အဖိုးအနဂ္ဃထိုက်တန်သည့် လူ့ဘဝ

၁၃ ဒီဇင်ဘာ

 

''မနုဿတ ဘာဝေါ ဒုလ္လဘော'' ဟူသည့် တရားတော်နှင့်အညီ အလွန် ရခဲသောဘဝမှာ လူ့ဘဝဖြစ်သည်။ မျက်စိကန်းနေသည့် လိပ်တစ်ကောင် သည် အနှစ်တစ်ရာတွင် တစ်ကြိမ်သာ ပင်လယ်သမုဒ္ဒရာ ရေပြင်ထက်သို့ ဦးခေါင်းပေါ်ပြီး သမုဒ္ဒရာတွင် မျောပါနေသော ထမ်းပိုးတုံးအပေါက်သို့ စွပ်မိသည့် ''လိပ်ကန်း ထမ်းပိုး'' ကဲ့သို့ လူအဖြစ် ကြုံကြိုက်ရန်မှာ ထိုဥပမာကဲ့သို့ ခက်ခဲလှသည်။

 

တစ်ဖန် လက်သည်းပေါ်ရှိ မြေမှုန်နှင့် မဟာပထဝီမြေကြီးပေါ်မှ မြေမှုန်တို့ မနှိုင်းယှဉ်အပ်ပုံ ဥပမာကဲ့သို့ လက်သည်းတစ်ကော်မျှရှိသည့် လူ့ဘုံနှင့် အပါယ်လေးဘုံတို့ ပမာဏကွာခြားပုံကို မြတ်စွာဘုရားရှင် ဟောကြားထားပါသည်။ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောက တွင် လူဖြစ်ရန် ခဲယဉ်းသလို လူ့ဘဝ ပမာဏမှာလည်း နည်းပါးလွန်း ပါသည်။

 

အဆိုပါ လူအဖြစ် တရားများကို ဗုဒ္ဓဘာသာဝင်စစ်စစ်တို့အနေဖြင့် သိရှိနားလည်နိုင်ကြသော်လည်း များထိုလူတို့မှာမူ သိရှိနားလည်နိုင်စွမ်း နည်းပါး၍လော၊ အယူမှား၍လော မဆိုနိုင်ပါချေ။ ကမ္ဘာမြေပြင်တွင် လူအများ တိုးပွားများပြားလွန်းသောကြောင့် လောကမျက်မြင်အရ ကြည့်လျှင် လူဖြစ်ရလွယ်ကူလှသည်ဟု ဆိုချင်သူက ဆိုမည်ဖြစ်သည်။ စကြဝဠာ အနန္တ လောကဓာတ်တစ်ခွင်လုံးနှင့်ကြည့်မည်ဆိုလျှင် လူအဖြစ် စစ်စစ်ရှိနေသည်မှာ မြတ်စွာဘုရား ဟောကြားထားသကဲ့သို့ လက်သည်း တစ်ကော်စာမျှသာ ရှိနေသည်မှာ အမှန်တရားဖြစ်ပါသည်။

 

သတ္တဝါအနန္တတို့တွင် မိမိတို့ လူသားများလည်း ပါဝင်ပါသည်။ သံသရာတစ်ခွင်ရှိ လူ၊ တိရစ္ဆာန်၊ အပါယ်လေးဘုံ စသည်တို့တွင် အလုံးစုံ သော သတ္တဝါအားလုံး ကျင်လည်နေကြရပါသည်။ သံသရာလည်နေကြ ရပါသည်။ သင်နှင့်အနီးဆုံး မြေပြင်ပေါ်မှ ကြီးကြီး၊ သေးသေး သတ္တဝါတို့၏ ပမာဏကို မှန်းဆကြည့်မည်ဆိုပါက လူနှင့်သတ္တဝါ မည်သည့် အရာက ပိုများမည်ကို ခန့်မှန်းနိုင်မည်ဖြစ်သည်။ လူထက် သတ္တဝါ အရေအတွက်မှာ ပိုများမည်ဖြစ်၍ လူ့ဘဝမှာ ရခဲသည်ဟု ဆိုလိုရင်း ဖြစ်ပါသည်။

 

မိမိတို့ မည်သည့်မိဘထံသို့ မည်သို့ပင်ရောက်လာသည်ဖြစ်စေ လူဟူ၍ဖြစ်လာသည်မှာ ထူးခြားသည့် ကံ၊ ကံ၏အကျိုးပေးကြောင့်သာ လူဖြစ်လာရခြင်းဖြစ်ပါသည်။ မိမိဘဝမှာ နိမ့်ကျပါသည်ဟု လူမတန် ကံပုံချ၍လည်း မဖြစ်သင့်ချေ။ မိမိဘဝမှာ ကံကောင်းလှပါသည်ဟုလည်း အထင်မရောက်သင့်ချေ။ လက်ရှိဘဝ၏ ကောင်းဆိုးနှစ်တန်မှာ မိမိ အပေါ်တွင်သာ မူတည်နေပါသည်။ မည်သည့်အနေအထားရှိရှိ ဆိုးသောကံ၊ ကောင်းသောကံကို ပစ္စုပ္ပန်အချိန်တွင် မိမိကိုယ်တိုင် ဖန်တီးနိုင်သော အခွင့်အရေး ရှိနေသောကြောင့်ဖြစ်သည်။

 

လောကုတ္တရာ အလိုအရကြည့်လျှင် ပိုင်ဆိုင်ထားသော လက်ရှိဘဝ သည် ရပ်ပြစ်ရှစ်ပါး ကင်းလွတ်ပြီး ဘဝဂုဏ်ရည်တက်ကြောင်း အကြောင်း တရားများနှင့် ပြည့်စုံနေသော ရတောင့်ရခဲ လူ့ဘဝကြီး ဖြစ်ပါသည်။ ငြိမ်းအေးရာအစစ်အမှန် သာသနာနှင့်လည်း ကြုံကြိုက်နေပါသည်။ ကြိုးပမ်းအားထုတ်ပါက ဒုက္ခဆင်းရဲ သံသရာမှ လွတ်မြောက်နိုင်သော ဝိမုတ္တိကာလနှင့်လည်း ကြုံကြိုက်နေပါသည်။ လောကီအလိုအရ ကြည့်လျှင် ယခုဘဝတွင်ပင် မိမိလိုရာခရီးလမ်းသို့ မှန်မှန်ကန်ကန် ကြိုးပမ်းအားထုတ်နိုင်လျှင် ကံအကျိုးပေးအလျောက် ထိုက်သင့်သလို ရရှိပိုင်ဆိုင်နိုင်ပါသည်။

 

ထို့ကြောင့် လူအဖြစ် ကြုံရဆုံရခဲသော လက်ရှိဘဝတွင် မိမိအတွက်၊ မိမိ မိသားစုအတွက်၊ မိမိနိုင်ငံအတွက် အကျိုးများအောင် ကြိုးစားနိုင် ပါသည်။ ရရှိထားသော ကာလသည် မိမိအတွက် မိမိဘဝအတွက် အလွန်တန်ဖိုးကြီးမားပါသည်။ ရရှိထားသော ဘဝသည် မိမိသံသရာ အတွက် အဆုံးအဖြတ်ပေးနိုင်ပါသည်။ ရရှိထားသော လူ့ဘဝကို အချည်းနှီး၊ တန်ဖိုးမဲ့၊ ညစ်ထေးအောင် မပြုလုပ်သင့်ချေ။ ပြုလုပ်ပါက လက်သည်း တစ်ကော်စာဘဝမှ ကမ္ဘာမြေမှုန် ပမာဏဘဝသို့ ရောက်သွား နိုင်ပါသည်။

 

လက်ရှိပိုင်ဆိုင်ထားသော လူ့ဘဝသည်သာ မိမိဘဝကို အဆုံးအဖြတ် ပေးနိုင်သော အဖိုးအနဂ္ဃထိုက်တန်သည့် လူ့ဘဝ၊ အဖိုးအနဂ္ဃထိုက်တန် သည့် လူ့ဘောင်လောက ဖြစ်နေသည်ကို အထူးသတိချပ်သင့် ပါသည်။