အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်လှုပ်ရှားမှုအဖြစ်  လက်ကမ်းစာစောင်များ ဖြန့်ဝေ

မြစ်ကြီးနား ၇ မတ်

၂၀၂၀ ပြည့်နှစ်၊ မတ် ၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်အမျိုးသမီးကော်မတီမှ ဦးဆောင်၍ ယမန်နေ့နံနက်က မြစ်ကြီးနားမြို့ပေါ် တက္ကသိုလ်ကျောင်းများအပါအဝင် နေရာ(၇)ခု၌ စတေကာနှင့် လက်ကမ်းစာစောင် များ ဖြန့်ဝေလှုံ့ဆော်သည့် လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြသည်။

အထိမ်းအမှတ်နေ့ လှုပ်ရှားမှုအဖြစ် ကချင်ပြည်နယ်အမျိုးသမီးကော်မတီမှ ဦးဆောင်၍ ပြည်နယ် ဝန်ကြီးချုပ်၏ ဇနီး ဒေါက်တာဂျေကော့ဘူ၊ ပြည်နယ်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးများ၊ အမျိုးသမီးများအရေး တက်ကြွလှုပ်ရှားသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ UNGO ၊ NGO အဖွဲ့ဝင်များ စုပေါင်း၍ မြစ်ကြီးနားမြို့ပေါ်ရှိ မြစ်ကြီးနားတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များ အပါ အဝင် လေဆိပ်၊ ဘူတာရုံ၊ အဝေးပြေးကားကွင်းနှင့် မြို့မဈေးတို့တွင် စတေကာများ၊ လက်ကမ်းစာစောင် များနှင့် ဘောပင်များကို  ဖြန့်ဝေသည့် လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

 

a

 

“ကျွန်မတို့ ပြည်နယ်အမျိုးသမီးကော်မတီ ဦးဆောင်ပြီးတော့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများ နေ့အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့ တက္ကသိုလ်(၃)ခု၊ အဝေးပြေးကားကြီးကွင်း၊ လေဆိပ်နှင့် ဘူတာရုံ၊ ဈေး စတာတွေမှာ စုစုပေါင်း အင်အား (၁၅၀)ဦးတို့ဖြင့် အဖွဲ့ (၅)ဖွဲ့ခွဲပြီးတော့ ဒီနှစ်အတွက် ဆောင်ပုဒ်ဖြစ်တဲ့ “မျိုးဆက်တိုင်းအတွက် လိုအပ်ချက် အမျိုးသမီးအခွင့်အရေးသိလျက် ဖော်ဆောင်ရွက်” စာတမ်းပါ စတစ်ကာ၊ ဘောပင် စတာတွေကို ဖြန့်ဝေပေးတဲ့ လှုပ်ရှားမှုကို စုပေါင်းဆောင်ရွက်ကြခြင်းဖြစ်ပါတယ်”ဟု ပြည်နယ်အမျိုးသမီးကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဒေါ်မြမာလာစိုးက ရှင်းလင်းပြောပြသည်။

မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)