အင်းဝမြို့ဟောင်းမှ လေ့လာစရာ တောင်ရေကန်နှင့် မြောက်ရေကန်

အင်းဝ၊ ၂၇ ဇန်နဝါရီ

 

အင်းဝမြို့ဟောင်းသည် စိတ်ဝင်စားဖွယ်ရာ ယဉ်ကျေးမှုဇုန်နယ်မြေဖြစ်ပြီး နိုင်ငံတကာခရီးသွားဧည့်သည်များ နေ့စဉ်လာရောက်လည်ပတ် လေ့လာရာနေရာတစ်ခုပင် ဖြစ်သည်။ အင်းဝမြို့ဟောင်းသည် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့မြောက်ဘက် ၂ မိုင် ၄ ဖာလုံ၊ မန္တလေးမြို့အနောက်တောင်ဘက် မိုင်(၂၀)အကွာတွင် တည်ရှိသည်။ နိုင်ငံတကာ ခရီးသွားဧည့်သည်များကမူ ကားများဖြင့်လာရောက်ပြီး အိုးတုတ္တန်းမှ စက်လှေဖြင့်ကူးကာ မြင်းလှည်းများဖြင့် လေ့လာလေ့ရှိသည်။

 

အင်းဝမြို့ကို သက္ကရာဇ်(၇၂၆)တွင် သတိုးမင်းဖျား (အေဒီ၁၃၆၄-၁၃၆၈)က စတင်တည်ထောင်ခဲ့ပြီး ကုန်းဘောင်းဆက် ဘကြီးတော် (အေဒီ၁၈၁၉-၁၈၃၇)အထိ ထီးနန်းစိုက်ခဲ့သဖြင့် နှစ်ပေါင်း(၄၀၀)ကြာ တည်ရှိခဲ့သော စိတ်ဝင်စားဖွယ်ရာ မြို့ဟောင်းဖြစ်သည်။ အင်းဝမြို့သို့ လာရောက်လည်ပတ်သော နိုင်ငံတကာ ခရီးသွားဧည့်သည်များမှာ နန်းမြို့အတွင်း အားထားလေ့လာကြသည်။ နန်းမြို့အတွင်းရှိ လေ့လာစရာများထဲတွင် ယနေ့တိုင် လေ့လာနိုင်သည့် ကန်နှစ်ကန်ရှိသည်။ တောင်ရေကန် မြောက်ရေကန်ဟု ခေါ်တွင်ပြီး ဒေသခံများကမူ သားတော်ကန် သမီးတော်ကန်ဟု ခေါ်ဝေါ်ကြသည်။

 

ထိုရေကန်နှစ်ကန်မှာ အင်းဝနန်းတွင်း မြို့ရိုးအတွင်းဘက် နန်းတော်ရာ၏ အနောက်မြောက်ထောင့်နှင့် အနောက်တောင်ထောင့်တွင် တည်ရှိသည်။ အနောက်မြောက်ထောင့်တွင်ရှိသော ရေကန်ကို မြောက်ရေကန် (သမီးတော်ကန်)နှင့် အနောက်တောင်ထောင့်တွင် တည်ရှိသော ရေကန်ကို တောင်ကန်ရေကန်(သားတော်ကန်)ဟု ခေါ်ကြသည်။ မြောက်ရေကန်(သမီးတော်ကန်)မှာ တောင်ရေကန်ထက် အဆင်တန်ဆာ ပိုမိုလှပသည်ကို တွေ့မြင်နိုင်သည်။ လက်ရာများမှာ ဘကြီးတော်စစ်ကိုင်းမင်းလက်ထက်က တည်ဆောက်ခဲ့သည်ဟု ယူဆရသည့်  ကုန်းဘောင်ခေတ်လက်ရာများပင် ဖြစ်သည်။ မြောက်ရေကန်မှာ မျက်မှောက်ခေတ်အတိုင်းအတာအရ အလျား (၁၆၀)ပေ အနံ(၉၁)ပေနှင့် ကန်အနက်မှာ ၂၅ ပေရှိသည်။ ကန်မှာ ထောင့်မှန်စတုဂံပုံနှစ်ထပ်ဖြစ်ပြီး အဆင်တန်ဆာများဖြင့် လှပစွာပြုလုပ်ထားသည်။

 

တောင်ရေကန်မှာ အလျား ၁၆၈ ပေ၊ အနံ ၇၅ ပေနှင့် အနက် ၃၂ ပေရှိသည်။ လက်ရှိကာလတွင် အင်းဝမြို့ဟောင်း နန်းမြို့အတွင်း မူလလက်ရာအတိုင်း အပျက်အစီးနည်းပါးစွာ မြင်တွေ့နိုင်သော ရှေးဟောင်းအမွေအနှစ်အဖြစ် တည်ရှိနေသည်။ အင်းဝမြို့သို့ သွားရောက်လေ့လာသူတိုင်း အင်းဝမြို့ဟောင်း နန်းမြို့အတွင်းမှ တောင်ရေကန်နှင့် မြောက်ရေကန်ကို အလွယ်တကူ သွားရောက်လေ့လာနိုင်သည်။

 

တိမ်တမန်