မန္တလေး ၁ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အင်းဝဒေသရှိ ရပ်ကွက်ကြီးသုံးခုမှ ပြည်သူများအား တိုင်းရင်ဆေးတက္ကသိုလ် (မန္တလေး)မှ နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများသည် သြဂုတ် ၃၁ နံနက်ပိုင်းက ကျန်မာရေးစစ်ဆေးခြင်းနှင့်အတူ အခမဲ့ ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အင်းဝဒေသရှိ ဈေးချိုရပ်၊ ဥတည်ရပ်နှင့် မီးသွေးတိုက်ရပ်ကွက်များမှ ပြည်သူများအား တိုင်းရင်းဆေးတက္ကသိုလ် နောက်ဆုံးနှစ်မှ ကျောင်းသား ကျောင်းသူ ၆၈ ဦးတို့မှ အုပ်ချုပ်ရေး ဆရာ ဆရာမ ၃၇ ဦးနှင့်အတူ အဖွဲ့သုံးဖွဲ့ခွဲ၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် အခမဲ့ ကျန်းမာရေး စမ်းသပ်စစ်ဆေးခြင်း၊ ဆေးဝါးကုသပေးခြင်း၊ ဆေးတိုက်ကျွေးခြင်းများ၊ ပြုလုပ်ခဲ့ကြောင်း တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)မှ တွဲဘက်ပါမောက္ခ၊ ဌာနမှူး ဆရာဦးဋ္ဌေးလွင်က ပြောသည်။
“သူတို့က မကြာခင်မှာ ကျောင်းပညာပြီးကြမှာ ဖြစ်ပါတယ်။ အခုလို လက်တွေ့ကွင်းဆင်း ကုသရေး လုပ်ပေးတာက ကွင်းဆင်းဆေးကုသတဲ့ အတွေ့အကြုံ ရရှိစေဖို့၊ တိုင်းရင်းဆေး ကုသမှုအပေါ် ပြည်သူတွေ ဘယ်လောက် စိတ်ဝင်စားသလဲဆိုတာ သုတေသနလုပ်တဲ့ သဘောရယ်၊ ပြည်သူတွေရဲ့ လူမှုဘဝ ကျန်းမာရေး လေ့လာတဲ့အနေနဲ့ ကွင်းဆင်းကုသတာ ဖြစ်ပါတယ်။ ကွင်းဆင်းကုသတဲ့နေရာမှာ သက်ကြီးရောဂါဖြစ်တဲ့ ဇက်ကြောထိုး ဇက်ကြောတက်၊ အကိုက်အခဲ၊ လေဖြန်း စတဲ့ရောဂါသည်တွေ လာရောက်ကုသမှု ခံယူတာများပါတယ်”ဟု ၎င်းက ပြောသည်။
တိုင်းရင်ဆေးတက္ကသိုလ် (မန္တလေး)အနေဖြင့် နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများကို တစ်နှစ်လျှင် နှစ်ကြိမ် လက်တွေ့ကွင်းဆင်း အခမဲ့ဆေးဝါးကုသမှုကို နှစ်စဉ်ပြုလုပ်ပေးလျက်ရှိကြောင်း၊ ယခုနှစ် နောက်ဆုံးနှစ် ပညာသင်ယူ နေသော ကျောင်းသား ကျောင်းသူများအနေဖြင့် သြဂုတ် ၂၄ ရက်က ပြင်ဦးလွင်မြို့နယ် သမင်ခြံ၊ ကျီးသာအိုင်နှင့် အင်ယားကျေးရွာများသို့ ပထမအကြိမ် သွားရောက်ကွင်းဆင်း ကုသပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယခု ဒုတိယအကြိမ်အဖြစ် အင်းဝဒေသတွင် သြဂုတ် ၃၁ ရက် နံနက် ၈ နာရီမှ ညနေ ၅ နာရီခွဲထိ အခမဲ့ကျန်မာရေး စစ်ဆေးကုသပေးခဲ့ကြောင်း သိရသည်။
ကိုမင်း(အင်းတော်)


