အင်းလေးဒေသခရီးသွားမြှင့်တင်ရေး တောင်တက်လမ်းကြမ်း စက်ဘီးစီးနင်း

 

အင်းလေးဒေသအတွင်းသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ လာရောက်မှုနှုန်း တိုးမြှင့်လာစေရန် ရည်ရွယ်၍ Inle By Cycle တောင်တက်လမ်းကြမ်း စက်ဘီးစီးနင်းပွဲကို ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းက ညောင်ရွှေမြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်းမှ စတင်တာလွှတ် ကျင်းပခဲ့ကြောင်း သိရသည်။

တောင်တက်လမ်းကြမ်း စက်ဘီးစီးနင်းပွဲတွင် ၁၅ ကီလိုမီတာ လမ်းကြောင်းနှင့် ၃၀ ကီလိုမီတာ လမ်းကြောင်းဟူ၍ အမျိုးအစား နှစ်မျိုးဖြင့် စီးနင်းကြပြီး ၁၅ ကီလိုမီတာတွင် လွတ်လပ်ရေးကျောက်တိုင်ကွင်းမှ ရုံးကြီးလမ်း၊ တာပတ်လမ်း၊ ကုနုရွာ၊ ရေဦးရွာ၊ ကြေးကိုင်ရွာ၊ ရွှေရန်ပြေရွာ၊ တိလောရွာ၊ စိုက်ပျိုးရွာမှ ရုံးကြီးလမ်း လမ်းကြောင်းဖြင့် လည်းကောင်း၊ ၃၀ ကီလိုမီတာတွင် လွတ်လပ်ရေးကျောက်တိုင်ကွင်းမှ ရုံးကြီးလမ်း၊ တာပတ်လမ်း၊ ကုနုရွာ၊ ရေဦးရွာ၊ ကြေးကိုင်ရွာ၊ ရွှေရန်ပြေရွာ၊ တိလောရွာ၊ စိုက်ပျိုးရွာ၊ ထပ်အိမ်ရွာ၊ လွယ်ကင်ရွာ၊ ကန်တော်ရွာ၊ ချောင်းစောက်ရွာ၊ ဝါးတော်ရွာ၊ နန်းသဲရွာ လမ်းကြောင်းဖြင့်လည်းကောင်း သတ်မှတ်ပြီး စီးနင်းကြပြီး လွတ်လပ်ရေးကျောက်တိုင်ကွင်းသို့ ပြန်လည်ဝင်ရောက်ကြသည်။

အဆိုပါ တောင်တက်လမ်းကြမ်း စက်ဘီးစီးနင်းပွဲတွင် ဒေသတွင်း စက်ဘီးအားကစား ဝါသနာရှင်များ၊ ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ စုစုပေါင်း ၄၉၃ ဦး တပျော်တပါး ပါဝင်စီးနင်းခဲ့ကြောင်း သိရသည်။

 

(နေမျိုးသူရိန်)