အင်းတော်၊ မြိတ်၊ ကျိုင်းတုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 

နေပြည်တော် ၁ ဇွန် 
    

အင်းတော်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၃၁ ရက် ည ၁၀ နာရီ ၁၅ မိနစ်က အင်းတော်မြို့နယ်၊ နဘားပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ချစ်စန်းမောင် မောင်းနှင်လာသည့် TOYOTA TOYOACE အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၆ ဒသမ ၇၁ ကီလို၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေကျပ် ၂၁ သိန်း တို့ကိုသိမ်းဆည်းရမိခဲ့သည်။ 
    

အလားတူ ယင်းနေ့ နံနက် ၈ နာရီခန့်က မူးယစ်တပ်ဖွဲ့စု(၃၅)မြိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိတ်မြို့နယ်၊ ပပြင်ကျေးရွာအုပ်စု၊ ပပြင်ရွာမကျေးရွာနေ စောမောင်ငယ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၆၀ သိမ်းဆည်းရမိခဲ့သည်။
    

ထို့အတူ  နံနက် ၁၁ နာရီခွဲတွင် မူးယစ်တပ်ဖွဲ့စု(၂၈) ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာနေ အားဖြန့်၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၂၆၄ ပြား၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် တူမီးသေနတ်တစ်လက် တို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 


ကိုရဲ