အန္တရာယ်ဟူသမျှ အတူတကွရင်ဆိုင်

mdn

နေပြည်တော် ၇ ဇန်နဝါရီ

 

ကုန်လွန်ခဲ့သောနှစ် ၂၀၂၀-၂၀၂၁ သည်ကား ကျန်ခဲ့ပြီ။

 

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် တည့်တိုးရင်ဆိုင်ခဲ့ကြရသော တစ်နှစ် ကြာ ခရီးတာသည် ခက်ခဲလှသော နှစ်တစ်နှစ် ဖြစ်ခဲ့သည်။ ကမ္ဘာ ကြီးနှင့်အတူ ကိုဗစ်ရောဂါကို ရင်ဆိုင်ခဲ့ကြရသည်ဟုဆိုနိုင်သော် လည်း၊ ဆင်းရဲချို့တဲ့သောနိုင်ငံ၊ နည်းပညာအတတ်ပညာ အားနည်းသော နိုင်ငံတစ်ခုအနေဖြင့် ဖြတ်သန်းကျော်လွှားရခြင်းဖြစ်သည့် အတွက် ပို၍သတိကြီးကြီးထားခဲ့ရ၊ ပို၍အင်အားစိုက်ထုတ်ခဲ့ရ သည်ကားအမှန်။

 

သို့သော်လည်း မိမိတို့နိုင်ငံသည် အခြားနိုင်ငံများကဲ့သို့မဟုတ်ဘဲ အားနည်းချို့ယွင်းချက်များ ရှိနေသည်ကို ကိုယ့်ဘာသာကောင်းကောင်း နားလည်ခဲ့ကြသည့်အတွက် ပြည်သူလူထုအများစု က ဝိုင်းဝန်းပူးပေါင်းကြခြင်း၊ တာဝန်ခွဲဝေယူကြခြင်း၊ တတ်နိုင်သည့် နေရာက အားဖြည့်ပေးကြခြင်းဖြစ်သည်ဟု ယူဆပါသည်။

 

ချို့ယွင်းချက်များစွာရှိနေသည့် နိုင်ငံဖြစ်သောကြောင့် ပြည်သူ တို့သည် ကိုယ့်ကိုယ်ကိုယ် အားကိုးရမည်ဟူသည့် အသိစိတ်ပိုမို ရှိနေခြင်းလည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့်လည်း ရောဂါကူးစက် ပြန့်ပွားမှုနှင့် တိမ်းပါးပျက်စီးမှု အရေအတွက်သည် ပြည်တွင်းနှင့် နိုင်ငံတကာက အချို့သောသူများ မှန်းဆခဲ့သလို များပြားမြင့်တက် မသွားခြင်း ဖြစ်ပါမည်။

 

ဤနေရာတွင် ပြည်သူလူထု၏ တာဝန်ခွဲယူမှု၊ အခြေခံ ကျန်းမာရေးစည်းမျဉ်းများကို လိုက်နာမှု စသည်တို့က အဆိုးရွားဆုံး အခြေအနေကိုရောက်မသွားအောင် ထိန်းပေးခဲ့သည်ဟု ဆိုရပါမည်။

 

ထို့ပြင် မြန်မာနိုင်ငံရှိကျန်းမာရေးဆိုင်ရာ ညာရှင်များ ကျန်းမာ ရေး ဝန်ထမ်းများ အရေအတွက်သည်ပိုးတွေ့ လူနာ အရေအတွက်နှင့် ယှဉ်လျှင် ဝန်နှင့် မျှတလှသည်မဟုတ်။ လက်ရှိအလုပ်လုပ် နေကြသည့် ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများလျော့နည်းသွားမည်ဆိုပါက မတွေးဝံ့စရာ။ သူတို့ထူထူမတ်မတ် မဖြစ်ဘူးဆိုလျှင် ရောဂါပိုး ပျံ့နှံ့မှုအောက်တွင် ပြည်သူအများအပြား ခွေယိုင်လဲပြိုသွားနိုင်သည်။ ထို့ကြောင့်လည်း ထိုတာဝန်ကြီးသူ တို့ကို ကာကွယ်ဆေး အမြန်ဆုံးထိုးနှံနိုင်ပါစေဟူ၍ ပြည်သူလူထု က ဆုတောင်းနေကြရသည်။

 

တကယ်တော့ ယခု ခရစ်နှစ် ၂၀၂၁ ခုနှစ်တွင် လူသားတို့သည် အစဉ်အလာမပျက် နှစ်သစ်ကို ကြိုနေသကဲ့သို့ပင် ကိုဗင်ကာကွယ်ဆေးကို မျှော်တလင့်လင့် ဆုတောင်းကြိုဆိုနေကြပေသည်။ ဘယ်သောခါများ မိမိတို့ ကာကွယ် ဆေး ထိုးနှံရပါမလဲ။ မိမိတို့၏ သက်ကြီးရွယ်အို မိဘဘိုးဘွားများ ဘယ်တော့များ ကာကွယ်ဆေး ထိုးခွင့်ရပါမလဲ။ ယနေ့ မြန်မာနိုင်ငံရှိ ကိုဗစ်ထိန်းချုပ်ရေး ဗဟို ဌာနများ၊ ဆေးရုံများတွင် အသက်နှင့်ရင်းကာ ရောဂါပိုးနှင့် အနီးကပ် တိုက်ပွဲဝင်နေကြရသော ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများ ဘယ်တော့ကာကွယ်ဆေးထိုးနှံကြရပါမလဲ ဟူသည့် မျှော်လင့်ချက် မေးခွန်းများဖြင့် နှစ်သစ်ကို ကြိုနေကြ၏။

 

ပြည်သူတို့ မျှော်လင့်နေကြသော ကာကွယ်ဆေးများ ရောက်လာရန် မကြာတော့ပြီဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားသည့်အခါ မြန်မာ ပြည်သူတို့ အားရဝမ်းသာဖြစ်ရ၏။

 

အိန္ဒိယနိုင်ငံနှင့် စာချုပ်ချုပ်ဆိုဝယ်ယူထားသော ကိုဗစ်ရောဂါ ကာကွယ်ဆေး ရောက်လာတော့သည်။ ပထမဆုံးအသုတ်ဆေးများ ရောက်လာသည်နှင့် ကျန်းမာရေးဝန်ထမ်းများကို ဦးစွာထိုးနှံပေးရန် အစီအစဉ်သည် ဖေဖော်ဝါရီလထဲတွင် ဖြစ်လိမ့်မည်ဟုဆို၏။

 

အမှန်မှာ ကိုဗစ်ကပ်ရောဂါက ကမ္ဘာနာဖြစ်သောကြောင့် နိုင်ငံ အားလုံးက ကာကွယ်ဆေးကို မျှော်ကြသည်။ အလုံးလိုချင်နေကြ သည်ချည်း။ မိမိတို့နိုင်ငံအနေဖြင့် ရသင့်သလောက် ရရှိဖို့လိုသလို အခြားနိုင်ငံများနှင့် မျှဝေယူရန်လည်း လိုသည့်အတွက် တစ်နိုင်ငံလုံး ထိုးနှံနိုင်ရန် တစ်ဆင့်ချင်း စီမံရမည်ဖြစ်ပါသည်။ ထို့ကြောင့် ကာကွယ်ဆေး အပြည့်အဝထိုးနှံနိုင်ခြင်း မရှိသေးမီကာလတွင် ကျန်းမာရေး အခြေခံစည်းမျဉ်းစည်းကမ်းများကို လိုက်နာ ဆောင်ရွက်ကြဖို့သည် အလွန်အရေးကြီးပါသည်။

 

အောင့်အည်းသည်းခံရင်း အားတင်းရင်း၊ အောင်မြင်သည်ထိ မြန်မာနိုင်ငံသားပြည်သူတို့ အန္တရာယ်ဟူသမျှ အတူတကွ တွန်းလှန် ကျော်ဖြတ်ကြပါစို့။ ။

 

မြန်မာ့အလင်း