“အနန္တ” သိပ္ပံရုပ်ရှင်ဇာတ်ကား တစ်နိုင်ငံလုံး ရုံတင်ပြသမည်

ရန်ကုန် ၂ ဇူလိုင်

 

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသိပ္ပံ ရုပ်ရှင်ဇာတ်ကားဖြစ်သည့် “အနန္တ” ရုပ်ရှင် ဇာတ်ကားကို ဇူလိုင် ၄ ရက်မှစ၍ တစ်နိုင်ငံလုံး၌ ရုံတင်ပြသမည်ဖြစ်ကြောင်း အဆိုပါရုပ်ရှင်ဇာတ်ကား အထူးပြပွဲမှ သိရသည်။

 

“အနန္တ” ရုပ်ရှင် ဇာတ်ကား အထူးပြပွဲကို ဇူလိုင် ၁ ရက် ညပိုင်းက ရန်ကုန်မြို့ရှိ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံတွင် ပြသခဲ့သည်။

 

wef

 

အဆိုပါ ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင် သားညီ၊ နန်းဆုဦး၊ ဖြိုးငွေစိုး၊ စိုင်းလွှမ်း၊ စိုးရန်အောင်၊ နေဝင်း၊ ဧကရီမှူးပိုင်၊ ကျော်ကိုကိုဝေ၊ ဇင်မိုး၊ ဂျွန်နသန်ချို၊ ချမ်းမေမြတ်နိုး၊ နန်းထိုက်အောင်၊ သက်ထားဝေဇင်၊ ဧည့်သရုပ်ဆောင် အကယ်ဒမီ လူမင်းနှင့် သရုပ်ဆောင် များစွာ ပါဝင်သရုပ်ဆောင်ထားသည်။

 

“အနန္တ” ရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်၍ ဒါရိုက်တာညိုမင်းလွင်က “ဒီဇာတ်ကား က ကျွန်တော်တို့ အားလုံးရဲ့ ဇာတ်ကားပါ၊ ရုံတင်ပြီး ပြလို့ရလာတဲ့ဝင်ငွေနဲ့ အနန္တ ဖောင်ဒေးရှင်းထူထောင်မယ်။ မြန်မာနိုင်ငံမှာ နည်းပညာတစ်ခု စိတ်ကူးရပြီးတော့ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ဘတ်ဂျက်မရှိဘူးဆိုရင် ကျွန်တော်တို့ ဖောင်ဒေးရှင်း အနေနဲ့ ထောက်ပံ့သွားဖို့ စဉ်းစားထားပါတယ်။ နည်းပညာကြောင့် ကျွန်တော်တို့ နောက်ကျကျန်ခဲ့တာမျိုး လုံးဝမဖြစ်စေချင်ပါဘူး၊ ဒီလိုမျိုး နည်းပညာကို အခြေခံပြီး ထုတ်လုပ်တဲ့ဇာတ်ကားမျိုးတွေ တခြားထုတ်လုပ်မယ့် producer မရှိဘူးဆိုရင် ကျွန်တော်တို့ ဖောင်ဒေးရှင်းက ထုတ်လုပ်ပြီးတော့ မြန်မာနိုင်ငံမှာ ဒီလို Visual affect အသားပေးတဲ့ ဇာတ်ကားမျိုးတွေ ထွက်လာအောင် ကြိုးစားသွားချင်ပါတယ်” ဟု ပြောသည်။ 

 

“ဒီဇာတ်ကားနဲ့ပတ်သက်ပြီးဝေဖန်ပါ၊ အကြံပေးပါ၊ လိုအပ်တာတွေကို ဝိုင်းပြီး အဖြေရှာရင်တော့ သိပ္ပံဇာတ်ကားတွေက ဒီထက်ပိုပြီး တိုးတက်လာနိုင်ပါတယ်” ဟု ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသည့် သားညီက ပြောသည်။ 

 

သန့်ဇင်ဝင်း