အညာဒေသ အလှူရှင်လောင်းလှည့်ပွဲများ ဘုံခုနှစ်ဆင့်လှည်းနှင့် ရွှေလှည်းများသာ အသုံးပြုမှုများလာ

မန္တလေး  ၁    ဒီဇင်ဘာ

 

အညာဒေသ အလှူရှင်လောင်း လှည့်ပွဲများတွင် ဘုံခုနှစ်ဆင့်လှည်း၊ ရွှေလှည်း၊ ငွေလှည်း၊ စိန်လှည်းများကိုသာ အသုံးပြုမှုများလျက်ရှိရာ  အလှူပွဲများအတွက်  ကြိုတင်ငှားရမ်းမှုများပြားလာကြောင်း  ဘုံခုနှစ်ဆင့်လှည်းနှင့် ရွှေလှည်း ငွေလှည်းအငှားလိုက်သူ ဦးကျောက်ခဲထံမှ သိရသည်။

 

လက်ရှိကာလ အညာဒေသအလှူ ရှင်လောင်းလှည့်ပွဲများတွင် အလှူဒါယကာသမီးသားတို့မှာ အခြား ရှင်လောင်းနား ဖောက်သည်များနှင့်မတူ တမူထူးခြားအောင်ပြုလုပ်လေ့ရှိသည်။ အလှူဒါယိကာမသမီး နားဖောက်သည်များကို ယခင်ကရွှေလှည်း ငွေလှည်းပတ္တမြားလှည်းများ ငှားကာတင်ဆောင်ကြသည်။ ယခုအခါ ဆန်းသစ်သောဘုံခုနှစ်ဆင့် လှည်းများဖြင့် တင်ဆောင်လာကြသည်။

 

ရှင်လောင်းလှည့်ပွဲဟုဆိုသည်နှင့် ဘုရားကားစည်တော်ကြီး ကန်သာအိုးရွက် အလှူရံကိုင်  ကွမ်းတောင် ပန်းတောင်ကိုင် တံခွန်လုံးကိုင်အပျိုများကို ရှေ့မှထားကြသည်။ ထို့နောက်တွင် အလှူဒါယကာ အလှူဒါယိကမ များ လိုက်ကာနောက်တွင် ရှေ့ဝန်းနောက်ဝန်းများ ရံထားကြသည်။ ရှင်လောင်းလှည့်တန်းများထဲတွင် ဆိုင်းအဖွဲ့သုံးဖွဲ့ကို ထည့်သွင်းထားပြီး ဆိုင်းအဖွဲ့နောက်တွင် ရှင်လောင်းမြင်းများ ထားကြသည်။ မြင်းများ နောက်တွင်လှည်းယာဉ်တို့ထားကြသည်။

 

လက်ရှိကာလ အညာဒေသအလှူရှင်လောင်းလှည့်ပွဲများတွင်  ဘုံခုနှစ်ဆင့်လှည်း ရွှေလှည်း ငွေလှည်း၊ ပတ္တမြားလှည်း၊ စိန်လှည်းမျာကိုသာ ငှားရမ်းအသုံးပြုမှုများပြားလာပြီး လှည်းတစ်စီးငှားခမှာ ခရီးအနီးအဝေး အလိုက် ငွေကျပ်တစ်သိန်း အထိပေးရကြောင်း သိရသည်။

 

တိမ်တမန်