အင်တာမီလန်နှင့်ပွဲတွင် ရီးယဲလ်အတွက် ဂိုး ၁၀၀ ပြည့် ရာမို့စ် သွင်းယူနိုင်ခဲ့

၄ နိုဝင်ဘာ

 

ယနေ့နံနက်အစောပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့  ရီးယဲလ်မက်ဒရစ်နဲ့ အင်တာမီလန်တို့၏  ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးယဲလ် အသင်းခေါင်းဆောင် ရာမို့စ်က သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့တာကြောင့် ရီးယဲလ်အတွက် ဂိုး ၁၀၀ ပြည့် သွင်းယူပေးနိုင်ခဲ့သည့် ကစားသမားဖြစ်လာခဲ့သည်။

 

ရီးယဲလ်သည် ပွဲကစားချိန် ၂၅ မိနစ်ကတည်းက တိုက်စစ်မှူး ဘန်ဇီးမား၏ သွင်းဂိုးဖြင့် ဦးဆောင်နေပြီး ၃၃ မိနစ် အရောက်တွင် ရာမို့စ်က ထောင့်ကန်ဘောမှတစ်ဆင့် သူ၏ပုံစံအတိုင်း ခေါင်းတိုက်ပြီး အသင်းအတွက် ဒုတိယဂိုးကို  ထပ်မံ ရယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။

 

ရာမို့စ်မှာ ဗဟိုခံစစ်တွင် ကစားရသည့် နောက်ခံကစားသမားဖြစ်သော်လည်း ပြိုင်ဘက်ဂိုးဧရိယာရှေ့၌  အကောင်းဆုံး ကစားနိုင်သည့် ကစားသမားလည်းဖြစ်သည်။ အထူးသဖြင့် အလွတ်တည်ကန်ဘော၊ ထောင့်ကန်ဘောများမှတစ်ဆင့် ခေါင်းတိုက်ဂိုးများ သွင်းယူခြင်းဖြင့် ရလဒ်ကောင်းများကို ဆောင်ကြဉ်းပေးနေခြင်းဖြစ်သည်။

 

ရာမို့စ်မှာ ရီးယဲလ်သို့ မပြောင်းရွှေ့မီ ဆီဗီလာတွင် ကစားစဉ် သွင်းယူခဲ့သည့် ဂိုးများနှင့်ဆိုလျှင် ကလပ်အသင်းအတွက် သွင်းဂိုး စုစုပေါင်း ၁၂၈ ဂိုးရှိခဲ့ပြီဖြစ်ကာ သမိုင်းတစ်လျောက် နောက်ခံကစားသမားများတွင် သွင်းဂိုးအများဆုံး သွင်းယူနိုင်သည့်  ကစားသမားအဖြစ် မှတ်တမ်းဝင်ထားသည်။ ၎င်း၏ အထင်ရှားဆုံး သွင်းဂိုးမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် အက်သလက်အသင်းဘက်သို့ သွင်းယူခဲ့သည့် ဂိုးဖြစ်သည်။

မေလဲ့သင်း