အင်းလေးကန် ထိန်းသိမ်းစောင့်ရှောက်ရေး အခန်းကဏ္ဍတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ရန် အင်းလေးကန်သံတမန်များ အစီအစဉ်ဖွင့်ပွဲနှင့် သင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲ

ညောင်ရွှေ    ၆     နိုဝင်ဘာ    

UNDP၊ MIID နှင့် နော်ဝေအစိုးရတို့မှ ပူးပေါင်းအကောင်အထည်ဖော်သည့် အင်းလေးကန် ထိန်းသိမ်းစောင့်ရှောက်ရေး အခန်းကဏ္ဍတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ရန် စိတ်ပါဝင်စားသော လူငယ်များကိုစုစည်၍ ဆောင်ရွက်သော အင်းလေးကန်သံတမန်များ အစီအစဉ်ဖွင့်ပွဲနှင့် သင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ (၆)ရက် နံနက် (၁၀) နာရီက ညောင်ရွှေမြို့၊ ဝင်းရပ်ကွက်၊ ဖောင်တော်ဆိုက်လမ်းရှိ Everjoy ခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အင်းသားတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်က အမှာစကားပြောကြားပြီးနောက် Royal Norwegian Embassy မှ Deputy Head of Mission, Ms. Lise Nordgaard၊ UNDP မှ Resident Representative, a.i., Mr. Gordon Johnsonနှင့် MIID မှ Executive Director, Mr. Joren Kristensenတို့က အသီးသီးအမှာစကား ပြောကြားကြသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာသည့် ဧည့်သည်တော်များနှင့် အခမ်းအနား တက်ရောက်လာသူများ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အဆိုပါအစီအစဉ်တွင် အင်းလေးကန် ထိန်းသိမ်းစောင့်ရှောက်ရေး အခန်းကဏ္ဍ၌ တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန် စိတ်ပါဝင်စားသောလူငယ်များကို သုံးပတ်ကြာ သင်တန်းဖွင့်လှစ်ပေးခဲ့ပြီး သုတေသနပြုလုပ်ရန်နည်းလမ်းများ၊ အင်းလေးကန်နှင့်ပတ်သက်သည့် ရင်ဆိုင်နေရသော အခက်အခဲများကို သိရှိနားလည်နိုင်ရန်တို့ကို ထည့်သွင်းလေ့လာခဲ့ကာ သင်တန်းဆင်းသံတမန်များမှ အင်းလေးကန်ဒေသ စီမံခန့်ခွဲရေးအတွက် သက်သေအထောက်အထားကို အခြေပြုသော ဆုံးဖြတ်ချက်များချမှတ်ရာတွင် ပါဝင်ကူညီနိုင်ကြမည် ဖြစ်ကြောင်းသိရှိရသည်။

စိုင်းအယ်ဘဲ

mdn