အညာစာ . . .ဟင်းလျာများ

(ပဲကြီးဆူးပုပ်နှပ်၊ မြူရွက်သုပ်နှင့် ငရုတ်သီးဆားထောင်း)

 

ဒီနေ့နံနက် ဈေးထဲအသွား ဟင်းရွက်အထမ်းသည်ဆီမှာ မြူရွက်လတ်လတ်ကြီးတွေ အစည်းလိုက် တွေ့ရလို့ မေးကြည့်တဲ့အခါ အညာကုန်ရထားက ဖောက်သည်ယူလာတာဖြစ်ကြောင်း ပြောပြပါတယ်။ မြူရွက်တို့၊ ထနောင်းရွက်တို့ဆိုတာက အထက်အညာဒေသမှာသာ ရတတ်တာမို့ အညာကုန်လို့ဆိုရတာပါ။ ရာသီအလိုက်ပေါ်တဲ့ ရာသီစာဖြစ်လို့ အညာအလွမ်းပြေ အညာစာ ဟင်းအတွဲအစပ်အဖြစ် မြူရွက်သုပ်နဲ့လိုက်ဖက်တဲ့ ပဲကြီးနဲ့ ဆူးပုပ်နှပ်စားဖို့ အခွံချွတ်ပြီးသား ပဲကြီးရေစိမ်ပါ ဝယ်ဖြစ်ခဲ့ပါတယ်။

 

နွေပေါက်လာပြီဖြစ်လို့ အပူရှိန်ကဲလာပြီမို့ ပဲကြီးကို အရေသောက်မချက်ဘဲ ဆီပြန်သဘောမျိုး နှပ်ပါမယ်။ ဝယ်လာခဲ့တဲ့ အခွံချွတ်ပြီးသားပဲကြီးရေစိမ် နို့ဆီဘူးတစ်လုံးကို ရေဆေးသန့်စင်ပြီး ဆီအနေတော်၊ နနွင်း၊ ဆားထည့်ကာ ရေစပ်စပ်နဲ့ မီးဖိုပေါ်တည်ပါမယ်။ ဆီဆူ လာသံကြားရင် ပဲကြီးအိုးကို မွှေပေးပြီး ရေကျက်အေး လက်တစ်ဆစ်မြုပ်နဲ့ ကြက်သွန်နီဥကြီး တစ်လုံးကို ကြမ်းကြမ်းလှီးထည့်ပြီး ဆက်တည်ရပါမယ်။ နှစ်ရေလောက်ခန်းရင် ဆီပြန်လာပြီမို့ အသင့်ခြွေထားတဲ့ ဆူးပုပ်ရွက်နုကလေးထည့်လှိမ့်လိုက်ရင်ပဲ ပဲကြီးဆူးပုပ်နှပ် တစ်ခွက်ရပါပြီ။

 

မြူရွက်သုပ်ဖို့အတွက်ကိုတော့ အစည်းလိုက်ဖြေပြီး အရွက်ရင့်တွေဖယ်ကာ အရွက်နု သန့်သန့်ကလေးတွေ ခြွေရပါမယ်။ သတိပြုဖို့က အရွက်မှာကပ်နေတတ်တဲ့ ဖုန်တွေကို ရေဖွားဖွားနဲ့ စင်အောင်ဆေးဖို့ပါပဲ။ ရေစစ်ထားတဲ့ မြူရွက်တွေကို ရေနွေးဖြောတဲ့အခါမှာလည်း ရေအေးနဲ့ ပြန်စိမ်မှသာ မြူရွက်ရဲ့ ပင်ကိုအစိမ်းရင့်ရင့်အရောင်အတိုုင်း ရမှာဖြစ်ပါတယ်။ ရေနွေးအဖြောနာပြီး ရေအေးမစိမ်ဘဲထားရင် အရွက်တွေညိုသွားပြီး မလှမပဖြစ်တတ်ပါတယ်။

 

ရေအေးစိမ်ထားတဲ့ မြူရွက်တွေကို ရေစင်အောင်ညှစ်၊ အနေတော်လှီး၊ ငံပြာရည်၊ ပုစွန်ခြောက်မှုန့်၊ ကြက်သွန်စိမ်းနဲ့ ငရုတ်စိမ်းတောင့် ပါးပါးလှီး၊ သံပရာရည်ညှစ်ပြီး ဆီချက် လောင်းကာ ဖွဖွကလေးနယ်လို့ သုပ်ပါမယ်။ အပေါ့အငန် အနေတော်ရင် မြေပဲဆန်လေးစိတ်ကွဲထောင်းနဲ့ ကြက်သွန်နီကြော် ဖြူးပြီးရင်တော့ စားဖို့အဆင်သင့်ဖြစ်ပါပြီ။

 

ငရုတ်သီးဆားထောင်းအတွက်ကိုတော့ မီးကင်ထားတဲ့ ငရုတ်သီးအခြောက်တောင့်တွေကို အညှာခြွေပြီး ငရုတ်ဆုံထဲ ဆားကလေးပုံ ကြက်သွန်ဖြူအခွံသင်ထည့်ပြီး တဂျွမ်းဂျွမ်းနဲ့ ထောင်း၊ ကြက်သွန်ဖြူ မညက်တညက်မှာ ပန်းကန်ထဲ ကော်ထည့်ပြီး နှမ်းဆီကလေးလောင်းလိုက်ရင် ငရုတ်သီး အညာဆားထောင်းရပြီလေ။ အဲဒီ ပဲကြီးဆူးပုပ်နှပ်၊ မြူရွက်သုပ်နဲ့ ငရုတ်သီးဆားထောင်းဟင်း အတွဲအစပ်ဟာ အေးဆိမ့် ချိုစပ် အရသာနှောနေတာမို့ နှုတ်ကိုမြိန်စေပါတယ်။
မြူရွက်သုပ်ရဲ့ ဂုဏ်သတ္တိက အချိုဓာတ်မှာ အခါးအရသာ အနည်းငယ်စွက်ပြီး မြူရွက်အနံ့သင်းသင်း ကလေးရှိတာကြောင့် နွေနေပူပူမှာ ရေနွေးကြမ်းနဲ့ မြည်းရင်လိုက်ဖက်လှတာမို့ အညာဇာတိ ဘုန်းတော်ကြီးများ နှစ်ခြိုက်စွာဘုဉ်းပေးလေ့ရှိတဲ့ အညာစာဟင်းလျာတစ်ခွက်ဖြစ်ကြောင်းပါ။

 

စံလွင်(ငါးဦးစီး)