အညွန့်စား ဂေါ်ရခါးပင်များ စိုက်ပျိုးရောင်းချနေရသဖြင့် ဝန်းသိုမြို့နယ် ကျေးရွာအချို့ အဆင်ပြေ

ဝန်းသို  ၂၁   မတ် 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ကောလင်းဈေးကွက်ကို အမှီပြု၍ စီးပွားရေးတွက်ခြေကိုက်သည့် အညွန့်စားဂေါ်ရခါးပင်းများ စိုက်ပျိုးရောင်းချနေရသဖြင့် အဆင်ပြေ လျက်ရှိကြောင်း သိရသည်။

“ဂေါ်ရခါးသီးကိုစိုက်ပျိုးရာတွင် တစ်နှစ်အတွင်း ဇွန်လမှအောက်တိုဘာလအထိ ခူးဆွတ်ရောင်းချရပါတယ်။ အခုက ဂေါ်ရခါးညွန့်ကို စားသုံးသူများလာတော့ ဂေါ်ရခါးညွန့်ကို စိုက်ပျိုးကြသူတွေက ဂေါ်ရခါးသီးအပင်ကို နိုဝင်ဘာလမှာ စစိုက်ပျိုး ပြီး ဖေဖော်ဝါရီလထဲမှာ အညွှန့်ကို ဖြတ်တောက်၍ ဈေးထဲမှာ ရောင်းချကြပါတယ်"ဟု ဝန်းသိုမြို့နယ် ဇီးဖြူပင်ကျေးရွာမှ ဂေါ်ရခါးစိုက်ပျိုးရောင်းချသူ ဦးစိုးပိုင်ကပြောပြသည်။

“ဂေါ်ရခါးအသီးစိုက်ပျိုးတယ်ဆိုရင် တိုင်ထောင်၊ စင်ထိုးရတာတွေပြုလုပ်ရပါတယ်။ ဂေါ်ရခါအညွန့်စားစိုက်ပျိုးရင် တိုင်ထောင်၊ စင်ထိုးမပြုလုပ်စရာမလိုဘူး။ ဂေါ်ရခါးအသီးက အခြားမြို့များတွေက ဝင်လာတဲ့အသီးတွေလည်းရှိတော့ အရောင်းအေးပါတယ်။ဒါကြောင့် စားသုံးသူများတဲ့ ဂေါ်ရခါးအညွန့်ကိုပဲ စိုက်ပျိုးသူတွေများလာပါတယ်"ဟု ဂေါ်ရခါးအညွန့်စိုက်ပျိုးရောင်းချသူတစ် ဦးက ပြောသည်။ 

ယခုအခါ ဂေါ်ရခါးအညွန့်စိုက်ပျိုးရောင်းချသူများ သည် ဂေါ်ရခါးအသီးအရင့်တစ်လုံးကို ငွေကျပ် တစ်ရာဖြင့် ဝယ်ယူစိုက်ပျိုးလျက်ရှိရာ ဂေါ်ရခါးအညွန့်များကို များများဖြတ် တောက်ပါက အညွန့်ပွားများ များစွာထွက်ရှိပြီး ဂေါ်ရခါးအညွန့်အား တစ်နှစ်ပတ်လုံး ရောင်းချနေရကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)