အပစ်အခတ် ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးဆီ

MDN

နေပြည်တော် ၁ မေ

 

ငြိမ်းချမ်းရေးသည် မိမိတို့ နိုင်ငံသူနိုင်ငံသား ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တကြသည့် ဆန္ဒများအနက် ထိပ်ဆုံးမှာပါဝင်သည်။ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခများ၊ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် ဒေသများတွင် နေထိုင်ကြသည့် ပြည်သူများက အလိုလားဆုံးပင် ဖြစ်သည်။

 

တိုက်ပွဲများဖြစ်ပွားသည့်အခါ အေးချမ်းစွာ ဝမ်းစာရှာဖွေ၍မရ၊ လုံခြုံစွာ သွားလာနေထိုင်၍မရ၊ စိတ်ချ လက်ချအိပ်စက်နားနေခွင့်မရ။ လယ်ယာစိုက်ခင်း၊ ကျွဲနွားများနှင့် အိုးအိမ်တို့ကို စွန့်ခွာ၍ စစ်မက်ဘေးမှ လွတ်ရာဆီသို့ ထွက်ပြေးတိမ်းရှောင်ကြရသည်။ တိုက်ပွဲရှောင်စခန်းများမှာ ခိုလှုံ၍ ထောက်ပံ့ပေးကမ်းမှု များကိုသာ လက်ခံရယူအသက်ဆက်ကြရသည်။ စစ်ပွဲများ၏ဘေးဒဏ်ကို ခံစားကြရသူများမှာ လက်နက် ကိုင်ဆောင် ထားခြင်းမရှိသည့် အပြစ်မဲ့ပြည်သူများ၊ သက်ကြီးရွယ်အို၊ အမျိုးသမီးများနှင့် ကလေးငယ် များပင်ဖြစ်သည်။

 

လက်နက်ဆွဲကိုင် တိုက်ခိုက်မှုများရှိနေသရွေ့ မငြိမ်းချမ်းနိုင်သည်ကို လည်းကောင်း၊ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သရွေ့ မဖွံ့ဖြိုး၊ မတိုးတက်နိုင်သည်ကို လည်းကောင်း၊ မဖွံ့ဖြိုးမတိုးတက်သေးသရွေ့ ဆင်းရဲခြင်း သံသရာမှာသာ လည်နေဦးမည်ကိုလည်းကောင်း ပြည်သူများက ဘဝပေး အသိဖြင့်သိကြသည်။ နှစ်ပရိစ္ဆေဒကြာမြင့်လှပြီဖြစ်သည့် လက်နက်ကိုင် ပဋိပက္ခများကို မည်သူမျှ အလိုမရှိကြတော့။ သို့ဖြစ်သည့် အလျောက် ငြိမ်းချမ်းရေး၊ ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲရေး စသည်တို့အတွက် အားထုတ်ကြိုးပမ်းမှုမှန်သမျှကို စိတ်ဝင်တစားဖြင့် စောင့်ကြည့်လေ့လာ နားစွင့်ကြသည်။ ထွက်ပေါ်လာမည့်ရလဒ်ကောင်းများကိုလည်း မျှော်လင့်တကြီးဖြင့် စောင့်စား တတ်ကြသည်။ ပြည်သူများအားလုံး စစ်ကိုငြီးငွေ့လှပြီ။ ငြိမ်းချမ်း အေးချမ်းစွာ၊ ကြောက်ရွံ့ထိတ်လန့်မှုများ ကင်းရှင်း စွာ ရှင်သန်နေထိုင်ချင်ကြပြီ

 

ဧပြီ ၃၀ ရက် နံနက်ပိုင်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)မှ ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်း မဟာမိတ် အဖွဲ့လေးဖွဲ့ဟု သိကြသော KIO, MNTJP, PSLF, ULA တို့ မူဆယ်မြို့တွင် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။ တပ်မတော်က တစ်ဖက်သတ်ရပ်ဆိုင်းပေးထားခဲ့သည့် အပစ်ရပ်ကာလလေးလမှာ ပြည့်သွားပြီ ဖြစ်သည့်အလျောက် တိုက်ပွဲများ အရှိန်အဟုန်မြှင့် ပြန်လည်ဖြစ်ပွားလာမည်ကို ဒေသတွင်းနေ တိုင်းရင်းသား ပြည်သူများစိုးရိမ်မှု မြင့်တက်လာချိန်တွင် ကျင်းပခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲဖြစ်ရာ အချိန်အခါ သင့်သည်ဟု ဆိုရမည်ဖြစ်သည့် အပြင် အဆိုပါ တွေ့ဆုံဆွေးနွေးပွဲမှ အပြုသဘောဆောင်သည့် အလားအလာများ ထွက်ပေါ်လာခြင်း အတွက်လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရသည်။

 

ထို့အပြင် ထာဝရငြိမ်းချမ်းရေးရရှိစေရေး ဦးတည်လျက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို ပိုမိုထိရောက်စွာ ဆက်လက်ဆောင်ရွက်နိုင်ရန် အလို့ငှာ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ချက်တစ်ရပ်ကို ဧပြီ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ရာ နှစ်ဖက်ယုံကြည်မှု တည်ဆောက်ရေးနှင့် လက်နက်ကိုင်ပဋိပက္ခများ လျှော့ချနိ်ုင်ရေးတို့အတွက် အခွင့်အလမ်းများ ပိုမိုတိုးမြှင့် ဖြစ်ပေါ်လာခဲ့ပြီဖြစ်သည်။

 

မျက်မှောက်ခေတ်တွင် နိုင်ငံရေးပြဿနာများကို စားပွဲဝိုင်းများတွင် ဆွေးနွေးခြင်းဖြင့် အဖြေရှာနိုင်ကြပြီ ဖြစ်သည်။ ထာဝရငြိမ်းချမ်းရေး အတွက် လျှောက်လှမ်းကြရမည့် ခရီးစဉ်လမ်းကြောင်းလည်း ရှိနေပြီဖြစ်သည်။ လက်နက်ဆွဲကိုင်တိုက်ခိုက်နေရန်မလိုဘဲ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းဖြင့် စစ်ပွဲသံသရာနှင့် ပြည်သူလူထု ထိခိုက်ခံစားကြရသည့် ဘေးဒုက္ခတို့ကို ရှောင်ရှားနိုင်ကြမည်လည်း ဖြစ်သည့် အလျောက် တပ်မတော်၏စစ်ရေးလှုပ်ရှားမှုအားလုံး ရပ်ဆိုင်း ထားသည့်ကာလအတွင်း ထာဝရငြိမ်းချမ်းရေးဆီဦးတည်သည့် အပြုသဘောဆောင်သော လုပ်ငန်းစဉ် တို့ကို စိတ်နှလုံးရွှင်ပျစွာ ဆောင်ရွက် နိုင်ကြပါစေကြောင်း။

 

မြန်မာ့အလင်း