အနုပညာရှင်များ၏ ၂၀၁၇ အကယ်ဒမီ ရင်ခုန်သံများ

၂၁ မတ်

 

မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲကြီးသည် သက်ဆိုင်ရာ နယ်ပယ် အသီးသီးရှိ အနုပညာရှင်တိုင်းအတွက် ၎င်းတို့၏ အနုပညာကို အသိအမှတ်ပြုပေးသည့် မှတ်တိုင်တစ်ခုဖြစ်သည်၊ ယင်းကြောင့် အနုပညာရှင်တိုင်း အကယ်ဒမီ ရွှေစင်ရုပ်တု ရရှိနိုင်ရန် ရင်ခုန်မျှော်လင့်ကြသည်။ နှစ်စဉ် နှစ်တိုင်း အကယ်ဒမီပွဲကြီး နီးလာသည်နှင့်အမျှ အနုပညာ အသိုင်းအဝိုင်းရှိ အနုပညာရှင်၊ အတတ်ပညာရှင်များသည် အကယ်ဒမီဆုအတွက် ရင်ခုန်မျှော်လင့်ကြသည်။ ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်သူများက ကိုယ်တိုင်အတွက် ရင်ခုန်ကြသည်။ အခြားသူများက သူတို့အတွက် ရင်ခုန်ပေးကြသည်။ ယခုလည်း ၂၀၁၇ ခုနှစ် အကယ်ဒမီဆု ချီးမြှင့်ပွဲကြီး ကျင်းပရန် သုံးရက်သာ လိုတော့သည်။ ဒီနှစ် အကယ်ဒမီဆုအတွက် ပရိသတ် တစ်ကြိုပေးခြင်း ခံရသည့် အနုပညာရှင်များအပြင် အနုပညာ အသိုင်းအဝိုင်းမှ အနုပညာရှင် အချို့နှင့် တွေ့ဆုံစဉ် သူတို့၏ အကယ်ဒမီ ရင်ခုန်သံများကို ပရိသတ်ကြီးအတွက် ရေးသားဖော်ပြလိုက်ပါသည်- 

 

ဒါရိုက်တာ စင်ရော်မောင်မောင်

 

 

ကျွန်တော် မျှော်လင့်တာကတော့ လူတိုင်းက မိမိနဲ့အတူ လုပ်တဲ့သူတွေ အားလုံးကို ဆုတွေ ဆွတ်ခူးစေချင်တာပါ။ ဒါက ရိုးသားစွာ ပြောတာပါ။ 

 

ကိုယ့်ကားမို့ ကိုယ်ပြောတာ မဟုတ်ပါဘူး၊ လူတိုင်းကတော့ အိပ်မက် မက်ခွင့်ရှိတာပဲ၊ ကျွန်တော်လည်း  ကျွန်တော့် အိပ်မက်လေးကို မက်ခွင့်ရှိတယ်လို့ ထင်တယ်။ အလိုချင်ဆုံး ဆုကတော့ မေသန်းနုနဲ့ ထုတ်လုပ်သူကို ပိုပြီးဆွတ်ခူးစေချင်တယ်။ ဒါပေမယ့် ကျန်တဲ့သူတွေကိုလည်း ဆွတ်ခူးစေချင်တယ်။ ထုတ်လုပ်သူကတော့ သူရဲ့စေတနာ၊ မေတ္တာအတွက်ပါ။ မဆင့်ကတော့ သားအတွက်ပါ။ ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ မင်းသား၊ မင်းသမီး၊ ဇာတ်ပို့၊ ဇာတ်ရံ၊ တေးဂီတဆိုလည်း ဓိရာမိုရ်တို့ကို ရစေချင်တယ်။

 

ရဲအောင် 

 

 

ဒီနှစ်က ဇာတ်ကားတွေကလည်း ၅၃ ကား လောက်ရှိတယ်၊ ဇာတ်ကားတွေကလည်း ရသအစုံပါတယ်။ သရုပ်ဆောင်တွေကလည်း ကြိုးစားထားကြတယ်။ အခုကြားနေတာကတော့ အားလုံးပြောနေကြတဲ့ အတိုင်းပဲ မဆင့်လည်း ကြားတယ်။ အူဝဲလည်း ကြားတယ်။ နေတိုးလည်း ကြားတယ်။ ပြေတီဦးလည်း ကြားတယ်။ အနုပညာရှင် အကုန်လုံးကတော့ အကယ်ဒမီအတွက် ရင်ခုန်ကြတာပါပဲ၊ အစ်ကိုကတော့ ကိုယ့်အနုပညာ မောင်နှမ အားလုံးကို ရစေချင်ပါတယ်။

 

ခန့်စည်သူ

 

 

ဒီနှစ်ကတော့ ဇာတ်ကားတွေ များတဲ့အတွက် ကောင်းပါတယ်၊ ပြိုင်ဆိုင်မှုပြင်းထန်တာပေါ့၊ အပြိုင်အဆိုင်ရှိတော့ တိုးတက်တာပေါ့။ ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆု အနေနဲ့လည်း သက်ကြီး၊ ဝါကြီးတွေကို ပေးဖို့လည်း ရှိတယ်ဆိုတော့ ကျွန်တော်တို့ အနေနဲ့လည်း တက်ရောက်ပြီး ဂါရဝပြုသင့်တဲ့ အခမ်းအနားမျိုးပါ။

 

ဒါရိုက်တာ သားညီ

 

ကျွန်တော်ကတော့ အားလုံးအတွက် ရင်ခုန်တယ်၊ အကုန်လုံးက ကျွန်တော့် ဘော်ဒါတွေချည်းပဲ၊ ကိုယ့်ရဲဘော်ရဲဘက်တွေချည်းပဲ၊ ဘယ်သူပဲရရ ကျွန်တော်က လက်ခုပ်တီး အားပေးမှာပဲ၊ တကယ်ကို အရည်အချင်းရှိတဲ့ တကယ်ကို စစ်မှန်တဲ့ အနုပညာရှင်တွေကို ပေးဖြစ်ပါစေလို့ပဲ ကျွန်တော် ဆုတောင်းပါတယ်။

 

နေမင်း

 

 

ဒီနှစ် အကယ်ဒမီပေးပွဲက တက်ဖြစ်မှာပါ၊ ဘယ်သူတွေ ရမလဲဆိုတော့ အကုန်လုံးတော့ ကြားနေတာပဲ၊ ကိုနေတိုးက တာတေကြီးမှာ ရမယ်လို့ပြောတယ်။ မြင့်မြတ်ကလည်း အမှောင်မှာ ရွာတဲ့မိုးတိမ် (ကျွန်)လို့ ပြောတယ်။ ကိုပြေတီဦးကိုကျတော့ ရင်ဘတ်ထဲကဓားနဲ့ ရနိုင်တယ်လို့ထင်တယ်၊ ပိုင်ဖြိုးသုလည်း နေဝင်အိပ်တန်းတက်နဲ့ ကြားတယ်။ ကြားတာတော့ အစုံပါပဲ။ ကျွန်တော်ကတော့ အကုန်လုံးကို ရစေချင်တယ်။

 

နေမျိုးအောင် 

 

 

အကယ်ဒမီကတော့ ကျွန်တောတို့ အနုပညာသမားတွေအတွက် တကယ်ကို တန်ဖိုးမဖြတ်နိုင်တဲ့ ဆုတစ်ဆုပါ။ အောင်မြင်တဲ့ မှတ်တိုင် တစ်ခုလို့လည်း ပြောလို့ရတယ်။ အကုန်လုံးကလည်း လိုချင်ကြတယ်။ အပြိုင်အဆိုင် ကြိုးစားကြတယ်။ ကျွန်တော်ကတော့ အကယ်ဒမီပေးပွဲကို နှစ်တိုင်းတက်တယ်၊ ကိုယ့်ရဲ့အနုပညာ ညီအစ်ကို မောင်နှမတွေ ဘယ်သူပဲရရ ဝမ်းသာပီတိ လက်ခုပ်သံတွေနဲ့ ကြိုဆိုနေတုန်းပဲ။

 

ကျော်ကျော်

 

 

ဒီနှစ် အကယ်ဒမီက တော်တော်ကို ပြိုင်ဆိုင်မှု ပြင်းထန်တယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မရဖူးသေးတဲ့ သူတွေရော။ မရတာကြာပြီဖြစ်တဲ့ သူတွေရော ပါနေတဲ့ အတွက်ပါ။ အမျိုးသမီး ဇာတ်ဆောင်ဆုဆိုရင် ကျွန်တော် ရင်အခုန်ဆုံးပဲ၊ မအူဝဲတို့၊ မဆင့်တို့၊ ပိုင်ဖြိုးသုတို့၊ ရွှေမှုံရတီတို့၊ အေးမြတ်သူတို့လည်း ရှိတယ်။ သူတို့တွေထဲက ဘယ်သူပဲရရ ရတဲ့သူက ထိုက်တန်တယ်လို့ ထင်တယ်။ အမျိုးသား ဇာတ်ဆောင်ဆုမှာတော့ ကိုနေတိုးရယ်၊ ကိုပြေတီဦးရယ် နှစ်ယောက်ထဲက တစ်ယောက်ပဲ ဖြစ်မယ်လို့ ထင်ပါတယ်။ ဇာတ်ပို့ဆုတွေကလည်း ရသင့်ရထိုက်တဲ့သူတွေ ရမှာပါပဲ။

 

ဇေရဲထက်

 

 

ရင်ခုန်သံကတော့ ကျွန်တော့်ရှေ့က စီနီယာတွေ အကုန်လုံးအတွက် ရင်ခုန်ပါတယ်။ အားလုံးက သေချာကြိုးစား ထားကြတာဆိုတော့ အကုန်လုံးကို ရစေချင်တာပဲ။ မအူဝဲကလည်း တော်တာပဲ၊ ရွှေမှုံရတီဆိုလည်း ငယ်ငယ်ရွယ်ရွယ်လေးနဲ့ တော်တာပဲ။ သူရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးလေး တစ်ခုကို သူအကောင်းဆုံးဖြစ်အောင် လုပ်ပြနိုင်ခဲ့တယ်လေ။ သရုပ်ဆောင် ငယ်ငယ်လေးဆိုတော့ အခွင့်အရေး နည်းတာပေါ့။ အခွင့်အရေးနည်းတဲ့ ကားတွေထဲမှာမှ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ခဲ့တဲ့ လူငယ်တစ်ယောက် အနေနဲ့ သူ့ကိုလည်း ရစေချင်တယ်။ သမ္ဘာကြီးတစ်ယောက် အနေနဲ့ သရုပ်ဆောင်သွားတဲ့ မအူဝဲကိုလည်း ရစေချင်တယ်။ ဘယ်သူရရ ကျွန်တော်ကတော့ ဝမ်းသာပျော်ရွှင်စွာနဲ့ အားပေးမှာပါ။

 

ကြည်ဖြူသျှင်

 

 

ဒီနှစ် အကယ်ဒမီကတော့ ကိုယ့်အတွက် ရင်ခုန်စရာ မရှိဘူး၊ သူများအတွက် ရင်ခုန်တယ်၊ ဒါရိုက်တာ အနေနဲ့ဆိုရင် အကယ်ဒမီ စင်ရော်မောင်မောင်(ဦးမောင်)အတွက် ရင်ခုန်တယ်။ နောက် ကိုဝိုင်းအတွက် ရင်ခုန်တယ်။ မင်းသမီးဆိုရင် အိန္ဒြာကျော်ဇင်(အူဝဲ)အတွက် ရင်ခုန်တယ်။ နောက် မေသန်းနု (မဆင့်)အတွက် ရင်ခုန်တယ်။ မင်းသားဆိုရင် ကိုနေတိုးကို တာတေကြီးအတွက် ရင်ခုန်တယ်။ ဒါက ဒီနှစ်အတွက် အစ်မရဲ့ ရင်ခုန်သံပါ။

 

ရတနာဗို

 

 

ဒီနှစ်တော့ မအူဝဲကိုလည်း ရစေချင်တယ်။ ကိုနေတိုးကိုလည်း ရစေချင်တယ်။ ကိုပြေတီဦးကိုလည်း ရစေချင်တယ်။ မကစ်(ဝတ်မှုံရွှေရည်)၊ မသု(ပိုင်ဖြိုးသု)တို့ကိုလည်း ရစေချင်တယ်။ အကုန်လုံးကို ရစေချင်တယ်။ သရုပ်ဆောင် တစ်ယောက်အတွက် အကယ်ဒမီဆုဆိုတာ အလွန်ကို အရေးပါပါတယ်။ ကိုယ့်အလုပ်မှာ အောင်မြင်တဲ့ မှတ်တိုင် တစ်ခုလို့လည်း ပြောလို့ရပါတယ်။ အကုန်လုံးကလည်း လိုချင်တယ်။ အားလုံးကလည်း အပြိုင်အဆိုင် ကြိုးစားကြတယ်။ အဲဒီအတွက် အားလုံးကို ရစေချင်တယ်။

 

အိမ့်ချစ်(တေးသံရှင်)

 

 

အားလုံးကလည်း အနုပညာ အသိုင်းအဝိုင်းက မောင်နှမတွေပါပဲ၊ အကောင်းဆုံး ကြိုးစားတဲ့သူကို ရစေချင်တယ်၊ ဒါပေမယ့်လည်း ဘယ်သူမှ မကြိုးစားတဲ့သူရယ် မရှိဘူး၊ မကြိုးစားရင် နေရာတစ်ခု ရမလာဘူး။ မအောင်မြင်နိုင်ဘူး။ ကိုယ်ကိ်ုယ်တိုင်လည်း အနုပညာသမား ဖြစ်တဲ့အတွက်ကြောင့် အနုပညာ လောကမှာ ဘယ်လောက်အထိ ကြိုးစားရတယ်ဆိုတာကို သိတယ်။ အားလုံးကြိုးစားကြတယ် ဆိုတာကိုလည်း သိပါတယ်။ ဒါပေမယ့် အကယ်ဒမီဆိုတာ နတ်ကြီးတယ်လို့ ပြောသလိုပဲ သူနဲ့ကံပါတဲ့သူမှ ရတာဆိုတော့ အားလုံး အတွက်တော့ အိမ့်ချစ်က ရင်ခုန်ပါတယ်။ အားလုံးကြိုးစားထားတဲ့ သူတွေထဲမှာမှ တကယ်ကို ထိုက်ထိုက်တန်တန်နဲ့ ကံပါတဲ့သူကတော့ ရမှာပါ။ ရပါစေ။

 

ခင်ဇာလီ၊ ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)