အန်ကာယဉ်ကျေးမှုနယ်မြေဆီသို့ (အပိုင်း-၃)

သိပ္ပံစာရေးဆရာကိုကိုအောင် 

(ယခင်တစ်ပတ်မှအဆက်)
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း (UNESCO) က ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ် ကမ္ပည်းတင်ခြင်း ခံထားကြရသော ကမ္ဘာကျော်မြင်မှတ် (Land Mark) များထဲမှ တစ်ခုအပါအဝင်လည်းဖြစ်၊ ကမ္ဘာ့အံ့ဖွယ် ခုနစ်ပါးအနက် တစ်ပါးအပါအဝင်လည်းဖြစ်ပြီး အရှေ့တောင်အာရှဒေသ၏ ဂုဏ်ယူဖွယ်ရာ အရှေ့တိုင်းယဉ်ကျေးမှု လက်ရာတစ်ခုလည်းဖြစ်သော ၁၄ ရာစုခေတ်မှလက်ရာ အန်ကောဝပ်ကျောင်းတော်ကြီးမှာ အဝေးမှမြင်ရစဉ်ကတည်းကပင် ခံ့ညားထည်ဝါစွာ ရှိနေရုံမျှမက ကျောင်းတော်အတွင်းသို့ ချင်းနင်းဝင်ရောက်ရန် ပထမဦးဆုံးခြေလှမ်းကို စတင်လိုက်စဉ် ကတည်းကပင် တံတိုင်းလက်ရန်းများ၏ ထူးခြားမှုက ညှို့ယူဖမ်းစားထားလျက်ရှိနေသည်။

အန်ကောဝပ်ကျောင်းတော်သို့ အဝင်
အလျားမီတာ ၁၃၀ဝ နှင့် အကျယ်မီတာ ၁၅၀ဝ ရှိသော အန်ကာကျောင်းတော်ကြီး၏ တံတိုင်းလက်ရန်းများအဖြစ် ရှေးခေတ် နဂါးရုပ်ကြီးများကို ကျောက်တုံးကြီးများဖြင့် ပုံဖော်ထားသည်။ အဆိုပါ ကျောက်တုံးကြီးများကို တစ်ခုပေါ်တစ်ခုဆင့်၍ ထပ်ထားခြင်းသာဖြစ်ပြီး တစ်ခုနှင့်တစ်ခု တွဲကပ်ထားခြင်း အလျဉ်းမရှိပေ။ အဝင်မုခ်ဦးသို့တက်သည့် လှေကားကမူ ယခင်က ဆောက်လုပ်ထားသည့် ကျောက်တုံးလှေကားများက တစ်ထစ်နှင့်တစ်ထစ်အကြား မြင့်လွန်းသည်ကတစ်ကြောင်း၊ ပျက်စီး ယိုယွင်းနေသည်က တစ်ကြောင်းတို့ကြောင့် သစ်သားလှေကားဖြင့် အစားထိုး တပ်ဆင်ပေးထားသည်။ အဝင် မုခ်ဦးမှစ၍ ကျောင်းတော်ကြီး၏ဘေးပတ်လည် စင်္ကြံလမ်းတစ်လျှောက်ရှိ နံရံများကိုလည်း ကျောက်တုံးကြီးများကို ဆင့်၍ ထပ်ထားခြင်းဖြင့် တည်ဆောက်ထားသည်။ အံ့ဩစရာကောင်းလှသည်မှာ ပေပေါင်းထောင်ချီ ရှည်လျားသည့် စင်္ကြံလမ်းတစ်လျှောက်ရှိ အခုံးပုံသ္ဌာန် အမိုးကိုလည်း ကျောက်တုံး ကျောက်ပြားကြီးများကိုဆင့်၍ ထပ်ထားခြင်းဖြင့်သာ ပြုလုပ်ထားခြင်းပင် ဖြစ်သည်။

ကျောင်းတော်ဗဟိုမှ Center Point
အတွင်းပိုင်း၌လည်း ရှေးခေတ်လက်ရာ ဗုဒ္ဓဆင်းတုတော်များကို ရပ်တော်မူပုံ၊ ထိုင်တော်မူပုံ စသည်ဖြင့် ထွင်းထု ပြုလုပ်ထား သလို တန်ဆောင်းများ၊ ပြာသာဒ်အထွတ်များကို သူ့နေရာနှင့်သူ စနစ်တကျ ပြုလုပ်ထားသည်မှာ ခေတ်သစ် အမြင်ဖြင့်ကြည့် လျှင်ပင် ယခုထိတိုင် ခေတ်မီနေဆဲဖြစ်သည်။ အထူးခြားဆုံးဟုဆိုရမည့် နေရာမှာကား ကျောင်းတော်ကြီး၏ အလယ်ဗဟို တည့်တည့်ရှိ Center Point ဟု ခေါ်ဆိုရမည့် အန်ကာယဉ်ကျေးမှုခေတ် အယူဝါဒအရ လူ့ပြည်နှင့် ဗြဟ္မာ့ပြည်တို့ ဆက်သွယ်သော နေရာဖြစ်သည်။ စက်ဝိုင်းသ္ဌာန် အမှတ်အသားပြုထားသည့် အဆိုပါနေရာ၌ ခေါင်မိုးကိုပါ အပေါက်ဖောက် ထားသည်မှာ ရှေးခေတ် အန်ကာယဉ်ကျေး မှု၏ အယူဝါဒတစ်ခုအဖြစ် သိသာထင်ရှားလျက်ရှိသည်။

ယင်းနေရာ၌ နိုင်ငံခြားသားခရီးသည် ထောင်ပေါင်းများစွာတို့သည် တစ်ဖွဲ့ပြီးတစ်ဖွဲ့၊ တစ်သုတ်ပြီးတစ်သုတ် ဆယ်လ်ဖီ ရိုက်ကြ သည်။ အန်ကာကျောင်းတော်၏ Center Point တွင် လက်ကိုင်ဖုန်းဖြင့် ဆယ်လ်ဖီ (Selfie) ရိုက်သည့်ပုံစံမှာ အခြား နေရာများ၌ ရိုက်သည့်ပုံစံများနှင့် လုံးဝခြားနားလျက်ရှိသည်။ အကြောင်းမူကား အန်ကာကျောင်းတော်၏ လူ့ပြည်နှင့် ဗြဟ္မာ့ပြည် ဆက်သွယ် သည့်လမ်းကြောင်းဟု သမုတ်ထားသော အဆိုပါ Center Point ကြမ်းခင်းအဝိုင်း အမှတ်အသား၏ အလယ်ဗဟိုတည့်တည့်တွင် လက်ကိုင်ဖုန်းကင်မရာကို ပက်လက်လှန်တင်၍ လူအများက သက်ဆိုင်ရာ အုပ်စုအလိုက် Center Point အဝိုင်းကို ပတ်လည် ဝန်းရံပြီး မတ်တပ်ရပ်ကာ ဓာတ်ပုံအရိုက်ခံကြသောကြောင့်ပင် ဖြစ်သည်။

အဆိုပါ Center Point အနီးရှိ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ကိန်းဝပ်စံပယ်တော်မူရာ တန်ဆောင်းအဝင်ဝရှိ လက်ယာ ဘက်မုခ်ဦး တိုင်တွင် ထူးခြားသောကမ္ပည်းတစ်ခုကို မြင်တွေ့ရသည်။ လွန်ခဲ့သော နှစ် ၉၀ ကျော်အချိန် (မြန်မာသက္ကရာဇ် ၁၂၈၈ ခုနှစ် နယုန်လဆုတ် ၁ ရက် စနေနေ့)ရက်စွဲဖြင့် မြန်မာမိသားစုတစ်စုက တန်ဆောင်းအဝင် လက်ယာဘက်မုခ်ဦးတိုင်ကို ပြန်လည် မွမ်းမံရာတွင် ပါဝင်လှူဒါန်း ကုသိုလ်ပြုထားမှုကို မြန်မာဘာသာဖြင့် ကမ္ပည်းတင်ထားခဲ့ခြင်း ဖြစ်ဟန်တူသည်။ အဆိုပါ ကမ္ပည်းစာကို ကမ္ဘောဒီးယားနိုင်ငံသား ဧည့်လမ်းညွှန်များက အဓိပ္ပာယ်ကောက်မှားပြီး လာရောက်သမျှသော နိုင်ငံခြားသား များအား ရှေးခေတ်အိန္ဒိယစာဟု လည်းကောင်း၊ မွန်ဂိုလီးယားဘာသာဟု လည်းကောင်း၊ လက်တင်ဘာသာဟုလည်းကောင်း ၎င်းတို့စိတ်ထင်ရာ ဘာသာများကို ရည်ညွှန်း၍ ရှင်းပြနေကြသည်ကို တွေ့မြင်ရသည်။

သို့ဖြစ်၍ မိမိအနေဖြင့် အမှန်ကိုသိစေလိုသော စေတနာအလျောက် အနီးအနားရှိ လက်လှမ်းမီသမျှသော ကမ္ဘောဒီးယား ဧည့်လမ်းညွှန်များကို စုစည်းစေကာ မုခ်ဦးတိုင်ရှိ အဆိုပါကမ္ပည်းစာ၌ ပါရှိသည့် စာသားများအားလုံးသည် မြန်မာဘာသာ၊ မြန်မာအက္ခရာများ ဖြစ်ကြောင်းကို အင်္ဂလိပ်ဘာသာဖြင့် စာတစ်လုံးချင်း၊ ဂဏန်းတစ်ခုချင်းကို အဓိပ္ပာယ်ပေါက်အောင် ရှင်းပြလိုက်သည်။ ထိုကဲ့သို့ ရှင်းပြပေးနေသည်ကို စိတ်ဝင်စားကြသော အခြား နိုင်ငံခြားသားများကလည်း စုဝေးရောက်ရှိလာ သောကြောင့် နောက်ထပ်တစ်ကြိမ် ထပ်မံရှင်းပြပေးလိုက်ရာ အားလုံးက ကျေးဇူးတင်စွာဖြင့် တလေးတစား ပြန်လည်နှုတ်ဆက် သွားကြ၍ ရင်ထဲ၌ ပီတိဖြစ်မိသည်။

အန်ကာကျောင်းတော်ကြီး၏ ထူးခြားမှု
အန်ကာကျောင်းတော်ကြီး၏ ထူးခြားမှုကို အဝေးက လှမ်းမျှော်ကြည့်စဉ်ကတည်းကပင် ပညာမျက်စိဖြင့် သိမြင်နိုင်သည့်တိုင် အတွင်းသို့ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ကြည့်ရှု လေ့လာအကဲခတ်သည့်အခါ၌မူ ပို၍ပင် ထဲထဲဝင်ဝင် သိရှိလာရသည်။ အဝေးမှ ကြည့်စဉ်က ကျောင်းတော်ကြီးသည် အလွန်ကျယ်ဝန်းပြီး ပြားပြားဝပ်ဝပ် တည်ဆောက်ထားသည်ဟု ထင်ရသော်လည်း တကယ့်လက်တွေ့ အတွင်းပိုင်းသို့ ရောက်လာသည့်အခါ၌မူ တန်ဆောင်းတစ်ခုမှ နောက်တစ်ခု၊ အဆင့်တစ်ဆင့်မှ နောက်တစ်ဆင့်ဆီသို့ မသိမသာ မြင့်တက်သွားပြီး အပေါ်ဆုံးအဆင့်၊ အမြင့်ဆုံးသောနေရာသို့ ရောက်ရှိသည့် အခါ၌မူ မီတာပေါင်း ထောင်ချီဝေးလံသော အဝေးမှမြင်ကွင်းများကို ထင်ရှားစွာ မြင်နေရသောကြောင့် အန်ကာကျောင်း တော်ကြီး၏ အမြင့်ဆုံးသော တန်ဆောင်းကြီးမှာ မည်ရွေ့ မည်မျှအထိ မြင့်မားနေကြောင်း ကောင်းစွာ သတိပြုမိလိုက်တော့သည်။

ကျောင်းတော်ကြီး၏ အတွင်းပိုင်း အလယ်ဗဟိုခန့်ရှိသော နေရာတစ်ဝိုက်တွင် အန်ကာယဉ်ကျေးမှုခေတ် စာကြည့်တိုက်များ ကိုတွေ့ရပြီး သူ့ခေတ်သူ့အခါအလိုက် ခမ်းနားထည်ဝါစွာ တည်ဆောက်ခဲ့သည်ကို အသိအမှတ်ပြုမိသည်။ စာကြည့်တိုက် အဆောက်အအုံများသည် အန်ကာယဉ်ကျေးမှုခေတ်က ပညာကို မည်ရွေ့မည်မျှ တန်ဖိုးထားကြောင်း ပြသနေသည့် ရှေးဟောင်း ပြယုဂ်များပင် ဖြစ်ကြသည်။ အန်ကာယဉ်ကျေးမှုခေတ်က ပညာရည်မြင့်မားမှုကို အန်ကာကျောင်းတော်ကြီးအား တည်ဆောက် ထားပုံများက သက်သေပြလျက်ရှိနေသလို စာကြည့်တိုက်များကလည်း ရည်òန်းပေးလျက် ရှိနေကြသည်။

ခေတ်သစ်အင်ဂျင်နီယာပညာရပ်၏ အခြေခံများဟု ဆိုရမည်ဖြစ်သော Top View, Bottom View, Side View, Perspective View, Balancing, Curve, Column, Beam, Beamless စသည်တို့၏ သဘောတရားများကို ကမ္ဘောဒီးယား နိုင်ငံသားတို့က ရှေးနှစ်ပေါင်း ရာချီကာလများ ကတည်းကပင် ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ခဲ့ကြောင်းကိုလည်း အန်ကာကျောင်းတော်ကြီးက သက်သေ ထူလျက်ရှိနေသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ဥရောပတိုက်သားတို့၏ စက်မှုတော်လှန်ရေးမတိုင်မီ နှစ်ပေါင်းလေးရာခန့် စောခဲ့သည့် အချိန်ကာလများကတည်းက ကမ္ဘောဒီးယား နိုင်ငံသားတို့က အင်ဂျင်နီယာပညာရပ်များကို တတ်မြောက်ပြီးသား ဖြစ်နေခဲ့သည်။ တကယ့်ကို တလေးတစား အသိအမှတ်ပြုကာ ချီးကျူးထိုက်ပေသည်။

ချီးကျူး၍မဆုံးသည့် အင်ဂျင်နီယာပညာ
ကြီးမားတုတ်ခိုင်လှသော်လည်း လက်ရာမြောက်လှသည့် ကျောက်ပွတ်လုံးတိုင်ကြီးများ၊ ကျောက်တုံးကြီးများကို တစ်ခု အပေါ်တစ်ခု ဆင့်၍ထပ်ကာ ရုပ်လုံးကျောက်တုံးကြီးများ၏ တစ်ခုပေါ်တစ်ခု၊ တစ်တုံးပေါ်တစ်တုံး ဟန်ချက်ညီစွာ အားပြု တည်နေကြပုံများ၊ မည်သည့်အဆောက်အအုံ၊ မည်သည့်တန်ဆောင်း၊ မည်သည့်ပြသာဒ်ကိုမဆို ဗဟိုမျဉ်းနှင့် ဗဟိုအမှတ်တို့ကို အခြေခံလျက် အရပ်ရှစ်မျက်နှာ အချိုးညီညီ နေရာချ တည်ဆောက်ထားပုံများကို သာမန်ခရီးသွားဧည့်သည်များက လေးလေး နက်နက် သတိမပြုမိကြသည့်တိုင် အင်ဂျင်နီယာပညာရှင်ဖြစ်သော မိမိအနေဖြင့်မူ ချီးကျူး၍မဆုံး၊ လေးစား၍မကုန်၊ အသိအမှတ်ပြု၍ မပြီးနိုင် အောင်ပင်ဖြစ်ခဲ့ရသည်။

အန်ကာကျောင်းတော်ကြီး၏ အမြင့်ဆုံးသော ဘုံပြာသာဒ်ပေါ်သို့ တက်ရောက်ရာတွင်မူ ယူနက်စကိုမှ အင်ဂျင်နီယာ ပညာရှင် များ၏ တိုင်းတာတွက်ချက်မှုများအရ လူပေါင်းတစ်ရာ၏ အလေးချိန်ကိုသာ ခံနိုင်ရည်ရှိကြောင်း တွေ့ရှိရသဖြင့် အပေါ်တွင် သတ်မှတ်လူဦးရေ ပြည့်နေပါက ကျန်သူများက အောက်ဘက်ရင်ပြင်ပေါ်၌ ခေတ္တစောင့်ဆိုင်းပေးကြရသည်။ ပြီးမှသာ အလှည့်ကျ တက်ရောက်လေ့လာပြီး ဘေးပတ်လည် အရပ်ရှစ်မျက်နှာမှ မြင်ကွင်းများကို ကြည့်ရှုခံစားကြရသည်။ ထိုသို့ တက်ရောက်လေ့လာနိုင်ရန်အတွက်လည်း သီးသန့် အတက်အဆင်းလှေကားများကို စီမံပြုလုပ် ပေးထားသည်။ မြေမျက်နှာပြင်မှ ၆၅ မီတာမြင့်သော ထိုနေရာသည် အန်ကာကျောင်းတော်ကြီး၏ ဠငနတ ဏသငညအ ပင် ဖြစ်ပေတော့သည်။

ဤသို့ဖြင့် အန်ကာကျောင်းတော်ကြီးပေါ်တွင် အချိန်သုံးနာရီကျော်ကြာမျှ ကြည့်ရှုလေ့လာပြီးနောက် ပြန်လည်ဆင်းသက်ကာ ကားရပ်နားကွင်းဆီသို့ ခြေကျင်လျှောက်၍ ပြန်ကြသည်။ ကားပေါ်၌စောင့်ပေးနေသော ကိုမောင်မောင်က ၎င်း၏ကားဖြင့် နေ့လယ်စာ ဘူဖေးစားသုံးမည့် Tonle Chaktomuk စားသောက်ဆိုင်ဆီသို့ ပို့ဆောင်ပေးသည်။ ဥရောပအစားအစာ၊ တရုတ် အစားအစာ၊ ကမ္ဘောဒီးယား အစားအစာများ စုံလင်စွာရရှိသော အဆိုပါဘူဖေးဆိုင်တွင် ၄၅ မိနစ်ခန့် နေ့လယ်စာ သုံးဆောင်ကြပြီးနောက် ကမ္ဘောဒီးယားနိုင်ငံ အန်ကာယဉ်ကျေးမှုနယ်မြေ၏ ထင်ရှားလှသော Ta Prohm Templ ဆီသို့ ခရီးဆက်ကြသည်။

Ta Prohm နှင့် Bayon Temple သို့
အေဒီ ၁၁၈၆ ခုနှစ်က ဘုရင် Jayavarman VII တည်ဆောက်ထားခဲ့သော အဆိုပါကျောင်းတော်ကြီး၏ အထင်ကရ အဆောက် အအုံတိုင်းကို နှစ်သက်တမ်း ရာပေါင်းများစွာ ရှိနေပြီဖြစ်သည့် ဧရာမသစ်ပင်ကြီးများ၏ အမြစ်ကြီးများက ဝါးမျိုထားလျက် ရှိနေသည်ကို တွေ့မြင်ရသည်။ ကျောင်းတော်ကြီးကို ထိန်းသိမ်းစောင့်ရှောက်မှုများမလုပ်နိုင်တော့သည့် အချိန်ကာလများ နောက်ပိုင်းတွင် အဆောက်အအုံ အကြိုအကြား၌ ပေါက်ရောက်ခဲ့ကြသည့် သစ်ပင်ကြီးငယ်တို့က နှစ်ရာပေါင်းများစွာ ရှင်သန်ပေါက်ရောက်နေကြဆဲဖြစ်ကာ အဆောက်အအုံများကို ၎င်းတို့၏အမြစ်ကြီးများနှင့် ကုပ်တွယ် ဖိညှပ် ထားခဲ့ကြသည့် မြင်ကွင်းများပင်ဖြစ်သည်။ အလွန်ပင် စိတ်ဝင်စားဖွယ်ကောင်းသော မြင်ကွင်းများလည်း ဖြစ်သည်။

ထိုမှတစ်ဖန် အန်ကာယဉ်ကျေးမှုနယ်မြေ၏ အထင်ကရ တစ်ခုဖြစ်သော Bayon Temple ဆီသို့ ဆက်လက်သွား ရောက်ကြသည်။ အဆိုပါ ကျောင်းတော်ဟောင်းကြီး၌မူ ကျောက်တုံးစင်မြင့်ကြီး ၅၄ ခုပေါ်၌ အလွန်ကြီးမားသည့် မျက်နှာပုံပေါင်း နှစ်ရာကျော်ကို ဧရာမကျောက်တုံးကြီးများဖြင့် ထွင်းထုပုံဖော်ထားသည်ကို တွေ့ရှိရသည်။ ခမာအင်ပါယာ၏ စီရင်စုနယ်မြေ ၅၄ ခုကို ကိုယ်စားပြုသော ဘုရင့်မျက်နှာတော်ပုံကြီး ၅၄ ခု ထုဆစ်ထားသည့် ခမာအင်ပါယာကိုယ်စားပြု အမှတ်အသားနယ်မြေကြီးပင် ဖြစ်သည်။ ဤသည်တို့မှာ တစ်ချိန်က အန်ကာခေတ်နှင့် အန်ကာယဉ်ကျေးမှု မည်ရွေ့မည်မျှ ထွန်းကားခဲ့သည်၊ မည်ရွေ့မည်မျှ ကြီးကျယ်ခမ်းနားခဲ့သည်တို့ကို သမိုင်းသက်သေပြုနေသော အထင်ကရနေရာများ၊ အထင်ကရ အဆောက်အအုံများ၊ အထင်ကရ မြင်မှတ်များ၊ အထင်ကရအမှတ်အသားများပင် ဖြစ်ပေတော့သည်။

အန်ကာယဉ်ကျေးမှုနယ်မြေတစ်ဝန်း၌ တစ်နေကုန်နီးပါး လည်ပတ်ကြည့်ရှု လေ့လာခဲ့ပြီးနောက် ကိုမောင်မောင်၏ ကားဖြင့်ပင် တည်းခိုနေထိုင်ရာ စီယမ်ရိမြို့ Hotel Beyond Yangon ဆီသို့ ပြန်ကြသည်။ ဟိုတယ်တွင် ခေတ္တနားကာ ရေချိုးသန့်စင်ပြီးနောက် ကိုမောင်မောင်က Indian Food Restaurant ၌ ညစာအဖြစ် အိန္ဒိယအစားအစာများဖြင့် ကျွေးမွေးဧည့်ခံသည်။ ပြီးနောက် Mini Mart   အချို့တွင် ပစ္စည်းပစ္စယအချို့ ဝယ်ယူပြီးနောက် ဟိုတယ်ပြန်ကာ ညအိပ်ရပ်နားကြသည်။

ကမ္ဘောဒီးယားဘုရင့်ဘုရားကျောင်း
နောက်တစ်နေ့ ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ဟိုတယ်၌ နံနက်စာသုံးဆောင်ပြီး စီယမ်ရိမြို့ ကမ္ဘောဒီးယား ဘုရင့် နန်းတော်ဝင်းအတွင်းရှိ ဘုရင့်ဘုရားကျောင်းတော်သို့ သွားရောက်ဖူးမြော်သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် ကွန်မြူနစ် ခမာနီများ ကြီးစိုးစဉ်ကာလများက သေနတ်ကျည်ဆန်နှင့် အမြောက်ဆန်များပြုလုပ်ရန်အတွက် နိုင်ငံတစ်ဝန်းရှိ ဗုဒ္ဓကြေးဆင်းတုတော် များကို အရည်ကျိုစေရာတွင် မည်သို့မျှလည်း အရည်ကျို၍မရ၊ မည်သည့်နည်းနှင့်မှလည်း ဖျက်ဆီး၍မရသော ဗုဒ္ဓကြေးဆင်းတု တော်နှစ်ဆူ ရှိနေခဲ့သည်။ အဆိုပါ ထူးဆန်းလှသည့် ဗုဒ္ဓကြေးဆင်းတုတော်နှစ်ဆူကို ကွန်မြူနစ် ခမာနီတို့ စွန့်ပစ်ထားခဲ့သည့် နေရာမှ ဘုရင့်အိမ်တော်ဝင်း နေရာဆီသို့သယ်ဆောင်ကာ ပူဇော်ထားသည့် ဘုရားကျောင်းတော်ပင်ဖြစ်သည်။ မီးမခသော မတ်ရပ် ဗုဒ္ဓကြေးဆင်းတုတော်နှစ်ဆူ ကိန်းဝပ်စံပယ်တော်မူရာ ဘုရင့်အိမ်တော်ဝင်း ဘုရားကျောင်းတော်ဆီသို့ နေ့စဉ် လူရာပေါင်းများစွာ လာရောက်ဖူးမြော်ကြကြောင်းလည်း သိရသည်။

ယင်းနောက် မိတ်ဆွေဖြစ်သူ ကိုမောင်မောင် လိုက်ပို့သည့် စီယမ်ရိမြို့ Day Market  ၌ အပြန်ခရီးအတွက် က္ဘော ဒီးယားရိုးရာ လက်ဆောင်ပစ္စည်းများကို ထပ်မံဝယ်ကြပြန်သည်။ ထို့နောက် ဟိုတယ်ပြန်ကာ နေ့လယ်စာသုံးဆောင်ပြီးနောက် ကိုမောင်မောင် တို့ မိသားစုကို ကျေးဇူးတင်စွာဖြင့် နှုတ်ဆက်ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲကျော်ကျော်၌ စီယမ်ရိမြို့မှ ဖနောင်းပင်မြို့ ဆီသို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။

ဖနောင်းပင်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသ စံတော်ချိန် ည ၇ နာရီ ၄၅ မိနစ်တွင် ရောက်ရှိကြပြီး လေဆိပ် ဧည့်ခန်းမဆောင်၌ တစ်နာရီကျော်မျှ ခေတ္တနားသည်။ ဒေသစံတော်ချိန် ည ၉ နာရီတွင် Check-in  လုပ်ပြီး Boarding Roo သို့ ၉ နာရီခွဲတွင် ရောက်ရှိသည်။ ထို့နောက် ဖနောင်းပင်မြို့မှ ဒေသစံတော်ချိန် ည ၁၁ နာရီတွင် ထွက်ခွာပျံသန်းသည့် Emirate  လေကြောင်းလိုင်းဖြင့် ပြန်လည်လိုက်ပါခဲ့ကြရာ ရန်ကုန်မြို့ မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ည ၁၂ နာရီ ၁၅ မိနစ်တွင် ချောမောစွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

အာဆီယံ အင်ဂျင်နီယာနှင့် နည်းပညာအကယ်ဒမီ ( AAET) ၏ Cambodia Chapter က ကမကထပြု စီစဉ်ကျင်းပသော Phnom Penh Engineering Science Fair, The 6th ASEAN-Korea Engineering Forum & Round Table Meeting  များသို့ တက်ရောက်ရင်း ၁၄ ရာစု အန်ကာယဉ်ကျေးမှုခေတ်၏ ရှေးဟောင်းလက်ရာများကိုပါ သွားရောက်လေ့လာခွင့်ရခဲ့သည့် ဤခရီးစဉ်ကြီး တစ်လျှောက်လုံးအတွက် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်တကွ အစိုးရတာဝန်ရှိသူများအားလုံး ကိုလည်းကောင်း၊ AAET ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ကောင်စီဝင်များအားလုံးကို လည်းကောင်း၊ AAET-Cambodia Chapter မှ တာဝန် ရှိသူများ အားလုံးကိုလည်းကောင်း၊ AAET အဖွဲ့ဝင် အင်ဂျင်နီယာ ပညာရှင်ကြီးများ အားလုံးကိုလည်းကောင်း၊ ကိုရီးယားသမ္မတနိုင်ငံ NAEK  မှ ပါမောက္ခများအားလည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံ စက်မှုကုန်ထုတ်လုပ်ငန်းရှင်များအသင်းနှင့် အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များ အသင်းတို့အားလည်းကောင်း၊ မိမိနှင့်အတူ သွားရောက်ခဲ့ကြသော ပါမောက္ခ ဒေါက်တာစိန်မြင့်၊ ပါမောက္ခ ဒေါက်တာအောင်ကျော်မြတ်၊ ပါမောက္ခဒေါက်တာခင်ခင်ခိုင်၊ အင်ဂျင်နီယာချုပ် ဦးစိုးအောင်တို့အားလည်းကောင်း၊ ကမ္ဘောဒီးယား နိုင်ငံ စီယမ်ရိမြို့နေ Hotel Beyond Yangon ပိုင်ရှင် ကိုမောင်မောင်နှင့်တကွ မိသားစုတို့အားလည်းကောင်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပါသည်။    ။