အင်းတော်ကြီးကန်နှင့် ပတ်ဝန်းကျင်ဒေသများကို လူထုအခြေပြု သဘာဝခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးအတွက် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့က Zoom Online Training သင်တန်းဖွင့်လှစ်

မိုးညှင်း၊ ၂၉ ဒီဇင်ဘာ

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း တည်ရှိသည့် အင်းတော်ကြီးကန်နှင့် ပတ်ဝန်းကျင်ဒေသများကို လူထုအခြေပြု သဘာဝခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်နှင့် ဒေသခံပြည်သူများ ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ (Fauna & Flora International - FFI) က Zoom Online Training ကို ဒီဇင်ဘာ ၇ ရက်မှစ၍ အပိုင်း(၃)ပိုင်းဖြင့် သင်တန်းဖွင့်လှစ်ခဲ့ကြောင်း FFI မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Field Coordin- ator ဦးဇော်မင်းထွန်းက ပြောသည်။

 

အဆိုပါသင်တန်းကို အင်းတော်ကြီးမြို့ ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် လုံးစန့်၊ လယ်ပုံလေး၊ တုံစံခ စသည့်ကျေးရွာ (၃)ရွာမှ Community based tourim အဖွဲ့ဝင်များ၊ အင်းချစ်သူ လူမှုဖွံ့ဖြိုးရေးနှင့် သဘာဝအခြေခံ ခရီးသွားအဖွဲ့မှ အဖွဲ့ဝင်များ စုစုပေါင်း ၁၂ ဦး တက်ရောက်ခဲ့ကြပြီး ဒီဇင်ဘာ ၇ ရက်မှ ၁၁ ရက်အထိ သင်တန်းအပိုင်း(၁)ကို သင်ကြားပေးခဲ့ကာ ဒီဇင်ဘာ ၁၄ ရက်မှ ၂၁ ရက်အထိ သင်တန်းအပိုင်း(၂)ကို Zoom Online Training နှင့်အတူ ကွင်းဆင်းပြီး ခရီးသွားလမ်းကြောင်း ရေးဆွဲခြင်းများကိုပါ သင်ကြားပေးခဲ့သည်။

 

“သင်တန်းကို နန့်မွန်းနဲ့ အင်းတော်ကြီးနေရာ (၂)နေရာမှာ လုပ်ဖြစ်တယ်။ အပိုင်း(၁)က Touism Theory  Only ပဲ၊ အပိုင်း(၂)မှာ ခရီးသွားလမ်းကြောင်း ရေးဆွဲရန်အတွက် အဖွဲ့(၃)ဖွဲ့ခွဲပြီး ဆင်ခေါင်းတောင်၊ ရွှေမဉ္ဇူဘုရားအနီးတဝိုက်နဲ့ လွဲမွန်အနီးတဝိုက်တွေကို လမ်းကြောင်းတွေဆွဲပြီး အဖွဲ့လိုက် လေ့ကျင့်ခန်း ဆင်းခဲ့ကြတယ်၊ အဲလို လမ်းကြောင်းရေးဆွဲရာမှာ ခရီးစဉ်အတွက် ကြာချိန်၊ ကုန်ကျစရိတ် တွေ့မြင်နိုင်သော လေ့လာစရာများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သွားလာနိုင်သော နည်းလမ်းများပါဝင်တယ်၊ အပိုင်း(၃)ကတော့ လက်တွေ့ပိုင်းဖြစ်လို့ သင်တန်းဆရာ အင်းတော်ကြီးသို့ လာမည့်အချိန်ကို ညှိနှိုင်းနေဆဲပဲ” ဟု FFI မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Field Coordin- ator ဦးဇော်မင်းထွန်းက ပြောသည်။

 

ကျော်ကျော်ထွေး(မိုးညှင်း)