အင်းဝတံတား(စစ်ကိုင်း)ပေါ်မှ ခုန်ချသေဆုံးခဲ့သည့် အမြွှာညီအစ်မနှစ်ဦးအနက် တစ်ဦးရုပ်အလောင်းအား ပြန်လည်တွေ့ရှိ

mdn

စစ်ကိုင်း ၂၆ မေ

 

မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ကို ဆက်သွယ်ထားသည့် အင်းဝတံတား(စစ်ကိုင်း)ပေါ်မှ ဧရာဝတီမြစ်အတွင်း ခုန်ချသေဆုံးသွားခဲ့သည့် အမြွှာညီအစ်မနှစ်ဦးအနက် တစ်ဦး၏ ရုပ်အလောင်းကို မေ ၂၆ ရက် နံနက်ပိုင်းက ပြန်လည်တွေ့ရှိခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) က သိရသည်။

 

ဧရာဝတီမြစ်အတွင်း ခုန်ချသေဆုံးခဲ့သည့် အမြွှာညီအစ်မနှစ်ဦးမှာ အင်းဝမြို့ဟောင်း၊ ပြင်စည်တန်းရပ်နေသူများဖြစ်ပြီး မေ ၂၄ ရက် နံနက်ပိုင်းက ၎င်းတို့၏ Super Cub ဆိုင်ကယ်အမျိုးအစားကို အင်းဝတံတား (စစ်ကိုင်း) လေးဂုံးမြောက်နေရာတွင် တွေ့ရှိခဲ့မှုနှင့်ပတ်သက်ပြီး ဧရာဝတီမြစ်အတွင်း ခုန်ချသွားသည့်ဟု ယူဆရ၍ ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) က သိရသည်။

 

ရေလုပ်သားတစ်ဦးကနေပြီးတော့ အလောင်းတွေ့တယ်ဆိုပြီး ဖုန်းဆက်တယ်၊ အမျိုးသမီး အလောင်းလား၊ အမျိုးသားအလောင်းလား သေသေချာချာလည်း မသိသေးဘူး။ အဲဒါနဲ့ ကျွန်တော်တို့အဖွဲ့ လိုအပ်တဲ့ပစ္စည်းတွေ ယူ၊အိုးဘို Rescue အသင်းနဲ့ချိတ်ဆက်ပြီး စက်လှေနဲ့သွားတယ်။ ရိပ်သာကျွန်းမှာတွေ့တာ။ အစက ရုပ်အလောင်းနှစ်လောင်းလို့ သိရတာ။ ကျွန်တော်တို့သွားတော့ ရုပ်အလောင်းတစ်လောင်းပဲတွေ့တယ်။ အမျိုးသမီးရုပ်အလောင်းပေါ့။ အင်္ကျီအပြာရောင် ဘောင်ဘီက ဖြူ/မဲ အစင်းလေး။  ရင်ဘတ်မှာ တံဆိပ်လေးပါတယ်။ နားကပ်ပါတယ် အဲ့တော့ ကံယကာရှင်တွေထံ ဖုန်းဆက်ပြီး ဟုတ်လား မဟုတ်လား အတည်ပြုပါတယ်။ ရုပ်အလောင်းကို ထုပ်ပိုးသယ်ဆောင်လာပြီ စစ်ကိုင်းဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်ဟု အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) မှ အဖွဲ့ဝင် ကိုဟိန်းဇော်ထက်က ပြောသည်။

 

အင်းဝတံတား (စစ်ကိုင်း) ပေါ်မှ ဧရာဝတီမြစ်အတွင်း ခုန်ချသွားသည့်ဟု ယူဆရ၍ ရှာဖွေမှုများ ပြုလုပ်ခဲ့ရာမှ မေ ၂၆ ရက် (ယနေ့) နံနက်ပိုင်းက ခုန်ချသေဆုံးခဲ့သည့် အမြွှာညီအမနှစ်ဦးအနက် တစ်ဦး၏ ရုပ်အလောင်းကို စစ်ကိုင်းမြို့၊ ဧရာဝတီမြစ်ဆိပ်ကမ်း၊ ရိပ်သာကျွန်းနေရာမှာ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသည့် ရုပ်အလောင်းတစ်လောင်းကိုလည်း ဆက်လက်ရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) မှ သိရသည်။

 

တွေ့ရှိရသည့် ရုပ်အလောင်းကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) နှင့် အိုးဘိုရပ် Rescue အဖွဲ့တို့ပူပေါင်း၍ အလောင်းတွေ့ရှိရာသို့ သွားရောက်ထုပ်ပိုးပြီး စစ်ကိုင်းမြို့၊ ကမ်းနားလမ်း တာဝါတိုင်ဆိပ်ကမ်းသို့ လှေဖြင့်သယ်ယူခဲ့ကာ ထိုရေဆိပ်မှတစ်ဆင့် စစ်ကိုင်းပြည်သူ့ဆေးရုံကြီးသို့ အိုးဘို Rescue ကားဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်းကလည်း အင်းဝတံတား (စစ်ကိုင်း) ပေါ်မှ ဧရာဝတီမြစ်အတွင်း ခုန်ချသေဆုံးမှု ()ကြိမ်၊ ဧရာဝတီတံတား (ရတနာပုံ)ပေါ်မှ ဧရာဝတီမြစ်အတွင်း ခုန်ချသေဆုံးမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်းကလည်း ဧရာဝတီတံတား (ရတနာပုံ) ပေါ်မှ  ခုန်ချသေဆုံးမှုတစ်ကြိမ် ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

 

ခိုင်ဇေယျ(၀၇၅)