အင်းတော်ကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေးပြခန်း ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊  အင်းတော်ကြီးမြို့အတွင်း  တည်ဆောက်ပြီးစီးသွားသည့် အင်းတော်ကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေးပြခန်း ဖွင့်ပွဲနှင့် သစ်တောဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို   ယမန်နေ့နံနက် ၁၀နာရီက ပြခန်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးလှအောင်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဂျာမနီသံရုံးမှ Dr. Katharina Spiess တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

 

ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဝန်ကြီးဦးလှအောင်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညီညီကျော်နှင့် ဂျာမနီသံရုံးမှ Development Counselor Dr. Katharina Spiess တို့က အမှာစကား အသီးသီး ပြောကြားခဲ့ကြသည်။

 

ယင်းနောက် FFI ( FAUNA & FLORA  INTERNATIONAL မှ Mr. Frank Momberg က ပညာပေးပြခန်း ဆောက်လုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားရာတွင် အင်းတော်ကြီးဇီဝအဝန်းနယ်မြေမှ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာပေးအစီအစဉ်များနှင့် သုတေသနဆိုင်ရာများ ပြုလုပ်ရန် center တစ်ခုအဖြစ် အသုံးပြုသွားရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားပြီး ဒေသခံကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပညာပေးပြခန်းအား သစ်တောဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး တာဝန်ရှိသူများက ပြခန်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ယခုဖွင့်လှစ်မည့် အင်းတော်ကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေးပြခန်းကို Chances For Nature Germany မှ ယူရို ၆၅၉၉ အထောက်အပံ့ဖြင့် FFI ( FAUNA & FLORA INTERNATIONAL)က (၂၅.၄.၂၀၁၇)ရက်မှ စတင်၍ တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

 

ပြခန်းအဆောက်အဦတွင် ပြခန်းပြကွက်များ၊ ခင်းကျင်းပြသမည့် အဆောင်နှင့် အစည်းအဝေး ခန်းမဆောင်များ ပါဝင်မည်ဖြစ်ပြီး အဆိုပါ အဆောင်(၂)ဆောင်ကို ဆက်သွယ်ထားသည့် လျှောက်လမ်း အပါအဝင် စတုရန်းပေ ၃၄၂၀ ရှိကြောင်းသိရသည်။

 

ကျော်ကျော်ထွေး(မိုးညှင်း)