အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြောကြားသည့် မိန့်ခွန်း

(၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၆ ရက် နေ့)

ဒီကနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်နဲ့ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ သံအမတ်ကြီးများနဲ့ စစ်သံမှူးများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မူးယစ်ဗဟိုအဖွဲ့ဝင်များ၊ လူမှုအဖွဲ့အစည်းများနဲ့ အခြားဖိတ်ကြားထားတဲ့ ဧည့်သည်တော်များအားလုံး မင်္ဂလာပါလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သအပ်ပါတယ်။

၁၉၈၇ ခုနှစ်မှာ ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ ၂၆ ရက်နေ့ကို ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ချိန်ကစပြီး ကမ္ဘာ့နိုင်ငံအသီးသီးနည်းတူ မြန်မာနိုင်ငံမှာလည်း နှစ်စဉ်ကျင်းပလာခဲ့တာ ဒီနှစ်ပါဆိုရင် (၃၁) ကြိမ် ရှိပြီ ဖြစ်ပါတယ်။

ဧည့်သည်တော်များ ခင်ဗျာ -

ဒီနေ့ကမ္ဘာမှာ မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းကြရာမှာ နိုင်ငံအစိုးရများရဲ့ နောက်ခံသမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အရင်းအမြစ်ပိုင်ဆိုင်မှု၊ တည်နေရာနဲ့ ပထဝီမြေအနေအထားတို့အပေါ်မှာ အခြေခံပြီး ချဉ်းကပ်မှုပုံစံ အမျိုးမျိုးနဲ့ ကြိုးပမ်းဆောင်ရွက်နေကြတာကို တွေ့ရှိရပါတယ်။

သို့သော်လည်း မူးယစ်ဆေးဝါးပြဿနာဟာ ပိုမိုရှုပ်ထွေးကြီးမားလာပြီး ပြည်သူလူထုရဲ့ ကျန်းမာရေး၊ လူမှုရေး၊ အခြေခံစီးပွားရေးတို့ကို အမျိုးမျိုး ပျက်သုဉ်းစေသလို နိုင်ငံဖြတ်ကျော်မှုခင်းတွေနဲ့ အကြမ်းဖက်မှုခင်းတွေရဲ့ အကျိုးဆက်ရလဒ်အဖြစ် နယ်မြေတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကိုပါ ထိခိုက်လှိုက်စားလာကြောင်း တွေ့ ရှိရပါတယ်။

၂၀၁၇ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာအရ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် အရွယ်မတိုင်ခင် သေဆုံးသူပေါင်း ၁၉၀ဝ၀ဝ (တစ်သိန်းကိုးသောင်း) ကျော်ရှိပြီး မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ HIVရောဂါ၊ အသည်းရောင်အသားဝါရောဂါနဲ့ TB ရောဂါကူးစက်မှုတွေဟာ မြင့်တက်လာကြောင်း တွေ့ ရှိရပါတယ်။

ဂိုဏ်းဖွဲ့ကျူးလွန်သူတွေကလည်း ၎င်းတို့ ငွေကြေးရရှိရေးအတွက် မူးယစ်ဆေးဝါးကို အဓိက လုပ်ငန်းအဖြစ် ဆက်လက်ဆောင်ရွက်လျက် ရှိတာကြောင့် တရားမဝင် မူးယစ်ဆေးဝါးများ ထုတ်လုပ်မှု၊ သယ်ဆောင်မှု၊ ရောင်းဝယ်မှု ကျူးလွန်ပုံ ကျူးလွန်နည်းများနဲ့ ပတ်သက်ပြီး နည်းပညာအသုံးချ စုံစမ်းထောက်လှမ်းမှုများနဲ့ သက်ဆိုင်ရာဌာနဆိုင်ရာများ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလိုအပ် လာကြောင်း တွေ့ရှိရ ပါတယ်။

ကျွန်တော်တို့နိုင်ငံအနေနဲ့ မူးယစ်ဆေးဝါးပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် မူးယစ်ဆေးဝါးဆိုင်ရာ ကွန်ဗင်းရှင်း (၃) ခုကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။ ဒီကွန်ဗင်းရှင်းတွေနဲ့အညီ ဥပဒေတွေ ပြဋ္ဌာန်းပြီးဖြစ်သလို မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အာဏာပိုင် အဖွဲ့အစည်းတွေ ဖွဲ့စည်း၊ စီမံကိန်းတွေ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ၁၉၇၆ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ကိုလည်း ခေတ်စနစ်နဲ့ လျော်ညီအောင် စုစုပေါင်း(၆)ကြိမ် ပြင်ဆင်ခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံအရ မူးယစ်ဗဟိုအဖွဲ့ကို အဖွဲ့ဝင်(၁၆)ဦးနဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ (၁၀)ဖွဲ့နဲ့ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့တွေကိုလည်း အဆင့်ဆင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်တွေ သတ်မှတ်ပေးထားပြီး ဖြစ်ပါတယ်။

ဘိန်းစိုက်တောင်သူတွေရဲ့ ဘဝကယ်တင်နိုင်ရေး၊ တောင်တန်းဒေသနေ တိုင်းရင်းသားတွေရဲ့ လူမှုဘဝ ဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါး သုံးစွဲသူတွေရဲ့ ဘဝပြန်လည် ထူထောင်ရေးတို့အတွက် မဟာဗျူဟာ (၂) ရပ်၊ နည်းဗျူဟာ (၃) ရပ် ချမှတ်ပြီး မူးယစ်ဆေးဝါး ပပျောက်ရေး စီမံကိန်းတွေကို (၅) နှစ်စီ (၄) ပိုင်းခွဲပြီးတော့ ဆောင်ရွက်နေတာဖြစ်ပြီး ဒီစီမံကိန်းကာလဟာ ၂၀၁၉ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါး ပြဿနာဆိုင်ရာ ကုလသမဂ္ဂအထူးညီလာခံ UNGASS အစည်းအဝေးရဲ့ လုပ်ငန်း အကြံပြုချက်တွေကို အခြေခံတဲ့ အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ် တစ်ရပ်ကိုလည်း ရေးဆွဲပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။

ဒီမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒအသစ်အရ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုလျှော့ချရေးနဲ့ အစားထိုးဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှု လျှော့ချရေးအတွက် သုံးစွဲမှုနဲ့ နောက်ဆက်တွဲ အန္တရာယ်လျှော့ချရေး၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ သုတေသနလုပ်ငန်းတွေ တိုးမြှင့်ရေးနဲ့ လူ့အခွင့်အရေး ပြဋ္ဌာန်းချက်များနဲ့အညီ ဖြစ်စေရေးစတဲ့ ကဏ္ဍပေါင်းစုံ ပါဝင်စေပြီး မူးယစ်ဆေးဝါးပြဿနာ လျှော့ချစေခြင်းအားဖြင့် နိုင်ငံသူ နိုင်ငံသားတွေရဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်သွားဖို့ပဲ ဖြစ်ပါတယ်။

ဒီ မူဝါဒကို အထောက်အကူဖြစ်စေဖို့အတွက် ၁၉၉၃ ခုနှစ် မူးယစ်ဥပဒေကိုလည်း ပြန်လည် သုံးသပ်ခဲ့ပြီး ပြင်ဆင်တဲ့ဥပဒေကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာကွန်ဗင်းရှင်းများနဲ့အညီ ကျွန်တော်တို့ရဲ့ ဥပဒေတွေ၊ စည်းမျဉ်း စည်းကမ်းတွေ၊ ဖွဲ့စည်းမှု တွေကို စနစ်တကျ စီမံဆောင်ရွက်နေတဲ့ အပိုင်းတွေ ဖြစ်ပါတယ်။

ဧည့်သည်တော်များ ခင်ဗျာ -

၂၀၁၇ ခုနှစ် UNODC ရဲ့ အစီရင်ခံစာအရ ဘိန်းစိုက်ပျိုးမှုမှာ ၂၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ထုတ်လုပ်မှုမှာလည်း ၁၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း တွေ့ ရှိရပါတယ်။

မိမိတို့နိုင်ငံအနေနဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကို ၂၀၁၃ ခုနှစ်မှ စတင်တိုးချဲ့ ဖွဲ့စည်းပြီး ဒေသအလိုက် အထူးစစ်ဆင်ရေး(၂၃)ခုကို ၂၀၁၃ ခုနှစ်၊ မေလမှ ၂၀၁၈ ခုနှစ်၊ ယနေ့အချိန်အထိ ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်နဲ့၂၀၁၈ ခုနှစ် အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး အမှုပေါင်း ၁၃၆၄၀ မှု ရှိခဲ့ပြီး ကာလတန်ဖိုးမှာ ကျပ်သန်းပေါင်း ၅၂၀,ဝ၀ဝ ကျော် ဖြစ်ပါတယ်။ ဒါ့အပြင် မူးယစ်ဗဟိုအဖွဲ့ရဲ့ အောက်မှာ ထိန်းချုပ်ဓာတု ပစ္စည်းများ ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှ တင်သွင်းလာတဲ့ ဓာတု ပစ္စည်းများ လမ်းလွဲမရောက်အောင်လည်း ကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ ဘိန်းစိုက်ပျိုးရာဒေသများမှာ လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေးနဲ့ စိုက်ပျိုးမြေဖော်ထုတ်ရေး၊ ရေနှင့်စွမ်းအင်ရရှိရေး၊ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံများ တည်ဆောက် ပေးခြင်းနဲ့ သာသနာရေး အဆောက်အဦများ တည်ဆောက်ပေးခြင်း၊ တစ်ပိုင်တစ်နိုင်သားငါးမွေးမြူရေးနှင့် အစားထိုးသီးနှံများ စိုက်ပျိုးနိုင်ရေးတို့ကိုလည်း အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။

ဒါ့ပြင် UNODCနဲ့ ပူးပေါင်းပြီး စိုက်ပျိုးမြေ ဖော်ထုတ်မှု၊ ကော်ဖီစိုက်ပျိုးသူများ သမဝါယမအသင်း တည်ထောင်မှု၊ သစ်တောများ စိုက်ပျိုးနိုင်ရေး စီမံခန့်ခွဲမှု၊ ကျွန်း စိုက်ခင်းများ ဖော်ထုတ်မှုနဲ့ ဈေးကွက် ဖော်ဆောင်မှုတွေကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

ဧည့်သည်တော်များ ခင်ဗျာ -

မူးယစ်ဆေးစွဲနေသူတွေကို ကုသပေးနိုင်ဖို့အတွက် မူးယစ်ဆေးစွဲကုသရေးဌာနကြီး (၂၆) ခုနဲ့ ဌာနငယ် (၄၇) ခုတို့ကိုလည်း ဖွင့်လှစ်ပြီး ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ကုသရေးနည်းလမ်း တစ်ခုအဖြစ် မက်သာဒုန်း တိုက်ကျွေးတဲ့ဌာန (၅၁) ခု ကိုလည်း မူးယစ်ဆေးဝါးသုံးစွဲမှုများတဲ့ မြို့နယ်များမှာ ဖွင့်လှစ်ဆ ောင်ရွက်ထားရှိပြီး ဖြစ်သလို One Stop Service စနစ်ဖြင့် ဆေးကုသပေးနိုင်ရေးကိုလည်း စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးကြောင့် ကူးစက်တတ်သောရောဂါများအန္တရာယ် လျှော့ချရေး လုပ်ငန်းတွေ ကိုလည်း UNAIDS၊ INGO၊ NGO များနဲ့ ပူးပေါင်းပြီး ဆောင်ရွက် နေပြီဖြစ်ပါတယ်။ ကုသရေးဝန်ဆောင်မှု ပေးသူများရဲ့ စွမ်းဆောင်ရည်နဲ့ ဝန်ဆောင်မှု အရည်အသွေး မြင့်မားရေး အတွက်ကိုလည်း နိုင်ငံတကာနဲ့ ပူးပေါင်းပြီး သင်တန်းများ ပို့ချပေးလျက် ရှိပါတယ်။

ပြန်လည်ထူထောင်ရေး အပိုင်းမှာတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက တာဝန်ယူပြီး ပြန်လည်ထူထောင်ရေးစခန်း (၁၂) ခုကို ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါတယ်။ ဒီစခန်းတွေမှာ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေ သင်ကြားပေးခြင်း၊ လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ပြင်ဆင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိပါတယ်။

ပြန်လည်ထူထောင်ပြီးသူတွေ လူ့အသိုင်းအဝိုင်းအတွင်းကို ပြန်လည်ရောက်ရှိတဲ့ အခါ ဆေးဝါးပြန်လည် မသုံးစွဲစေဖို့အတွက်ကိုလည်း စေတနာ့ဝန်ထမ်း အသင်းများ ဖွဲ့စည်းပြီး နောက်ဆက်တွဲ စောင့်ရှောက်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့ ပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲမှု လျော့နည်းစေဖို့ ကြိုတင်အသိပညာပေးတဲ့အနေနဲ့ မှုခင်း ကျဆင်းရေးယာဉ်တွေကို ရပ်ကွက်ကျေးရွာအဆင့်အထိ အရောက်သွားပြီး အသိပညာ ပေးခြင်း၊ နံရံကပ်စာစောင်နဲ့ ဆောင်ပုဒ်များ ဖြန့်ဝေခြင်း၊ ကျောင်း သင်ခန်းစာတွေမှာ ထည့်သွင်းသင်ကြားခြင်း၊ အသိပညာပေးပြပွဲ၊ ပြိုင်ပွဲများ ကျင်းပခြင်းနဲ့ ကျောင်းဆရာ/ ဆရာမများအတွက် အရည်အသွေး မြှင့်တင်ရေးဆိုင်ရာ သင်တန်းများ ပို့ချခြင်းတို့ကိုလည်း ဆောင်ရွက်လျက် ရှိပါတယ်။

ဒါ့အပြင် ပြန်ကြားရေးဝန်ကြီးဌာနကလည်း မူးယစ်ဆေးဝါးအန္တရာယ် ပြည်သူများထံ အသိပညာများ တိုက်ရိုက်ရောက်ရှိစေဖို့ ရည်ရွယ်ပြီး နယ်လှည့် စာကြည့်တိုက်များဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့က တစ်ဆင့်လည်း မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ သတင်း၊ တေးသီချင်းနဲ့ ဇာတ်လမ်းတွေကို တိုင်းရင်းသားဘာသာစကားမျိုးစုံဖြင့် ထုတ်လွှင့်ပေးခြင်းနဲ့ စာစောင်၊ ဂျာနယ်တို့မှာ ပညာပေး ဇာတ်လမ်းများ၊ ဆောင်းပါးများ၊ ကာတွန်းများ ထည့်သွင်း ဖော်ပြခြင်း စသည်ဖြင့် အသိပညာပေးမှုများ ဆောင်ရွက်လျက် ရှိပါတယ်။

နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအပိုင်းအနေနဲ့ ဒေသတွင်းနိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းစတက်အဖွဲ့ဝင်နိုင်ငံများနဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်လျက် ရှိတဲ့အပြင် နိုင်ငံတကာ အဖွဲ့အစည်းများ အပါအဝင် ကုလသမဂ္ဂနဲ့ လည်း ချိတ်ဆက်ဆောင်ရွက်လျက် ရှိပါတယ်။

ဧည့်သည်တော်များ ခင်ဗျာ -

ကျွန်တော့်အနေနဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကတိသစ္စာ ပြုခဲ့တဲ့အချိန်မှာ မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းဖို့ ပြောကြားခဲ့သလို မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ချိန်မှာလည်း မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းနိုင်ဖို့အတွက် အဓိက ထုတ်လုပ်၊ ဖြန့်ဖြူး၊ သိုလှောင်တဲ့ လက်ကြီးသမားတွေကို ဦးစားပေးနှိမ်နင်းဖို့၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေ ဖောဖောသီသီ ရောင်းဝယ်ဖောက်ကားနေတာတွေကို မသိချင်ယောင်ဆောင်ထားတဲ့၊ သိလျက်နဲ့ လွှတ်ထားတဲ့ ဖြစ်စဉ်မျိုးတွေ ဖြစ်လာရင် အဓိကတာဝန်ရှိသူတွေကို ဦးစားပေးပြီး အရေးယူမှုတွေ ပြုလုပ်ဖို့၊ ကွင်းဆက်ပျောက်သွားတဲ့၊ ပိုင်ရှင်မဲ့ ဖြစ်သွားတဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမှုတွေကိုလည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့၊ မူးယစ်ရဲတွေရဲ့ လုပ်ပိုင်ခွင့်ကို မြှင့်တင်ပေးပြီး တစ်ဖက်မှာလည်း ဆုပေးဒဏ်ပေးစနစ်ကို ထိထိရောက်ရောက်ဖြစ်အောင် ပြင်ဆင်ပေးဖို့၊ အခြေအနေအရ လိုအပ်ရင် ဗဟိုမှာ လျှပ်တစ်ပြက် ဖမ်းဆီးနိုင်တဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့တစ်ဖွဲ့ ထားရှိပြီး ဆောင်ရွက်ဖို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့မှာလည်း ကျွန်တော့်အနေနဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို တွေ့ဆုံပြီး အသေးစိတ် မှာကြားခဲ့ပြီးဖြစ်ပါတယ်။ ဧပြီလ ၁ ရက်နေ့ကနေ ဇွန်လ ၁၉ ရက်နေ့အထိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိတဲ့ အမှုပေါင်း ၂၂၄၁ မှု ရှိခဲ့ပြီးတော့ မူးယစ်တရားခံ စုစုပေါင်း ၃၁၇၅ ဦးကို အရေးယူထားပြီး ဖြစ်ပါတယ်။

ဘာဖြစ်လို့ ကျွန်တော်တို့အနေနဲ့ မူးယစ်ဆေးဝါး ပြဿနာကို အလေးထား ဦးစားပေးပြီး ဆောင်ရွက်နေရပါသလဲ။ ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်းမှာ တရားဥပဒေ စိုးမိုးရေးကော်မတီ အတွင်းရေးမှူးအနေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို လှည့်လည်သွားရောက်ခဲ့ချိန်မှာ ကျောင်းသား၊ ကျောင်းသူတွေဟာ ကျောင်းချိန် အတွင်းမှာကိုပဲ မူးယစ်ဆေးဝါးတွေ သုံးစွဲနေကြတာကို စိတ်မကောင်းဖွယ်ရာ ကြားသိတွေ့ရှိခဲ့ရပါတယ်။ စာသင်ကျောင်းတွေမှာတောင် မူးယစ်ဆေးဝါးကို ကျောင်းသား လူငယ်တွေ အဖိုးနည်းနည်းနဲ့ လက်လှမ်းမီ လွယ်လင့်တကူ သုံးစွဲနေကြတဲ့ သတင်းတွေ ကြားသိခဲ့ရပါတယ်။

ဒါဟာ အလွန် ရင်နာစရာ ကောင်းပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်၊ ကျွန်တော်တို့နိုင်ငံရဲ့ မျှော်လင့်ချက်တွေဖြစ်တဲ့ ဒီကနေ့ လူငယ်တွေဟာ မူးယစ်ဆေးဝါးတွေကို လွယ်လွယ်ကူကူရရှိပြီး မူးယစ်သားကောင်တွေ ဖြစ်နေကြရတာဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို ကျရှုံးမှုနွံတွင်းထဲ တွန်းပို့နေသလိုပဲ ကျွန်တော် ခံစားရပါတယ်။ ဘာဖြစ်လို့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မူးယစ်ဆေးဝါးတွေကို ဒီလိုမျိုး ဖောဖောသီသီ ရရှိနေကြတာလဲ။ ပြန်ကြည့်လိုက်ရင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဒဏ်ကြောင့် တရားဥပဒေစိုးမိုးရေးကို နယ်စပ်ဒေသတွေအထိ ပြည့်ပြည့်ဝဝ ခိုင်ခိုင်မာမာ ဖြန့်ကျက်နိုင်ခြင်း မရှိတဲ့အတွက် ဝေးလံခေါင်းပါးပြီး ဖွံ့ဖြိုးမှုနောက်ကျ ကျန်ရစ်ခဲ့တဲ့ ဒေသတွေမှာ ဘိန်းစိုက်ပျိုးမှု၊ ဘိန်းဖြူနဲ့ စိတ်ကြွဆေးဝါး ထုတ်လုပ်မှုတွေ ခိုင်မာအားကောင်းနေခဲ့ပြီး ထိရောက်စွာ နှိမ်နင်းနိုင်ခြင်း၊ ကိုင်တွယ် ဖြေရှင်းနိုင်ခြင်း လစ်ဟင်းမှုတွေကြောင့် ဖြစ်ပါတယ်။ လွယ်လွယ်ကူကူ ရရှိနိုင်မှုရဲ့ အကျိုး ဆက်အနေနဲ့ သုံးစွဲမှုတွေ မြင့်တက်လာနေတာတွေကို စိတ်မကောင်းဖွယ်ရာ တွေ့ရှိရပါတယ်။ လူငယ်လူရွယ်တွေ အကြားမှာ မူးယစ်ဆေးဝါး သုံးစွဲမှုနှုန်း မြင့်တက်လာတာနဲ့ အမျှ စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်ပြီး ရာဇဝတ်မှုတွေ ထူပြောလာတာတွေလည်း ဆိုးကျိုး သံသရာ ဖြစ်ပေါ်နေပါတယ်။

မကြာသေးခင်ကပဲ မန္တလေးတိုင်းဒေသကြီးမှာ မူးယစ်ဆေးဝါးတွေ ရောင်းဝယ် ဖောက်ကားနေတဲ့ သတင်းတွေ လူမှုကွန်ရက်ပေါ် ရောက်ရှိပြီး ပြန့်နှံ့လာတဲ့အတွက် တိုင်းဒေသကြီးအစိုးရရဲ့ အစီအစဉ်နဲ့ ဝင်ရောက်ဖမ်းဆီးခဲ့ရပါတယ်။ အဲဒီအနီးနားမှာ နေထိုင်ကြတဲ့ ပြည်သူတွေ မသိကြဘူးလား မေးကြည့်တော့ သိကြပါတယ်။ သူတို့ကို ရန်ရှာ အန္တရာယ်ပြုမှာကို စိုးရိမ်တဲ့အတွက် ဘယ်သူ့ကိုမှ သတင်းမပေးရဲကြဘူးဆိုတာ သိရပါတယ်။ ဒီအချက်ဟာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မှု ရရှိနိုင်ဖို့အတွက် အရေးကြီးတဲ့ အချက်ပေးမှုတစ်ရပ် ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်သူတွေ၊ သားသမီးတွေရဲ့ မိဘတွေ၊ ကျောင်းသား လူငယ်တွေရဲ့ ဆရာ၊ ဆရာမတွေ အနေနဲ့ မျိုးဆက်သစ် လူငယ်များရဲ့ ရှေ့ရေးမို့ မူးယစ်ဆေးဝါးနှိမ်နင်းရေးကို ကျွန်တော်တို့နဲ့ အတူ အလေးအနက်ထားကြဖို့ လိုအပ်ပါတယ်။

ဒီကနေ့ ဒီအချိန်မှာ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်လူငယ်တွေကို လူညွန့်တုံးစေမယ့် မူးယစ်ဆေးဝါးအန္တရာယ်ကို တားဆီးကာကွယ်ရန် တစ်နိုင်ငံလုံး၊ ပြည်သူတစ်ရပ်လုံးရဲ့ အမျိုးသားရေး တာဝန်ကြီးတစ်ရပ်အဖြစ် အရှိန်အဟုန် မြှင့်တင် ကြိုးပမ်းကြဖို့ အထူးပဲ အရေးကြီးပါတယ်။ ဒီကနေ့ ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ မူးယစ်ဆေးဝါးအန္တရာယ်ကို မတိုက်ဖျက်နိုင်ဘူးဆိုရင် နောင်လာမယ့် ဆယ်စုနှစ်အတွင်းမှာ ကျွန်တော်တို့နိုင်ငံရဲ့ အနေအထားဟာ မတွေးဝံ့စရာ အခြေအနေကို ဆိုက်ရောက်လာနိုင်ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို ဖြည်းဖြည်းချင်း ဝါးမျိုပြီး ကျွန်တော်တို့ရဲ့ လူငယ်တွေကို အညွန့်ချိုးနေတဲ့၊ ကျွန်တော်တို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ အနာဂတ်ကို တစ်စစီ နင်းချေပစ်နေတဲ့ ဒီ မူးယစ်ဆေးဝါး အန္တရာယ်ကို ကျွန်တော်တို့အားလုံး ပြည်သူနဲ့အတူ စုပေါင်းပြီးနှိမ်နင်းကြဖို့ အထူးအလေးအနက်ထား တိုက်တွန်းပြောကြားလိုပါတယ်။

ဧည့်သည်တော်များ ခင်ဗျာ -

ရှေ့ဆက်ပြီးတော့ ကျွန်တော်တို့အနေနဲ့ -

- မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနဲ့ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ် ဖောက်ကားမှုတွေ တိုက်ဖျက်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမိုမြှင့်တင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

- မူးယစ်ဆေးဝါးအန္တရာယ်ကို ပြည်သူတွေအကြားမှာ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ဖို့ ပညာရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ အစိုးရအဖွဲ့ အစည်းတွေအပြင် ကျွန်တော်တို့ရဲ့ ပုဂ္ဂလိက မီဒီယာတွေ၊ အရပ်ဖက် လူမှုအဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်သွားမှာ ဖြစ်ပါတယ်။

- မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ဆေးကုသပေးဖို့၊ ပြန်လည်ထူထောင်ပေးဖို့၊ လူ့အဖွဲ့အစည်း အတွင်းမှာ ပြန်လည်ပေါင်းစည်းနိုင်ဖို့ ပရဟိတအဖွဲ့အစည်းတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ ကျွန်တော်တို့ ပြည်သူတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

- ကျွန်တော်တို့ရဲ့ စာသင်ကျောင်းတွေရဲ့ အနီးအနားမှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ ကင်းစင်စေဖို့၊ ကျွန်တော်တို့ရဲ့ လူငယ်တွေအနီးနားမှာ မူးယစ်ဆေးဝါးတွေ လက်လှမ်းမီ ရရှိနေတာမျိုး မဖြစ်စေဖို့၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေအနေနဲ့ ကျောင်းသား၊ မိဘ၊ ဆရာ/ဆရာမတွေအပြင် လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကြိုးပမ်း ဆောင်ရွက်သွားကြ ရမှာ ဖြစ်ပါတယ်။

- တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်နဲ့ အောက်ခြေအထိ ဖွဲ့စည်းထားပြီးဖြစ်တဲ့ ဒေသဆိုင်ရာ မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေးအဖွဲ့တွေထံသို့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကား သယ်ယူပို့ဆောင်ခြင်းနှင့် စပ်လျဉ်းပြီး ပြည်သူများက တိုင်ကြားကြရန် လိုအပ်ပါတယ်။ ဒီအဖွဲ့များ ရဲ့ဆောင်ရွက်မှုတွေ၊ အားသာချက်၊ အားနည်းချက်၊ ထိရောက်မှုနဲ့ လိုအပ်ချက်တွေကို ပြန်လည်သုံးသပ်ပြီး ဒေသခံပြည်သူတွေ၊ ဒေသခံ လူမှုအဖွဲ့အစည်းတွေ ပါဝင်နိုင်ရေးကို လမ်းဖွင့်ပြီး ပိုပြီးထိရောက်၊ ပိုပြီး ခိုင်မာတဲ့ အပြောင်းအလဲတွေ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

- အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ဆက်စပ်ပြီးတော့လည်း တိုင်းရင်းသားဒေသတွေမှာ မူးယစ်ဆေးဝါး တားဆီးကာကွယ် နှိမ်နင်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ဒေသဖွံ့ဖြိုးရေးနဲ့ တရားဝင်စီးပွားရေးအခွင့်အလမ်းတွေ ရရှိနိုင်အောင်လည်း ကြိုးပမ်းဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။

- မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေး လုပ်ငန်းအဆင့်ဆင့်မှာ ပြည်သူတွေရဲ့ ပါဝင်မှုကို မြှင့်တင်နိုင်ဖို့ ဆုငွေချီးမြှင့်ရေးအစီအစဉ်တွေ၊ အကာအကွယ်ပေးရေး အစီအမံတွေ၊ သတင်း အချက်အလက် လုံခြုံရေး စနစ်တွေကို အရှိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

- ဒီလို ဆောင်ရွက်ရာမှာ သတင်းပေးသူတွေနဲ့ ပေးပို့လာတဲ့ သတင်းအချက် အလက်တွေရဲ့ လုံခြုံမှုကို အထူးဂရုပြုတဲ့အနေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ၊ ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ စပ်လျဉ်းပြီး သတင်းပေး တိုင်ကြားနိုင်မယ့် “မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာန” တစ်ခုကို ကျွန်တော်တို့ရဲ့ နိုင်ငံတော်သမ္မတရုံးမှာ ဖွဲ့စည်းထားရှိပြီး ဖြစ်ပါတယ်။ တိုင်ကြားသူတွေ၊ သတင်းပေးသူတွေအနေနဲ့ ဒီဌာနကို ဆက်သွယ်တိုင်ကြားနိုင်မယ့် ဖုန်းနံပါတ်၊ ဖက်စ်နံပါတ်၊ အီးမေးလ်လိပ်စာတွေကို အမြန်ဆုံး ထုတ်ပြန်ကြေညာပေးမှာ ဖြစ်ပါတယ်။ တိုင်ကြားသူတွေရဲ့ လုံခြုံရေး၊ သတင်းအချက်အလက် မပေါက်ကြားရေးအတွက် လုံခြုံမှု အဆင့်အတန်း သတ်မှတ် ဆောင်ရွက်တဲ့ လုပ်ထုံးလုပ်နည်း တစ်ရပ်ကိုလည်း ချမှတ်ပေးထားပြီး ဖြစ်ပါတယ်။

- မူးယစ်ဆေးဝါး စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းတွေကို ထိထိရောက်ရောက် ဖော်ထုတ်ပြီး ပြစ်ဒဏ်ချမှတ်နိုင်ဖို့၊ ဒီလို ဖော်ထုတ်ရာမှာလည်း ကွင်းဆက်အားလုံး မပျောက်ပျက်အောင် အဆုံးအထိ စုံစမ်း ဖော်ထုတ်နိုင်ဖို့၊ မူးယစ်တိုက်ဖျက်ရေးမှာ သတင်းပေါက်ကြားမှုတွေ မဖြစ်ပေါ်စေအောင် ဗဟိုအဖွဲ့ရဲ့ တိုက်ရိုက် ကွပ်ကဲကြီးကြပ်မှုအောက်မှာ “မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးအဖွဲ့” ကို သီးခြားဖွဲ့စည်းထားရှိပြီး ဖြစ်ပါတယ်။

- သတင်းပေးတိုင်ကြားသူတွေ ပေးပို့လာတဲ့ သတင်းအချက် အလက်တွေကို အခြေခံပြီး ဗဟိုမှာ ဖွဲ့စည်းထားတဲ့ အထူးအဖွဲ့ကို စေလွှတ်သွားမှာ ဖြစ်ပါတယ်။ အထူးအဖွဲ့ရဲ့ လှုပ်ရှား ဆောင်ရွက်မှုဆိုင်ရာ သတင်းအချက်အလက် မှန်သမျှ ပေါက်ကြားခြင်း မရှိအောင်၊ အချိန်တိုတို အတွင်း လျင်လျင်မြန်မြန် ဖြန့်ကျက်ပြီး လျှပ်တစ်ပြက် သွားရောက်ဖမ်းဆီးနိုင်အောင် အမိန့်ပေး ကွပ်ကဲမှု လမ်းကြောင်းကို အတိုဆုံးဖြစ်အောင် စနစ်တကျ ပြင်ဆင် ဆောင်ရွက်ထားရှိပြီးလည်း ဖြစ်ပါတယ်။

- သတင်းပေးတိုင်ကြားသူတွေရဲ့ တိုင်ကြားမှု၊ ဗဟိုမှာ ဖွဲ့စည်းထားတဲ့ အထူးအဖွဲ့ရဲ့ ဖော်ထုတ် ဖမ်းဆီးမှုတွေကြောင့် ဖော်ထုတ် အရေးယူမှုတွေ ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်တဲ့အချိန်မှာ မူးယစ်ကုန်သည်တွေ၊ ရောင်းဝယ် ဖောက်ကားသူတွေရဲ့ တရားမဝင် ပိုင်ဆိုင်မှုတွေကို သတင်းပေး တိုင်ကြားသူ၊ လက်ရဖမ်းဆီးသူနဲ့ နိုင်ငံတော်အစိုးရ သင့်တင့်လျောက်ပတ်တဲ့ အချိုးအစားနဲ့ ပြန်လည်ခွဲဝေပေးမှာ ဖြစ်ပါတယ်။ သတင်းပေးတိုင်ကြားသူတွေကို ထိုက်ထိုက် တန်တန်ဆုကြေး ချီးမြှင့်ပေးရာမှာ သူတို့ရဲ့လုံခြုံရေးကို အထူးဂရုပြုတဲ့အနေနဲ့ သတင်းထုတ်ပြန်ခြင်း ပြုလုပ်မှာ မဟုတ်သလို နိုင်ငံတော်ရဲ့ ချီးမြှင့်ငွေ ဖြစ်တဲ့အတွက် အခွန် ကင်းလွတ်ခွင့် အထူး အခွင့်အရေး ကိုလည်း ပေးအပ် သွားမှာ ဖြစ်ပါတယ်။

ဧည့်သည်တော်များ ခင်ဗျာ -

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ဒီနေ့အခမ်းအနားကို ကြွရောက် ချီးမြှင့်ကြတဲ့ ဧည့်သည်တော်များ၊ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ဖို့ ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြတဲ့ အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများ၊ ဝတ္ထုတို၊ ဆောင်းပါး စတဲ့ ပြိုင်ပွဲများမှာ အကဲဖြတ်ပေးကြတဲ့ အနုပညာ နယ်ပယ် အသီးသီးက ပညာရှင်ကြီးများနဲ့ ဒီနေ့အခမ်းအနား တက်ရောက်သူအားလုံးကို အထူး ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

ဒီနေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ်တဲ့ "Listen FIRST" ဆိုတဲ့အတိုင်း ကျွန်တော်တို့ မိသားစုတိုင်း အနေနဲ့ မိမိတို့ ကလေးသူငယ်များရဲ့ ခံစားချက်တွေကို ဦးစွာနားထောင် ပေးပြီး သူတို့လေးတွေရဲ့ စာရိတ္တမဏ္ဍိုင် ခိုင်မာဖို့၊ အနာဂတ်ဘဝဖွံ့ဖြိုးတိုးတက်ဖို့၊ ကျန်းမာဖို့နဲ့ ဘေးကင်း လုံခြုံဖို့အတွက် ကိုယ်စီတာဝန်ရှိတယ်ဆိုတဲ့ အသိနဲ့ စီမံဆောင်ရွက်ပေးကြပါ၊ ဝိုင်းဝန်းပံ့ပိုးကူညီပေးကြပါလို့ အလေးအနက် တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။