အညာမြေ နေပူထဲက တူယှဉ်နွှဲပျော် မန်းရွှေစက်တော်

၂၆ ဖေဖော်ဝါရီ

 

 

အညာမြေဟု ပြောလိုက်သည်နှင့် မြန်မာပြည် အလယ်ပိုင်း မကွေးတိုင်းဒေသကြီးကို ပြေးမြင်မိကြမည်ဖြစ်သည်။ ဆောင်းနှင့် နွေရာသီဖြစ်သော ပွင့်လင်းရာသီ ရောက်ရှိလာသဖြင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ခရီးသွား အပမ်းဖြေ ထွက်ကြလေ့ရှိသည်မှာ မြန်မာတို့၏ ချစ်စရာဓလေ့ဟု ဆိုရပေမည်။

 

 

မကွေးတိုင်းအတွင်း အထင်ကရ ဒေသများတွင် ဘုရားဖူး ခရီးသွားများ စည်ကားနေလေ့ရှိကြသည်။ ထိုကဲ့သို့ စည်ကားလှသည့် ဘုရားများတွင် မြန်မာနိုင်ငံ၌ ရက်ရှည်ကျင်းပသော မန်းရွှေစက်တော် ဘုရားပွဲတော်ကို ချန်ထား၍ ရမည်မထင်ပေ။

 

 

 

 

မန်းရွှေစက်တော် ဘုရားပွဲတော်သို့ ဘုရားဖူးလာမည်ဆိုလျှင် ခရီးသည် ၉၀ ရာခိုင်နှုန်း နီးပါးသည် မကွေးမြို့ကို ဖြတ်သန်းသွားရမည် ဖြစ်သည်။ မကွေးမြို့၏ အနောက်ဘက် ဧရာဝတီမြစ်ကူး တံတားကို ဖြတ်သန်း၍ မင်းဘူး မြို့သို့ ၇ မိုင်နှင့် ထိုမှတစ်ဆင့် ၃၆ မိုင်ခရီးကို တစ်နာရီခွဲခန့်မျှ မောင်းနှင်လျှင် မန်းရွှေစက်တော် ပါဒစေတီ ဘုရားပွဲတော်သို့ ရောက်ပြီဖြစ်သည်။ မန်းရွှေစက်တော် ဘုရားပွဲကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်တွင် ဖွင့်လှစ် လျက်ရှိပြီး ယခုနှစ်တွင် ဇန်နဝါရီ ၂၁ ရက်က ပွဲတော်ဖွင့်လှစ်ခဲ့ပြီး ဧပြီ ၁၇ ရက် သင်္ကြန်နှစ်ဆန်း တစ်ရက်အထိ သုံးလခွဲခန့် ကျင်းပမည်ဖြစ်သည်။

 

 

ကိုယ်ပိုင်ကားနှင့်ဖြစ်စေ ပုံမှန်လိုင်းကားများဖြင့်ဖြစ်စေ လာမည်ဆိုလျှင် မကွေးမြို့ကားကြီးကွင်းမှ ရွှေစက်တော် ဘုရားသို့ ပြေးဆွဲပေးနေသည့် အောင်ကမ္ဘာလိုင်းကားများဖြင့် သွားရောက်နိုင်မည်ဖြစ်သည်။ ပဒေါင်းလမ်းဆုံကွေ့၊ ရွှေစက်တော် သစ်တောထိန်းသိမ်းရေးအဆင်း မန်းချောင်းတံတားထိပ်နှင့် မန်းရွှေစက်တော် အဝင်မုခ်ဦးတို့တွင် ရွှေကြိုခေါ် ဧည့်ကြိုများက စီးကြိုကြသည်။

 

 

ရွှေကြိုတစ်ဦးက "တည်းကျောင်းခက သုံးသောင်းကနေ တစ်သိန်းအထိ ရှိပါတယ်။ နေရာနဲ့ အခန်းအနေအထားအရ သတ်မှတ်ထားတာပါ။ လူစည်ကားတဲ့ ရက်ဆိုရင်တော့ တည်းခိုဆောင်ဈေးက အပြောင်းအလဲ ဖြစ်လေ့ ရှိပါတယ်" ဟု ပြောကြားသည်။

 

 

မန်းရွှေစက်တော်ဘုရားတွင် အောင်မြေ ကိုးဌာန တည်ရှိသည်။ အောက်စက်တော်ရာ၊ အထက်စက်တော်ရာ၊ ချင်းဘုရား၊ ကလျာဏီသိမ်၊ ဒုတိယစေတီ၊ သစ္စာဒီပကအောင်မြေ၊ မုဆိုးတောင်စေတီ၊ မြားကျစေတီ၊ နှစ်ကျိပ်ရှစ်ဆူတို့ ဖြစ်သည်။ ထိုနေရာများအပြင် ဘုရားဖူးများ အချိန်ရပါက မုဆိုးဒူးထောက်မှတစ်ဆင့် တောင်ကြော တစ်လျှောက်ရှိနေသည့် သိကြားပုန်းတောင်နှင့် ရဟန္တာခြေတော်ရာတို့အထိ ခရီးဆက်ရင်း ရွှေစက်တော် ဘုရားကြီး၏ သမိုင်းကို လေ့လာနိုင်မည် ဖြစ်သည်။ ကိုယ်ပိုင်ကားဖြင့် လာရောက်ကြသူများက အထက်စက်တော်ရာ တောင်ပေါ်သို့ ကားလမ်းမှတက်ရောက်နိုင်သည်။ လိုင်းကားဖြင့် လာရောက်သူများသည် အောက်စက်တော်ရာမှ အထက်စက်တော်ရာ ကိုးခန်းကြီးသို့ ပြေးဆွဲပေးနေသည့် လိုင်းကားများဖြင့်လည်း တက်ရောက်နိုင်မည်ဖြစ်သည်။

 

 

လူငယ် လူရွယ်များအဖို့ တပျော်တပါး အဖွဲ့လိုက် အောက်စက်တော်ရာ တောင်ခြေမှ အထက်စက်တော်ရာ တောင်ပေါ်သို့ စောင်းတန်းကြီးလေးသွယ်မှ တက်ရောက်ရင်း စောင်းတန်းတစ်လျှောက် ဈေးသည်များ၏ လက်ဆောင်ပစ္စည်းများကို ဝယ်ယူကြည့်ရှုနိုင်မည် ဖြစ်သည်။ ထို့အပြင် စောင်းတန်းအတက် အလှူခံများကိုလည်း အလှူငွေ ပေးလှူနိုင်ကြသည်။

 

 

ပွဲတော်အတွင်း ငါးဆယ်တန်၊ တစ်ရာတန်နှင့် နှစ်ရာတန်များကို အုပ်လိုက်ကိုင်ပြီး အကြွေလဲပေးသည့် အမျိုးသမီးတစ်ဦးက "တစ်သောင်းကို ရှစ်ထောင်ငါးရာနဲ့ လဲပေးတဲ့လူရှိသလို ကိုးထောင်နဲ့ လဲပေးသူလည်းရှိတယ်။ ကျွန်မကတော့ ကိုးထောင်နဲ့ လဲပေးတယ်" ဟု ပြောသည်။

 

 

ရွှေစက်တော် ဘုရားပွဲတော်၏ အထင်ကရ ပုံရိပ်များတွင် မန်းချောင်းဘေး၌ အစီအရီရှိနေသည့် ယာယီ ဝါးတည်း ခိုဆောင်များလည်း အပါအဝင်ဖြစ်သည်။ ပွဲတော်ကာလတွင် မန်းချောင်းဘေး၌ မျောတိုင်၊ ဝါး၊ သက်ငယ်မိုး၊ ထရံကာတို့ဖြင့် ဆောက်လုပ်ထားသည့် ယာယီတည်းခိုဆောင်တို့ကို တွေ့မြင်ရမည် ဖြစ်သည်။

 

 

နှစ်စဉ် ဘုရားပွဲတော်အတွက် တည်းခိုဆောင်နှင့် စားသောက်ဆိုင် အဆောက်အအုံပေါင်း တစ်ထောင့်ငါးရာကျော် ဆောက်လုပ်ရပြီး သဘာဝသစ်သား၊ ဝါးများဖြင့် ဆောက်လုပ်ရသဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန် ယခုနှစ်တွင် ဂေါပကအဖွဲ့က ကြိုးစားဆောင်ရွက်နေသည်ဟု ဂေါပက ဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြောကြားသည်။

 

 

တစ်နိုင်ငံလုံးမှ ဘုရားဖူးများ နှစ်စဉ်လာရောက် ဖူးမြော်ကြသဖြင့် ပွဲတော်ရာသီတွင် ဘုရားဖူး ဧည့်သည်တို့အတွက် ရင်ဆိုင်ရသည့် အဓိက အခက်အခဲများတွင် တည်းခိုဆောင်ရရှိရေးလည်း ပါဝင်သည်။ ဘုရားဖူးများ အဆင်ပြေစေရန် ဂေါပကအဖွဲ့က ဈေးနှုန်းများ သတ်မှတ်ပေးထားသော်လည်း အခါကြီးရက်ကြီးတွင် ဘုရားဖူး အများအပြား ရောက်လာပါက တည်းခိုဆောင်ဈေးများ အဆမတန်မြင့်တက်ခြင်းနှင့် ကြုံရမည်ဖြစ်သည်။ ပုံမှန်အားဖြင့် ဘုရားဂေါပကအဖွဲ့မှ မန်းချောင်းဘေးရှိ တည်းခိုဆောင်များကို တစ်ရက် ကျပ်သုံးသောင်းနှင့် မန်းချောင်းဘေး မဟုတ်သည့် တည်းခိုဆောင်များကို ကျပ်နှစ်သောင်းဟု သတ်မှတ်ထားပြီး သတ်မှတ်ချက်အတိုင်း မဟုတ်ပါက ဂေါပကအဖွဲ့သို့ လာရောက်တိုင်တန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

 

မန်းရွှေစက်တော် ဘုရားပွဲတော်ကြီး ကျင်းပရာတွင် သစ်တောပြုန်းတီးမှု သက်သာစေရေးအတွက် သစ်မျောတိုင်များအစား တည်းကျောင်းများ ဆောက်လုပ်ရာတွင် (Steel Struture) စတီးချောင်းများ အသုံးပြု ဆောက်လုပ်ထားသည်ဟု မန်းရွှေစက်တော်ဘုရား လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ပြောကြားသည်။

 

 

ရွှေစက်တော်ဘုရားပွဲတော်ကြီးတွင် နှစ်စဉ်တည်းကျောင်းများ ဆောက်လုပ်ရာ၌ မျောတိုင်းပေါင်း တစ်သိန်းကျော် ကုန်ကြခဲ့ရာမှ ယခုနှစ်တွင် စတီးချောင်းများဖြင့် တည်းကျောင်းများ ဆောက်လုပ်သည်ဖြစ်၍ သစ်တောပြုန်းတီးမှု လျော့နည်းသွားမည်ဖြစ်ကြောင်း ၄င်းကဆက်လက် ပြောကြားသည်။

 

 

“စတီးချောင်းတွေနဲ့ မန်းရွှေစက်တော် ဘုရားပွဲတော် တည်းကျောင်းတွေ ဆောက်ဖို့ကို ပြီးခဲ့တဲ့နှစ်ကတည်းက အကောင်အထည်ဖော်ဖို့ ဆောင်ရွက်ခဲ့တာပါ။ ဒီနှစ်မှာတော့ လက်တွေ့ အကောင်အထည်ဖော်သွားမှာပါ။ စတီးချောင်းတွေနဲ့ ဆောက်ရင် သစ်တောပြုန်းတီးမှုတွေ တစ်နှစ်တစ်သိန်းကျော် လျော့နည်းသွားမယ်၊ နောက်နှစ်တွေမှာလည်း တည်းကျောင်းဆောက်ဖို့ စတီးချောင်းတွေက ပြန်သုံးနိုင်မှာဖြစ်တဲ့အတွက် မန်းရွှေစက်တော် ဘုရားပွဲတော် အချိန်တွေမှာ တည်းကျောင်းနဲ့ ပတ်သက်လို့ စီမံခန့်ခွဲမှု ပိုပြီး လွယ်ကူလာမယ်လို့ မြင်ပါတယ်“ဟု လူမှုရေးဝန်ကြီးက ပြောကြားခဲ့သည်။

 

 

တည်းကျောင်းများဆောက်ရာတွင် ယခင်နှစ်များက တည်းကျောင်းတစ်ကျောင်းလျှင် ငွေကျပ် တစ်သိန်းခွဲမှ တစ်သိန်းခုနစ်သောင်းအထိ ကုန်ကျခဲ့ပြီး တစ်ရာသီအတွင်းသာ အသုံးပြုခဲ့ရကြောင်း၊ ယခုနှစ်တွင် တစ်ကျောင်း လျှင် ငွေကျပ်(၇)သိန်းမှ (၁၀)သိန်းအထိ ကုန်ကျနိုင်သော်လည်း နောက်နှစ်များတွင် တည်းကျောင်းများ အသစ် ဆောက်လုပ်စရာမလိုဘဲ ပြန်လည်အသုံးပြုနိုင်မည်ဖြစ်၍ (၅)နှစ်တာ ပွဲကာလ ကျင်းပခဲ့လျှင် စတီးချောင်းများ တန်ဖိုးရနိုင်သည်ဟု သိရသည်။

 

 

"တည်းကျောင်း ဆောက်လုပ်တဲ့နေရာမှာ အမာခံတိုင်တွေကို စတီးချောင်းတွေ အသုံးပြုသွားမှာပါ။ ကျန်အမိုး၊ အကာတွေကိုတော့ ထရံ၊ သက်ငယ်တွေကို အသုံးပြုသွားမှာပါ" ဟု ဒေါက်တာခင်မောင်အေးက ပြောကြားသည်။

 

 

"အပြင်ဘက် ပွဲဈေးတစ်လျှောက်မှာတော့ စားသောက်ဆိုင်တွေက အများကြီးပါ။ မြန်မာစာစားမလား၊ တရုတ်စာ စားမလား၊ လက်ဖက်ရည်၊ ကော်ဖီ၊ အသုပ်၊ မုန့်ဟင်းခါး အကုန်အစုံရတယ်။ အဆင်ပြေမယ့်ဆိုင် ဝင်စားရုံပါပဲ။ ခေါင်းပေါ်ရွက်ပြီး ထမင်းဟင်းလိုက်ရောင်းတဲ့ ဈေးသည်တွေလည်း ရှိသလို၊ မုန့်လက်ဆောင်းသည်၊ အသုပ်သည်၊ အကြော်သည်နဲ့ မုန့်သည်ပေါင်းစုံကို ပွဲခင်းတစ်လျှောက်တွေ့နိုင်ပါတယ်။ ကျွန်တော်ကတော့ ဒေသထွက် အစားအစာ ဝက်မြစ်ဥ(ခ) မြေစာဥလေးတွေ ဝယ်စားရတာ တော်တော်လေး ခံတွင်းတွေ့တယ်။ သနပ်ခါးကြိုက်တဲ့ မမများအတွက် အိမ်ပြန်လက်ဆောင် သနပ်ခါးတုံး လှလှတွေကို စိတ်ကြိုက် ရွေးဝယ်နိုင်ပါတယ်။ မှိုခြောက်၊ မျှစ်ခြောက်များနဲ့ သစ်သီး ယိုများကိုလည်း တစ်လက်စတည်း ဝယ်နိုင်ပါသေးတယ်" ဟု ဈေးသည်များ၏ တစာစာ ပြောဆိုနေကြသည်ကို ကြားမြင်တွေ့ရှိခဲ့ရသည်။

 

 

လွန်ခဲ့သည့် ဆယ်စုနှစ်များကမူ ရွှေစက်တော် ဘုရားပွဲတော်သို့ သွားရန် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလှသည်။ ဖုန်တထောင်းထောင်းနှင့် မြေလမ်းမှ သွားကြရသည်။ ယခုအချိန်တွင်တော့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် နေပြီဖြစ်သလို နှစ်စဉ် မန်းချောင်းကို ဖြတ်ကူးရသည့် ယာယီလှေတင်ဝါးတံတားနေရာတွင် ကွန်ကရစ် တံတားကိုလည်း အခိုင်အမာ ဆောက်လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

 

 

ထိုကွန်ကရစ်တံတား ဆောက်လုပ်နိုင်ခြင်းကြောင့်လည်း မိုးရာသီ မန်းချောင်း ရေကြီးချိန်တွင်ပင်လျှင် ရွှေစက်တော်သို့ ၁၂ ရာသီ သွားရောက်ဖူးမြော်နိုင်ပြီး သဘာဝတောတောင်နှင့် မန်းချောင်း၏ အလှကို ခံစားနိုင်ပြီ ဖြစ်သည်။

 

 

“မန်းချောင်းရေ ကြည်ချက်ကတော့ ရေအောက်က ကျောက်စရစ်ခဲလေးတွေတောင် အကုန်မြင်နေရတယ်။ ရေကအေးစိမ့်ပြီး ချိုးလို့ကောင်း ဆော့လို့ကောင်း။ တစ်ညလုံး ကားစီးလာလို့ ပင်ပန်းတဲ့ အမောအပန်းတွေတောင် ရေချိုးလိုက်တာနဲ့ တစ်ခါတည်း အကုန်ပြေသွားတာ။ ဘောကွင်းငှားပြီး ရေဆော့မယ်ဆိုလည်း ရပါတယ်။ တစ်ကွင်း တစ်ထောင်ကျပ်ပါ"ဟု ဘောကွင်းငှားသူက ပြောသည်။

 

 

တောင်ဝှေးထိပ်တွင် စာကပ်၍ အနှိပ်သည်များ ဟိုဒီလှုပ်ရှားသွားကြရင်း "အညောင်းအညာပြေ အနှိပ်ခံချင်တယ် ဆိုရင်တော့ ရွှေစက်တော်ရဲ့ရိုးရာ အနှိပ်သည်တွေကို အနီးအနားမှာ လှမ်းခေါ်လိုက်ပါ။ တစ်ခါနှိပ် ၃၀ဝ၀ ကျပ် ဝန်းကျင်ပါ" ဟု ဆိုကြသည်။

 

 

"မန်းရွှေစက်တော်မှာတော့ နံနက် အရုဏ်တက် ၅ နာရီ လောက်ဆိုရင် ဆွမ်းခံကြွတဲ့ သံဃာတော်များကို ဆွမ်းထွက် လောင်းရတဲ့ ကြည်နူးမှုက ဘာနဲ့မှ လဲလို့မရတဲ့ ကြည်နူးမှုမျိုးပါ။ ဆွမ်းလောင်းချင်ရင်တော့ ညကတည်းက တည်းခိုဆောင်ဝန်း အပြင်ဘက်မှာ ကြိုပြောထားလို့ရပါတယ်" ဟု ဆွမ်းချက်ပေးလိုသူများက ဆိုကြသည်။

 

 

ဇန်နဝါရီလ ပွဲတော်ဖွင့်ပွဲမှစ၍ ဘုရားဖူးများ၊ ဈေးသည်များဖြင့် စည်ကားလျက်ရှိရာ ပွဲတော်ကြီး ပြီးလျှင် ရွှေစက်တော်ဒေသသည် တိတ်ဆိတ်ငြိမ်သက် သွားမည်ဖြစ်ပေသည်။ သို့သော်လည်း ရခိုင်ရိုးမခြေရှိ စက်တော်ရာက တည်ငြိမ်စွာ ရှိနေသလို အေးမြမြမန်းချောင်းကလည်း တသွင်သွင် စီးဆင်းနေဦးမည် ဖြစ်ပေသည်။

 

ဇွဲထက်ရှင်