အင်းတကော်တွင် မျိုးကောင်းမျိုးသန့် ရော်ဘာပျိုးပင်များ ထောက်ပံ့ပေးအပ်

နေပြည်တော်   ၂၅   ဇွန်

 

မျိုးကောင်းမျိုးသန့် ရော်ဘာပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေး ခြံ (အင်းတကော်)တွင် ကျင်းပသည်။

 

ယခုကဲ့သို့ မျိုးကောင်းမျိုးသန့် ရော်ဘာပျိုးပင်များ ထောက်ပံ့ပေး အပ်ခြင်းသည် ၂၀၁၉ ခုနှစ်အတွင်း ရွှေကျင်မြို့နယ်၌ ရော်ဘာပင်အို ခုတ်လှဲခွင့် ရရှိထားသော တောင်သူများအား ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ အလားတူ ပျိုးပင်ထောက်ပံ့ပေးအပ်ပွဲများကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင်လည်း ဆောင်ရွက်လျှက်ရှိကြောင်း၊ ရော်ဘာစိုက် တောင်သူများအနေဖြင့် ရော်ဘာပင်အိုများ ခုတ်လှဲခြင်း လုပ်ငန်းများကို ခွင့်ပြုချက်တောင်းခံ၍ ခုတ်လှဲခြင်း ဆောင်ရွက်သင့်ကြောင်း၊ ရော်ဘာပင်အိုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ခွင့်ပြုချက်ရယူ၍ ခုတ်လှဲပြီး ရော်ဘာသစ်အဖြစ် ထုတ်လုပ်၍ နိုင်ငံခြား ပို့ကုန်အဖြစ် ရောင်းချလျှက်ရှိရာ အဆိုပါ ခုတ်လှဲခွင့်ရ ဧရိယာများတွင် အထွက်ကောင်းရော်ဘာ မျိုးများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန က ဒေသနှင့် ကိုက်ညီသည့် ရော်ဘာပျိုးပင်များ အခမဲ့ဖြန့်ဖြူး ပေးလျက်ရှိကြောင်း။

 

ရော်ဘာထုတ်လုပ်မှု ရေရှည်အောင်မြင်စွာ လုပ်ကိုင်နိုင်ရန်အတွက် ရော်ဘာပင်အို ခုတ်လှဲခွင့်ရယူဆောင်ရွက်ထားသော တောင်သူများအားဌာနမှ မျိုးကောင်းမျိုးသန့် ရော်ဘာ ပျိုးပင်များ အထောက်အပံ့ရရှိရေး ကူညီဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ စီးပွားရေးတွက်ချေကိုက်မှု မရှိတော့သည့် ရော်ဘာပင်အိုများ၊ အစေးထွက်မကောင်းသော ရော်ဘာ မျိုးရိုင်းများ နေရာတွင် ရော်ဘာ မျိုကောင်း မျိုးသန့်များ ပြန်လည်စိုက်ပျိုးရန်ဖြစ်ကြောင်း သိရသည်။

 

ယနေ့ကျင်းပ ပြုလုပ်သော မျိုးကောင်းမျိုးသန့် ရော်ဘာပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့်၊ ပဲခူးခရိုင်ဦးစီးမှူး တို့က ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၌ ၂၀၁၉ ခုနှစ်အတွင်း ရော်ဘာပင်အို ခုတ်လှဲခွင့် ရရှိထားသော တောင်သူများ အတွက် (PB 260, PB 235,RRIM 600, RRIT 251, BPM 24) မျိုးကောင်းမျိုးသန့် ရော်ဘာပျိုးပင် (၁၂၂၅၃)ပင် အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ညီညီသန်း(နေပြည်တော်)