အင်းဝ ဗားကရာကျောင်းတော်ကြီးသည် မြန်မာတို့၏ ဗိသုကာလက်ရာ အဆင့်အတန်းကို ပြသနေ

မန္တလေး ၁၉ ဖေဖော်ဝါရီ

 

အင်းဝ ဗားကရာကျောင်းတော်ကြီးသို့ လာရောက်လေ့လာကြသည့် နိုင်ငံတကာ ခရီးသွားများက မြန်မာတို့၏ ဗိသုကာလက်ရာ အဆင့်အတန်း မြင့်မားကြောင်းကို အင်းဝဗားကရာ ကျောင်းတော်ကြီးက သက်သေပြလျက်ရှိကြောင်း ပြောဆိုကြသည်။

 

မြန်မာနိုင်ငံသို့ လာရောက်ကြသည့် နိုင်ငံတကာ ခရီးသွားများသည် မန္တလေးမြို့ရှိ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသများသို့ အများဆုံး သွားရောက် လည်ပတ်လျက်ရှိပြီး ၎င်းတို့၏ လေ့လာတွေ့ရှိချက်များကို ယခုလို သုံးသပ်ပြောကြားခဲ့သည်။

 

''အင်းဝမြို့နဲ့ ဗားကရာကျောင်းကြီးကို တွဲဖက်မြင်ရတာ ရှေးက နန်းမြို့တော်တစ်ခုကို ရောက်သွားသလို ခံစားရတယ်၊ ဗားကရာကျောင်းတော်ကြီးမှာ ထည့်သွင်းရေးဆွဲထားတဲ့ နယားရုပ်၊ ဂဠုန်ရုပ်အစရှိတဲ့ ပန်းပု လက်ရာတွေက နိုင်ငံတိုင်းမှာ တွေ့ရခဲတဲ့ အလွန်မြင့်မားတဲ့ ဗိသုကာ အနုပညာလက်ရာတွေ ဖြစ်တယ်ဆိုတာကို ဒီကျောင်းတော်ကြီးက သက်သေပြနေပါတယ်၊ ပျက်စီး ပျောက်ကွယ်မှုမရှိစေဖို့ စနစ်တကျ ထိန်းသိမ်းသင့်ပါတယ်'' ဟု ဂျာမနီ နိုင်ငံသား ခရီးသွားတစ်ဦးက ပြောသည်။

 

မန္တလေးမြို့သို့ ရောက်ရှိလာကြသည့် နိုင်ငံတကာခရီးသွား အများစုသည် မင်းကွန်း၊ အင်းဝ၊ ကုသိုလ်တော်၊ မန္တလေးတောင်နှင့် ဦးပိန်တံတားကြီး သို့ အဓိကသွားရောက်လေ့လာကြပြီး လေ့လာတွေ့ရှိချက်များကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးလေ့ရှိကြောင်း ဧည့်လမ်းညွှန်တစ်ဦးက ပြောသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)