုတ်ဘူးဆိုတာကိုလည်း ထိထိရောက်ရောက်ပြောနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပြောရမယ်ဆိုရင် ဒီလုပ်ဆောင်ချက်တွေအပေါ် မူတည်ပြီး ပြည်သူလူထုကို အခုလိုသိစေချင်တယ်။ မျှဝေစေချင်ပါတယ်ဆိုတဲ့ အချက်ပါပဲ။

ဦးကိုကို ။ ။ ပြည်ထောင်စုဝန်ကြီးခင်ဗျာ။ အခုလို ရှင်းပြလို့လည်း သိရပါတယ်။ ကျွန်တော်တို့ ပထမအကြိမ်စကားဝိုင်း တုန်းကလည်း ပြောခဲ့ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင်သွားရောက်ခဲ့တယ်။ အဲဒီလို သွားရောက်ခဲ့တာဟာ စွန့်စားရာမကျဘူးလား။ သူ့မှာရော အန္တရာယ်တွေ မရှိနိုင်ဘူးလားဆိုပြီး တွေးတာလေးတွေလည်း ရှိတယ်။ အဲဒီလို အသံတွေလည်းထွက်တော့ သွားရ၊ စွန့်စားရတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ရှင်းပြပေးပါဦးခင်ဗျာ။

ဦးကျော်တင့်ဆွေ ။ ။ ဒါနဲ့ ပတ်သက်ပြီးစွန့်စားရာကျတယ် ဆိုပြီးတော့ ပြောမယ်ဆိုရင်လည်း ပြောလို့

ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်း၊ ပြည်ပကရော၊ ရင်းနှီးတဲ့ သူတွေကပါ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်မသွားပါနဲ့။ သွားတယ်ဆိုရင် နံပါတ် ၁ အနေနဲ့ လိုရာဆွဲပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ ပေါ်လာလိမ့်မယ်ဆိုပြီး အကြံပြုတာရှိပါတယ်။ နောက်တစ်ခုကလည်း ဥပဒေကြောင်းအရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ Superior Responsibility ဆိုတဲ့ ဒီကိစ္စကို ဘာကြောင့်မတားဆီး နိုင်ရသလဲဆိုပြီး စွပ်စွဲချက်တွေနဲ့ ရုံးတော်မှာ ရင်ဆိုင်ရအောင်လို့ ဆောင်ရွက်မယ့် အလားအလာတွေလည်း ရှိတယ်။

သို့သော် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကတော့ သူရဲ့ဆုံးဖြတ်ချက်က ပြတ်ပါတယ်။ ဒီကိစ္စကို သွားရှင်းပြရာမှာ သူကိုယ်တိုင်  ရှင်းပြတယ်ဆိုရင် ပိုပြီးသိရှိနားလည်မှု၊ လက်ခံမှုရှိလာမယ်ဆိုပြီး ယူဆတယ်။ ပြီးတော့ ဒီကိစ္စဟာ နိုင်ငံတော်ရဲ့ အရေးကိစ္စ၊ နိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ အရေးကိစ္စလည်းဖြစ်တယ်၊ ဒါကြောင့် သူ့မှာတာဝန်ရှိတယ်။  အဲဒီလို မသွားဘူးဆိုရင် သူနိုင်ငံတော်အပေါ်မှာ တာဝန်ကျေမှာ မဟုတ်ဘူးလို့ ရပ်တည်ထားကာ ဘာပဲဖြစ်ဖြစ်ဆိုပြီး သွားဖို့ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကလည်း မှန်တယ်လို့ပဲ ယူဆပါတယ်။

ဦးကိုကို ။ ။ ဦးသီဟန်မျိုးညွန့် ခင်ဗျာဖြည့်စွက်ပြီးတော့ နည်းနည်းလေး ပြောပြပေးပါဦး ခင်ဗျာ။ ။

 

mdn

ဦးသီဟန်မျိုးညွန့် ။ ။ ကျွန်တော်ရှေ့နေရှုထောင့်ကနေ နည်းနည်း ထပ်ဖြည့်ပေးချင်ပါတယ် ခင်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် နယ်သာလန်နိုင်ငံကို သွားတဲ့အချိန်မှာ နည်းနည်းစွန့်စွန့်စားစားလေးကတော့ ရှိခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ဆိုတာ International Court of Justice ICJ ရှိတဲ့ မြို့တင်မကပါဘူး။ မြန်မာနိုင်ငံကို တရားစွဲဖို့ ကြိုးပမ်းနေတဲ့ International Criminal Court -ICC on မြို့လည်းဖြစ်ပါတယ်။ ပြီးတော့ ဒီခရီးမစတင်ခင်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တစ်ယောက်အနေနဲ့ Head of State Immunity အပြည့်အဝ ခံစားခွင့်ရမလား၊ မရဘူး လားဆိုတာကိုလည်း အဲဒီတုန်းက သေသေချာချာ မသိသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နယ်သာလန်နိုင်ငံက Universal of Dual Station ဆိုတာကို လက်ခံထားတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်သလို ICC ကလည်းဖမ်းဖို့ Arrest Warrant issue လုပ်၊ မလုပ်ဆိုတာ ကျွန်တော်တို့ သေသေချာချာ ပြောလို့မရသေးပါဘူး။ ခုန ပြည်ထောင်စုဝန်ကြီး ပြောသလိုပါပဲ။ စထွက်ထွက်ချင်းကတော့ ကျွန်တော်တို့ စွန့်စွန့်စားစားလေး ထွက်လာရပါတယ်။ ။

ဦးကိုကို ။ ။ အဲဒီတော့ ခုနပြည်ထောင်စုဝန်ကြီး ရှင်းပြသလိုသိသိနဲ့ပဲ Risk ရှိတယ်။ အဲဒီ Risk ကို ယူပြီး ကျွန်တော်တို့နိုင်ငံရဲ့ အရှေ့ကနေ မားမားမတ်မတ်နဲ့ ပြောပေးတာ ဖြစ်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ လျှောက်လဲတာတွေကို ကြည့်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပထမဦးဆုံး လျှောက်လဲချက်တွေက တော်တော်ထိထိမိမိရှိတယ်။ ပြောတာဆိုတာတွေလည်း တော်တော်ကောင်းတယ်။ ထိုနည်းလည်းကောင်းပဲ ကျွန်တော်တို့ရဲ့ ရှေ့နေကြီးတွေက အသီးသီး သူ့ရှုထောင့်နဲ့ သူ၊ သူ့အချက်တွေနဲ့သူပြောတာတွေလည်း တော်တော်လေးကောင်းပါတယ်။ အဲဒီတော့ ဒီလောက်တော်တဲ့ ရှေ့နေကြီးတွေကို ဘယ်လိုများ မြန်မာအစိုးရဘက်က ရှေ့နေလိုက်ပေးဖို့ရအောင် ဆောင်ရွက်ခဲ့သလဲဆိုပြီး အချို့က မေးနေကြတာလည်းရှိတယ်။ ဘယ်သူမှလည်း ဒီအဖြေကို မသိကြဘူး။ အဲဒါနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းပြပေးပါဦးခင်ဗျာ။

ဦးကျော်တင့်ဆွေ။ ။ဟုတ်ကဲ့ ခင်ဗျာ။ Genocide ဆိုတဲ့ ကိစ္စကလည်း ကမ္ဘာမှာ တရားရုံးရောက်တာ အင်မတန်မှ ရှားပါတယ်။ ဒီ Genocide နဲ့ ပတ်သက်လို့လည်း ကမ္ဘာမှာ အတော်ဆုံးလို့ သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်ကြီးငါးယောက် ရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ ဒီကိစ္စအမှု ပေါ်ပေါက်လာပြီဆိုတဲ့အခါ  ဒီအတော်ဆုံးငါးယောက်ထဲက ဘယ်သူ့ကို  ရွေးမလဲဆိုပြီး ချဉ်းကပ်ပါတယ်။ ဦးစွာပထမ ကျွန်တော်တို့က ခေါင်းဆောင်ရှေ့နေအနေနဲ့ ဒေါက်တာ စတိတ်ကာ (Dr.Christopher Staken) ဆိုတာကို အရင်ရွေးလိုက်ပါတယ်။ သူနဲ့တိုင်ပင်ပြီးတော့ အခုကျွန်တော်တို့ ရှေ့နေအဖြစ် ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်တွေကို ချဉ်းကပ်ပြီး ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီပုဂ္ဂိုလ်တွေထဲမှာ ဥပမာ- ပါမောက္ခ ရှေးဘတ်စ် (Prof. William Schabas) ဆိုရင်  လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် အင်မတန်မှ  အလေးထားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဘာကြောင့် ကျွန်တော်တို့ဘက်ကလိုက်ပါ ဆောင်ရွက်သလဲဆိုတော့ သူကိုယ်တိုင်ကိုက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ကိစ္စသည် ဥပဒေကြောင်းအရ Genocide ခေါ်ဆိုနိုင်တဲ့  ကိစ္စမရှိဘူးဆိုပြီး သူ့အနေနဲ့ ယုံကြည်မှု အပြည့်နဲ့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒေါက်တာရှေးဘတ်စ်နဲ့ ပတ်သက်ရင် ဦးသီဟန်မျိုးညွန့် ဒီထက်မက ဆက်ပြီး ပြောနိုင်ပါတယ်။

ဦးသီဟန်မျိုးညွန့် ။ ။ ပါမောက္ခ ရှေးဘတ်စ်ကတော့ အခုလောလောဆယ် မစ်ဒယ်ဆက်စ်တက္ကသိုလ် (Middlesex University) မှာ International Law Intemational Human Rights Law ကို သင်ကြားနေတဲ့ ပါမောက္ခတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်ထောင်စုဝန်ကြီးပြောသလိုပဲ ပါမောက္ခ ရှေးဘတ်စ်က Genoacide ကိစ္စနဲ့ ပတ်သက်ပြီး ကမ္ဘာပေါ်မှာ ကျွမ်းကျင်သူတွေကို လက်ချိုးရေတွက်လိုက်မယ်ဆိုရင် အဲဒီလို လက်ချိုးရေတွက်လို့ရတဲ့အထဲမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်ပါတယ်။

Genocide ကိစ္စကိုလည်း အရှေ့၊ အနောက်၊ တောင်၊ မြောက် အကုန် ကျွမ်းကျွမ်းကျင်ကျင် နားလည်သိရှိတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်ပါတယ်။ အဲဒါ တင်မကပါဘူး။ ပါမောက္ခရှေးဘတ်စ်က ရှေ့နေလောကမှာ အရင်တုန်းကလည်း ကြားခဲ့ဖူးပါတယ်။ ကျွန်တော်တို့ရဲ့ ရှေ့နေလောကထဲမှာ တကယ့်နာမည်ကြီး ရှေ့နေတစ်ယောက်လည်း ဖြစ်ပါတယ်။ ကျွန်တော် ရှေ့နေကျောင်း တက်တုန်းကရော၊ ရှေ့နေလောကထဲကို စတင်ဝင်ရောက်ချိန်ကပါ သူ့အကြောင်းတွေ ကျွန်တော် သိခဲ့ပါတယ်။ သူက Case Western Reserve University Law School က ကျွန်တော့ဆရာအရင်း မိုက်ကယ်ရှနဲ့ သူနဲ့ကလည်း သူငယ်ချင်းအရင်းတွေ ဖြစ်ပါတယ်။ စာအုပ်တွေလည်း အတူတူ တွဲရေးဖူးပါတယ်။ ပြီးတော့ အဲဒါတင်မကဘူး၊ ICJ တရား သူကြီးတွေရှေ့မှာ သူလျှောက်တုန်းကလည်း ကျွန်တော့်ရဲ့ ဆရာအရင်း နောက်တစ်ယောက်အကြောင်းကို သူပြောခဲ့ပါတယ်။ ဒီကိစ္စတွေကြောင့်လည်း သူ့အကြောင်းတော်တော်များများကို သိရှိနိုင်ခဲ့ပါတယ်။

ဦးကိုကို ။ ။ မစ္စတာ ရှေးဘတ်စ်က ရှေ့နေလောက၊ ပညာရှင်လောကမှာတော့ နာမည်ကျော်နေတာကြာပြီး ဒါပေမယ့် မစ္စတာရှေးဘတ်စ်က ကျွန်တော်တို့ မြန်မာနိုင်ငံ တရားစွဲခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရှေ့နေလိုက်ပေးတော့မှ မြန်မာပြည်သူတွေ တော်တော်သိသွားတယ်။ သူ့နာမည်ကလည်း တော်တော့်ကို ပေါ်ပြူလာဖြစ်လာတယ်။ ဒီပုဂ္ဂိုလ်တော်လိုက်တာပြောတာ၊ ဆိုတာကလည်း ချက်ကျလက်ကျနဲ့ ပြောတယ်ဆိုတော့ သူပြောတာတွေ အများကြီးထဲမှာ ကျွန်တော်တို့ တကယ်ကို မှတ်လောက်သားလောက်တာတွေ ရှိရင်လည်း နည်းနည်းလေး ရှင်းပြပေးပါဦး ခင်ဗျာ။

ဦးသီဟန်မျိုးညွန့် ။ ။ ဟုတ်ကဲ့ ခင်ဗျာ။ သူပြောသွားတဲ့ အချက်တွေက တကယ်လေ့လာချင်ရင် ရှေ့နေကျောင်းမှာ သင်ပေးလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အနေနဲ့  Argument တွေက very instructive ဖြစ်ပါတယ်။ ဒါပေမယ့် အဓိက ကျတဲ့အချက်တွေကို ဆွဲထုတ်ရမယ်ဆိုရင် အရေးအကြီးဆုံးက သူပြောသွားတဲ့ Argument တွေက ဥပဒေအပေါ်မှာ အခြေခံပြီး သူပြောသွားတာ ဖြစ်ပါတယ်။ သူစစချင်း ပြောတာက ဘာကနေစလဲဆိုတော့ ICJ ရှေ့မှာ Genocide ကိစ္စနဲ့ ပတ်သက်ရင် အမှုက နှစ်ခုပဲရှိတယ်။ ဒီအမှုနှစ်ခုကို ဆုံးဖြတ်တဲ့ အချိန်မှာလည်း ICJ က ဘယ်လိုဆုံးဖြတ်ခဲ့ပါတယ်။ တောင်းဆိုတဲ့သူတွေ ကလည်း Genocide ကို မအောင်မြင်ခဲ့ပါဘူး။ အမှုမနိုင်ခဲ့ပါဘူး။ အဲဒါတင်မကဘူး။

ICJ ရှေ့မှာ Genocide နဲ့ပတ်သက်ပြီး အမှုပေါ်လာရင် ဘယ်လိုမျိုး Legal Standard မြင့်မြင့်သုံးသလား၊ နိမ့်နိမ့်သုံးသလား။ သူကပြောတာတော့ Legal Standard အမြင့်ဆုံးနေရာမှာ သုံးတာများပါတယ်။ အဲဒါကနေစပြီး သူက ဘယ်ကိုသွားချင်တာလဲဆိုတော့ သူအဓိက Argue လုပ်တာက (Plausible claim) ယုတ္တိရှိသော တောင်းဆိုချက်ရှိသလား၊ မရှိဘူးလားဆိုတာ ICJ ဆုံးဖြတ်တဲ့အချိန်မှာ ဘယ်လိုဆုံးဖြတ် ရမလဲအပေါ်မှာ သူက Argument လုပ်တာဖြစ်ပါတယ်။ (Plausible claim) ယုတ္တိရှိသော တောင်းဆိုချက် ရှိသလား၊ မရှိဘူးလား ဆိုတာ ICJ အနေနဲ့ Provisional Measures Stage ဆုံးဖြတ်တဲ့အချိန်မှာ ဘယ်လိုမျိုး Standard မျိုးထားသင့်သလဲ။ သူ ICJ က တရားသူကြီးတွေကို ထောက်ပြတာကတော့ ဒီလိုဆုံးဖြတ်တဲ့အချိန်မှာ Genocide Convention မှာ ဆုံးဖြတ်တဲ့ Standard မျိုး ထားသင့်ပါတယ်။ ။

ဘာဖြစ်လို့ ထားသင့်လဲဆိုတော့ ဒီ Genocide ဆိုတဲ့ ကိစ္စဟာ နက်ရှိုင်းပြီး ကမ္ဘာပေါ်မှာ တကယ့်အရေးကြီးတဲ့ ကိစ္စဖြစ်တဲ့အတွက် တကယ်လိုအပ်တဲ့ Standard မြင့်မြင့်မားမား ထားမှသာလျှင် ဒီ (Plausible claim) ယုတ္တိရှိသော တောင်းဆိုချက်က တကယ်လို့ ဆက်သွားမယ်ဆိုရင် အောင်မြင်မှု ရှိနိုင်မလား၊ မရှိနိုင်ဘူးလားဆိုတာ မြင်နိုင်မယ်လို့ သူကပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါကို သူကဘယ်က ဆွဲယူလိုက်သလဲဆိုတော့ ဟိုဘက်ဂမ်ဘီယာဘက်က တင်ပြတဲ့ အချက်အလက်တွေကို ကြည့်လိုက်ပြီး သူက Genocide Convention မှာ သုံးတဲ့ Standard မျိုးသုံးမယ်ဆိုရင် အဓိကကျတဲ့ အချက်  Genocide of Intent ဆိုတာ ဟိုဘက်ကပြောထားတဲ့ အချက်အလက်တွေထဲမှာ မပါဘူးဆိုတာ သူကပြောတယ်။ ဒီလိုမျိုး Genocide of Intent မပါဘူးဆိုရင် ရှေ့ဆက်သွားရင် (Plausible claim) ယုတ္တိရှိသော တောင်းဆိုချက်တင်မက Possibility of Success က ရှိချင်မှတောင် ရှိနိုင်ပါတယ်။ အခုလက်ရှိ ဆုံးဖြတ်တဲ့အချိန်မှာလည်း (Plausible Claim) က မရှိနိုင်ပါဘူးလို့ သူကပြောပါတယ်။ အဲဒါတွေတင်မကပါဘူး။ နောက်ပြီး ဆွဲထုတ်ရမယ့်အချက်က တရားသူကြီးတွေကို သူဘာတွေထောက်ပြသလဲဆိုတော့ ဂမ်ဘီယာနိုင်ငံက အချက်အလက်တွေက ဘယ်ကိုပဲ အဓိကအခြေခံ ထားသလဲဆိုတာ သူထောက်ပြခဲ့ပါတယ်။ ဒါတွေက Fact -Finding Mission Report (FFM Report) So Special Rapporteur မစ္စယန်ဟီလီ ထောက်ပြခဲ့တဲ့ ကိစ္စတွေကိုလည်း သူဆက်လက်ပြီး တရားသူကြီးတွေကို ရှင်းပြခဲ့ပါတယ်။ ။

ဦးကျော်တင့်ဆွေ ။ ။သူတင်ပြတဲ့အချက်တွေထဲမှာတော်တော် ထိရောက်တဲ့ အချက်တွေရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ကို ICC က တရားစွဲထားတယ်။ ကျွန်တော်တို့က ICC ရဲ့ တရားစီရင်ပိုင်ခွင့်ကို လက်မခံထားဘူး။ အဲဒီလို လက်မခံထားတဲ့ ICC မှာတောင် ကျွန်တော်တို့ကို တရားစွဲထားတာ Genocide နဲ့ တရားစွဲ  ဆိုထားတာမဟုတ်ဘူး။ ဒါကြောင့် ICC မှာတောင် Genocide နဲ့ တရားစွဲဆိုထားခြင်း မပြုတဲ့အတွက် ဒီဘက်မှာ Genocide ဘယ်လိုမှ မမြောက်ပါဘူးဆိုပြီး ကျွန်တော်တို့ icc ရဲ့ တရားစွဲဆိုထားတဲ့အချက်ကိုပဲ ပြန်သုံးပြီးတော့ ချေပထားတာ တွေ့ရတယ်။

ဦးကိုကို ။ ။အဲဒီတော့ ကျွန်တော်တို့ ရှေ့နေတွေကတော့ လျှောက်လဲထာတာ  အများကြီးပေါ့လေ။ ဆရာမသိသလောက်လေး အတွေ့အကြုံလေးမျှပါဦး။

 

mdn

ဒေါက်တာသီတာဦး ။ ။ ဟုတ်ကဲ့ပါ ဆရာ။ မြန်မာနိုင်ငံကနေ ပြီးတော့ ICJ မှာ သွားရောက်ပြီး ရင်ဆိုင်ဖြေရှင်းတဲ့ကိစ္စမှာ ကျွန်မက ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပါဝင်ခွင့်ရပြီးတော့ ရရှိခဲ့တဲ့ အတွေ့အကြုံတွေ၊ ဗဟုသုတတွေကို ပြည်သူကို ပြန်လည်ပြီးတော့ မျှဝေခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီသွားခဲ့တဲ့ ခရီးစဉ်မှာ ကျွန်မကတော့ ဥပဒေသမားပီပီ အဓိက ကျွန်မအာရုံစိုက်ပြီးတော့ စိတ်ဝင် စားပြီး၊ စိတ်အားထက်သန်ခဲ့တာက ကျွန်မတို့  ဘက်ကနေ ခုခံကာကွယ်ပြောဆိုခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင် ရှေ့နေကြီးတွေပါ။ ကျွန်မတို့နိုင်ငံရဲ့ ရပ်တည်ချက်တွေကို ဥပဒေကြောင်းနဲ့ တိကျမှန်ကန်စွာ ခုခံကာကွယ် ပေးနိုင်ခဲ့တယ်။ သူတို့ရဲ့ လျှောက်လဲချက်တွေဟာ တကယ်ကို တန်ဖိုးရှိပြီးတော့ အင်မတန် စိတ်ဝင်စားအာရုံစိုက်ခဲ့ရတဲ့ ကိစ္စဖြစ်ပါတယ်။ နောက်ပြီးတော့ ရှေ့နေကြီးတွေဟာ ကျွန်မတို့  ဥပဒေပညာသင်နေခဲ့တဲ့ ကာလတစ်လျှောက်လုံးမှာ ဒီရှေ့နေကြီးတွေ ရေးသားခဲ့တဲ့ စာအုပ်တွေအပေါ်မှာ ကိုးကားပြီးတော့ ကျွန်မတို့က  သင်ခဲ့ရတာပါ။ အခုကျတော့ ဒီရှေ့နေကြီးတွေ ကိုယ်တိုင်က ကျွန်မတို့ မြန်မာနိုင်ငံဘက်ကနေပြီးတော့ ခုခံပြောဆိုနေတဲ့အခါမှာ ကျွန်မ အနေနဲ့ ဒါကို နားထောင်ခွင့်ရတယ်။

ကျွန်မတို့ နိုင်ငံသားတွေအတွက် ကျွန်မကိုယ်တိုင်အတွက်ပါ ဂုဏ်ယူမိပါတယ်။ ဒီရှေ့နေကြီးမျိုးကို ရှာဖွေပြီးတော့၊ ငှားရမ်းပြီးတော့ ရှာဖွေပေးခဲ့တဲ့ နိုင်ငံတော်အကြီး အကဲတွေဟာလည်း အင်မတန်မှ ကျေးဇူးတင် စရာကောင်းပါတယ်လို့ ပထမဦးဆုံး ကျွန်မ အနေနဲ့ ပြောကြားလိုပါတယ်။

Mr.Christopher Staker ကတော့ သူက ICJ မှာကိုပဲ ဥပဒေဌာနမှူး လုပ်ခဲ့ဖူးပါတယ်။ သူက ဩစတြေးလျနိုင်ငံရဲ့ လက်ထောက် ရှေ့နေချုပ်ပါ။ ဆီရာလီယွန်မှာရှိတဲ့ အထူးတရားရုံးမှာ ဒုတိယရှေ့နေချုပ် လုပ်ခဲ့ပါတယ်။ သူက အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင် ရှေ့နေတစ်ယောက်အနေနဲ့ ဒီ iCJ မှာလည်း သူအမှုလိုက်ခဲ့တယ်။ နောက်ပြီးတော့ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်မှု၊ International Tribunal for the Law of the Sea(ITLOS) မှာလည်း ရှေ့နေလိုက်ခဲ့တယ်။ သူက ဆီရာလီယွန် တရားရုံးမှာသော်လည်းကောင်း၊ ယူဂိုဆလားဗီးယား အထူးရာဇဝတ် တရားရုံးတွေမှာရော ဥရောပသမဂ္ဂရဲ့ လူ့အခွင့်အရေးတရားရုံးတွေမှာ အထူးသဖြင့် အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားစီရင်ရေးကို အထူးပြုပြီးလိုက်တဲ့ ရှေ့နေကြီးဖြစ်ပါတယ်။

ဦးကိုကို ။ ။ရှေ့နေကြီး Mr.Christopher Stakera ရဲ့လျှောက်လဲချက်ပေါ့။ ကျွန်တော်တို့ပြန်ပြီး ချေပရတာပါ။ သူရဲ့ ချေပတဲ့အချက်တွေထဲက ဆရာမ မှတ်မှတ်သားသား ဖြစ်တာလေးတွေရှိရင် ဝေမျှပါဦး။

ဒေါက်တာသီတာဦး ။ ။ Mr.Christopher Staker ရဲ့ Argument ထဲမှာ ကျွန်မတို့ တောက်လျှောက် အာရုံစိုက်ပြီး နားထောင်ခဲ့ပါတယ်။ ဒီစကားဝိုင်းမှာ အထူး Highlight လုပ်ပြီး ဆွေးနွေးပေးချင်တာက ပထမဦးဆုံး သူပြောခဲ့တဲ့ အချက်က Organisation of Islamic Cooperation -OIC ကိုယ်စားပြုပြီး ဂမ်ဘီယာနိုင်ငံက နိုင်ငံတစ်နိုင်ငံအနေနဲ့ ICJမှာ ရင်ဆိုင်ဖြေရှင်းဖို့ တောင်းဆိုခဲ့တာပါရှင့်။ အဲဒါကို သူတို့ကိုယ်တိုင် ကြေညာထားခဲ့တာ။ ဥပမာ ဆိုရင်နိုဝင်ဘာ ၁၉ ရက်နေ့မှာ ဂျကာတာပို့စ်မှာ Organisation of Islamic Cooperation – OIC ကိုယ်စားဂမ်ဘီယာက ICJ ကို သွားမယ်။  နောက်တစ်ခါကျတော့ ဂမ်ဘီယာကိုယ်တိုင်ကလည်း OIC ကိုယ်စား ICJ မှာ အမှုရင်ဆိုင်မယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း OIC ကိုယ်စားဂမ်ဘီယာက ICJ သွားမှာကို ဝမ်းသာ ဂုဏ်ယူကြောင်းပေါ့။ နောက်တစ်ခုက OIC  ကနေပြီးတော့ Funded လုပ်တယ်။ ဂမ်ဘီယာကို အမှုစွဲဖို့၊ ငွေရေးကြေးရေး ထောက်ပံ့ကူညီတယ်။ အဲဒီအထဲက အဖွဲ့ဝင်အချို့ရဲ့ ငွေရေး ကြေးရေးထောက်ပံ့ကူညီမှုတွေ ဒါတွေကို သူက အရင်တင်ပြလိုက်ပါတယ်ရှင့်။ ။ တင်ပြလိုက်တဲ့ သဘောက သူတို့ကြိုးနဲ့ သူတို့ပြန်ပြီး ချည်သလိုမျိုး ပြောရမလား။ ဆိုလိုချင်တာက ICJ မှာ စာချုပ်ရဲ့ အဖွဲ့ဝင် နိုင်ငံကသာလျှင် တရားစွဲဆို ရင်ဆိုင်ဖြေရှင်း ခွင့်ရှိတယ်။ OIC ဆိုတာက ICJ မှာ တရားစွဲဆိုခွင့်မရှိတဲ့ Status ရှိတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ အဖွဲ့အစည်းဖြစ်တဲ့ OIC က ဂမ်ဘီယာနိုင်ငံမျိုးကို ကိုယ်စားလှယ်အနေနဲ့ လွှဲပြီးတော့ နိုင်ငံတစ်နိုင်ငံအနေနဲ့ စွဲခိုင်းမယ်ဆိုရင် နောင်မှာဒီလိုမျိုး အဖွဲ့အစည်းတွေ ကနေပြီးတော့ နိုင်ငံတစ်နိုင်ငံကို အခုလို လုပ်ပြီး ICJ မှာ အမှုစွဲခိုင်းရင် ဘယ်လိုဖြေရှင်းမလဲ။

ဘာဖြစ်လို့လဲဆိုတော့ OIC လို အဖွဲ့အစည်းမျိုးက ICJ o Advisory Opinion ဥပဒေနဲ့ ပတ်သက်ပြီး အကြံဉာဏ် တောင်းယူတာ အဲဒီလိုမျိုး လုပ်ခွင့်ရှိတဲ့ အဖွဲ့အစည်းမျိုး မဟုတ်ပါဘူး။ Advisory Opinion တစ်ခုရဲ့ တန်ဖိုးဆိုတာလည်း ICJ က ဒီဟာကို Opinion ပေးလိုက်ရင် တစ်ကမ္ဘာလုံးက လိုက်နာရမယ့် Rule တစ်ခုလို ဖြစ်သွားနိုင်ပါတယ်။ ဒီလိုဟာမျိုးကို နောက်ပိုင်းမှာ ဒီလိုအနေအထားမျိုးနဲ့ အဖွဲ့အစည်းတစ်ခုက နိုင်ငံတစ်ခုကို ကိုယ်စားပြုပြီးတော့ ဒီလို ICJ မှာ စွဲခိုင်းလို့ ဒီလို  opinion ထွက်လာခဲ့ရင် ICJ က ဘယ်လိုလုပ် ပြီးတော့ ဖြေရှင်းမလဲဆိုတာပါ။

ဦးကျော်တင့်ဆွေ ။ ။ အဓိက က ဘာလဲဆိုတော့ သူရဲ့ လျှောက်လဲချက်တွေက အင်မတန်မှ ထိရောက်တယ်။ ဂမ်ဘီယာအနေနဲ့ စွဲတာမဟုတ်ဘူး။ ဂမ်ဘီယာက OIC ကိုယ်စားစွဲတာ၊ ICJ ရဲ့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်တွေမှာလည်း အဖွဲ့အစည်းအနေနဲ့ စွဲခွင့်မရှိဘူးဆိုတဲ့ အချက်တွေကိုလည်း သူက ထိထိရောက်ရောက် ထောက်ပြခဲ့တယ်။

ဒေါက်တာသီတာဦး ။ ။ နောက်တစ်ချက်အနေနဲ့ Mr.Staker က ထောက်ပြတဲ့ Legal Issues တွေက တော်တော်ကို တိကျခိုင်မာပါတယ်။ နောက်တစ်ခုက သူကဘာကို ပြောလဲဆိုတော့ ICJ မှာ Genocide Convention Article 9 စွဲဆိုချက်က Dispute အငြင်းပွားမှုဆိုတာ ရှိရမယ်။ အငြင်းပွားမှုရှိဖို့အတွက်က စွဲဆိုတဲ့ နိုင်ငံက အငြင်းပွားသူ ဖြစ်မှာပေါ့။ အငြင်းပွားတဲ့ နိုင်ငံက Direct Effective၊ တိုက်ရိုက် ထိခိုက်တာမျိုးလည်း ရှိရမယ်။ အဲဒီတော့ဒီကိစ္စမှာ ဂမ်ဘီယာက တိုက်ရိုက်ထိခိုက်တာမျိုးလည်း မဟုတ်ဘူး။ မဟုတ်ဘဲနဲ့ ICJ မှာ Article 9 ကို သုံးပြီး Dipute ဆိုပြီး သူက အခြေအနေဖန်တီးပြီး ICJ မှာ တရားစွဲတယ်။  Dispute မရှိရင် တရားစွဲခွင့် မရှိဘူး။ အမှုကို ပိတ်လိုက်ပါတယ်။ ဂမ်ဘီယာက Dispute သတ်မှတ်တဲ့ဟာကလည်း တစ်ချက်ပဲ ရှိတယ်ရှင့်။ အဲဒါက ကျွန်မတို့ နယူးယောက်မှာရှိတဲ့ မြန်မာသံရုံးကို Note verbale စာကို အောက်တိုဘာ ၁ ရက်မှာ လာပြီးပို့ပါတယ်။ အဲဒီ Note verbale စာမှာ ဘာပြောလဲဆိုရင် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးကော်မရှင်ရဲ့ တင်ပြချက်တွေကို မြန်မာ နိုင်ငံက ငြင်းပယ်တဲ့အတွက် စိုးရိမ်မိတယ်တဲ့၊ အဲဒီတစ်ခုကိုပဲ ဖော်ပြထားတာပါရှင့်။ အဲဒီစာမှာ ဘယ်နေ့မှာ ပြန်ရမယ်တို့၊ မပြန်ခဲ့ရင်  ဘာဖြစ်မယ်တို့ဆိုတဲ့ အကြောင်းတွေလည်း ရှင်းမထားဘူး။ ဒီဟာအပေါ်မှာ မြန်မာနိုင်ငံက ပြန်ကြားခဲ့ခြင်းမရှိတာကို Dispute လို့  သူ့ဘာသာသတ်မှတ်ပြီးတော့ ICJ မှာ အမှု ရင်ဆိုင်ဖို့ စွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဦးကျော်တင့်ဆွေ ။ ။ Mr.Staker ကတိတိကျကျ ပြောတယ်ဆိုတာက Dispute မရှိဘူး။ အခု နကပြောတဲ့ Note verbale လို့ခေါ်တဲ့ သံတမန်စေလွှာကလည်း Dispute ရှိတယ်လို့ ဖြစ်အောင်လို့ လုပ်ကြံပြီး ပေးပို့ခြင်း ဖြစ်တယ်လို့ သူက ထင်ထင်ရှားရှား ရှင်းလင်း ပြောကြားပါတယ်။ ။

ဦးကိုကို ။ ။ ပြည်ထောင်စု ဝန်ကြီးတို့၊ ဆရာမတို့ ရှင်းပြတာကနေ ကျွန်တော် သဘောပေါက်လိုက်တာက Mr.Staker က ကန့်လန့်ကာနောက်ကွယ်က ရှိနေတဲ့ အဖြစ်အပျက်တွေကို သူကြိုးစားပြီးတော့ အမှန်တရားတစ်ခုကို သူဖော်ထုတ်ပြီးတော့ ပြသတယ်လို့ ကျွန်တော် မြင်ပါတယ်။ မြန်မာနိုင်ငံဘက်ကနေ တင်ပြလျှောက်လဲပေးတဲ့ရှေ့နေကြီးတွေရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဆရာဦးကျော်တင် အနေနဲ့ ဆွေးနွေးပေးပါဦး။

 

mdn

ဦးကျော်တင် ။ ။ ကျွန်တော် ပြောချင်တာက ကျွန်တော်တို့ ရှေ့နေအဖွဲ့တွေက Rockstar Lawyer တွေပါ။ အဲဒီမှာ ပါဝင်တဲ့တစ်ယောက် ပါမောက္ခ Mr.Andreas Zimmermann ဆိုရင် ဂျာမနီနိုင်ငံ University of Potsdam မှာ ပါမောက္ခတာဝန်ထမ်းဆောင်တာပါ။ သူက ICJ ရဲ့ မူကြမ်းတွေဘာတွေကို ထိပ်သီး Expert  တစ်ယောက်ပါ။ ပြီးခဲ့တဲ့ နှစ်လလောက်တုန်းက အောက်ဖို့စ်တက္ကသိုလ်က ထုတ်တဲ့ စာအုပ်တစ်အုပ်မှာ Procedure of the ICJ အကြောင်း သူရေးထားပါတယ်။ ပြီးတော့ ဥပဒေပညာရှင်တစ်ယောက်က ပါမောက္ခ Phoebe Okowa ဆိုတာပါပဲ။ သူက Queen Mary University of Londong မှာ ပါမောက္ခပါ။ ပြီးတော့ အောက်ဖို့စ်တက္ကသိုလ်ကနေ Ph.d ရတဲ့သူဖြစ်ပါတယ်။ ကင်ညာမှာလည်း တရားရုံးချုပ် ဥပဒေအရာရှိအနေနဲ့ အလုပ်ထမ်းဆောင်နေပါတယ်။

(ဆက်လက်ဖော်ပြပါမည်)