အနုပညာရှင်များ၏ အကယ်ဒမီရင်ခုန်သံများ

တွေ့ဆုံမေးမြန်း-ခင်ဇာလီ

ရန်ကုန် ၁၀ မတ်

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကြီးသည် သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ အနုပညာရှင်တိုင်းအတွက် ၎င်းတို့၏ အနုပညာကို အသိအမှတ်ပြုပေးသည့် မှတ်တိုင်တစ်ခု ဖြစ်သည်။ ယင်းကြောင့် အနုပညာရှင်တိုင်း အကယ်ဒမီရွှေစင်ရုပ်တု ရရှိနိုင်ရန်ရင် ခုန်မျှော်လင့်ကြသည်။

လာမည့် မတ် ၂၃ ရက်တွင် ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲကြီးကို မင်းဓမ္မလမ်းရှိ Myanmar Event Park ၌ ကျင်းပတော့မည် ဖြစ်သည်။ ယခုနှစ်သည် ယခင်နှစ်များထက် ဇာတ်ကားအရေအတွက် များပြားခြင်းကြောင့် ပရိသတ် တစ်ကြိုပေးခြင်းခံရသည့် အနုပညာရှင်များစွာလည်း ရှိနေသည်။ ယင်းတို့အနက်မှ အနုပညာရှင်အချို့နှင့် တွေ့ဆုံစဉ် သူတို့၏ အကယ်ဒမီ ရင်ခုန်သံများကို ရုပ်ရှင်ချစ် ပရိသတ်ကြီးအတွက် ဝေမျှကာ ရေးသားဖော်ပြလိုက်သည်။

နေတိုး

ဒီနှစ်မှာ ကျွန်တော်ပါဝင်တဲ့ ဇာတ်ကား လေးကားလောက်တော့ ရှိပါတယ်၊ ဒီနှစ်အတွက် အကယ်ဒမီရင်ခုန်သံက ပရိသတ်မျှော်လင့်ခွင့်ရတဲ့ သရုပ်ဆောင်မှုတွေနဲ့ နှစ်စဉ်နှစ်တိုင်း ပရိသတ် မျှော်လင့်နိုင်အောင် ကြိုးစားခွင့်ကိုပဲ ပိုလိုချင်တယ်၊ အကယ်ဒမီရခြင်း၊ မရခြင်းက အကယ်ဒမီပေးတဲ့ အချိန်ရောက်မှ သိရမှာပါ၊ အဲဒါကြောင့် ကြိုတင်ရင်ခုန်နေတာမျိုးတော့ မရှိပါဘူး၊ ဒါပေမဲ့ ပရိသတ်အားလုံးရဲ့ ဆန္ဒပြည့်ဝပါစေလို့ပဲ ဆုတောင်းပေးပါတယ်။

ဟိန်းမင်း 

အကယ်ဒမီအတွက် ရင်ခုန်ပေမယ့် သိပ်လည်းမခုန်ရဲဘူး၊ ရရင်တော့ကောင်းတာပေါ့၊ မရရင် စိတ်သောက ရောက်မယ်၊ အဲဒီတော့ ကိုယ့်စိတ်ကိုယ် တည်ငြိမ်အောင် ထားထားတယ်၊ ရရင်တော့ အတိုင်းမသိ ဝမ်းသာမိမှာပါ၊ လောလောဆယ်တော့ ပရိသတ်တွေအားလုံးက ပေးတဲ့ဆုကို ရထားတယ်၊ ပရိသတ်တွေ အားလုံးက ဦးဟိန်းမင်းကို ရစေချင်သလို ကိုယ့်အနုပညာ အသိုင်းအဝိုင်း အကုန်လုံးကလည်း ရစေချင်တယ်၊ ဒါပေမဲ့ ကိုယ်လိုချင်တိုင်းလည်း ရချင်မှရတာ၊ ကံတရားနဲ့လည်း ဆိုင်တယ်၊ အဲဒီအတွက် အများကြီးတော့ မမျှော်လင့်ထားပါဘူး။

ထွန်းထွန်း

ကျွန်တော်သွားကြည့်ခဲ့တဲ့ ဇာတ်ကားတွေ အနေအထားအရ ပြောရမယ်ဆိုရင် ရသင့်ရထိုက်တဲ့သူ အများကြီး တွေ့ရတယ်၊ ကိုနေတိုးဆိုလည်း တာတေကြီးရော၊ ထာဝရအမေရော၊ အခြားဇာတ်ကားတွေလည်း ရှိတယ်၊ ဒီနှစ်မှာဇာတ်ကား အရေအတွက်ကလည်း ၅၃ ကားဆိုတော့ ကျွန်တော်တို့ အနုပညာညီအစ်ကိုတွေရဲ့ ဇာတ်ကားတွေလည်း အများကြီးပါပဲ၊ ကိုမြင့်မြတ်တို့၊ ကိုပြေတီဦးတို့ ဇာတ်ကားတွေလည်း အများကြီးဆိုတော့ တကယ်ကို ပျော်စရာကြီးပါပဲ၊ အမျိုးသမီးထဲကဆို မအူဝဲဆိုလည်း အားလုံးက ရစေချင်ကြတယ်၊ မဆင့်ဆိုလည်း ရစေချင်ကြတယ်၊ အကုန်လုံး ဖြစ်သင့်ဖြစ်ထိုက်တဲ့၊ ရသင့်တဲ့သူတွေ အကုန်လုံး ရသွားမယ်လို့ ယုံကြည်ထားပါတယ်၊ ရင်ခုန်စရာလည်း အရမ်းကောင်းပါတယ်။

အိန္ဒြာကျော်ဇင်

ရင်ဘတ်ထဲကဓားက အူဝဲကိုယ်တိုင်လည်း အားရတယ်၊ ဒီဇာတ်ကားက အူဝဲအတွက် လုပ်ကွက်လည်း ရခဲ့တဲ့ ဇာတ်ကားတစ်ကားပါ၊ အူဝဲအနေနဲ့ကတော့ ကိုယ်ကြိုးစားထားတာလေးကို အရာထင်ချင်ပါတယ်၊ ကိုယ်တကယ်ကို အစွမ်းကုန် ကြိုးစားထားတယ်၊ နောက်တစ်ခုက ကိုယ့်ကို အကယ်ဒမီ အလွန်ရစေချင်တဲ့ ပရိသတ်တွေအတွက် ရချင်ပါတယ်၊ အဲဒီလို ခံစားချက်တော့ရှိတယ်။

ဒါပေမဲ့လည်း အကယ်ဒမီနဲ့ ပတ်သက်လို့ အူဝဲတို့ ဆုံးဖြတ်လို့လည်း မရဘူး၊ ပြောလို့လည်း မရပါဘူး၊ သူ့အချိန်တန်မှပဲ သိရမှာပါ၊ လောလောဆယ်မှာတော့ ပရိသတ်တွေက ကိုယ့်ကိုအကယ်ဒမီ အလွန်ရစေချင်တဲ့စိတ်၊ ကိုယ့်အနုပညာသမားတွေရဲ့ ကိုယ့်အပေါ်ရစေချင်တဲ့ စိတ်တွေ တွေ့နေရတာနဲ့တင် ကျေနပ်တယ်၊ ပျော်တယ်၊ အလွန်လည်း ကျေးဇူးတင်ပါတယ်၊ အဲဒါနဲ့တင် အူဝဲအတွက် လုံလောက်နေပါပြီ။

ယဉ်လတ်

ရင်ကတော့ ခုန်တာပေါ့နော်၊ ဒါပေမဲ့ အလွန်ကြီးလည်း မခုန်ရဲပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်မှာ တကယ် အရည်အချင်းရှိတဲ့ ဝါရင့်သရုပ်ဆောင်ကြီးတွေ၊ ကိုယ်လေးစားအားကျရတဲ့ သရုပ်ဆောင်တွေ အများကြီးရှိတယ်၊ ဇာတ်ပို့ထဲမှာလည်း အရမ်းကောင်းတဲ့ အရမ်းတော်တဲ့သူတွေ ရှိတဲ့အခါကျတော့ မှန်းလည်း မမှန်းရဲဘူး၊ ရင်လည်း မခုန်ရဲသေးပါဘူး၊ ညီမကို ရစေချင်တဲ့ ပရိသတ်ကြီးကို ကျေးဇူးအများကြီး တင်ပါတယ်လို့ အလွန်ကြီးလည်း မမျှော်လင့်ထားပါနဲ့လို့ ပြောချင်ပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အမြဲတမ်းအကောင်းဆုံး ကြိုးစားသွားပါမယ်။