အင်းလျားမှာ ဆုံစို့ကွယ်

၅  ဖေဖော်ဝါရီ

 

တစ်လောလေးက သတင်းစာတွေမှာ အင်းလျားကန်ကိုရှေးဟောင်းအမွေအနှစ် နေရာတစ်ခုအဖြစ် အသိအမှတ်ပြု “အပြာရောင်ကမ္ပည်း” ကပ်မယ်လို့ ဖတ်လိုက်ရတယ်။ စာရေးသူက “ကောင်းလေစွ ကောင်းလေစွကောင်းလေစွ” လို့ “သာဓု” သုံးကြိမ် ခေါ်လိုက်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို ရှေးဟောင်းအမွေအနှစ်တွေကို အစက ထိန်းသိမ်းရကောင်းမှန်းမသိကြ ဘူး။ သိတဲ့သူတွေကလည်း အဘက်ဘက်က ပြည့်စုံလုံလောက်သူတွေ မဟုတ်လေတော့ မထိန်းသိမ်းနိုင်ကြဘူး။ ပြီးတော့ ဒီလိုကိစ္စဟာ တစ်ဦးကောင်းတစ်ယောက်ကောင်း လုပ်မရဘူး။ လုပ်ပိုင်ခွင့်၊ ငွေ၊ အတတ်ပညာ၊ ပစ္စည်း ကိရိယာစုံလင်ပါမှ ဝိုင်းဝန်းလုပ်ဆောင်နိုင်တဲ့ ကိစ္စမျိုး။

 

လူသိများတဲ့ ကန်ကြီး

 

အင်းလျားဆိုတာက ရန်ကုန်မြို့သာမက တစ်နိုင်ငံလုံးမှာ အင်မတန်ထင်ရှားကျော်စော လူသိများတဲ့ကန်ကြီးတစ်ခုလို့ဆိုရင် မှားမယ်မထင်ပါဘူး။ အထူးသဖြင့် တက္ကသိုလ်ကျောင်းသားလောကမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်တက္ကသိုလ်၊ ကမာရွတ်လှည်းတန်းနဲ့ အင်းလျားဟာ ခွဲခြားလို့မရပါဘူး။ “အင်းလျားမှာဆုံစို့မောင်ရယ်...”၊ “အင်းလျားကန်အပါး လျှောက်ကာသွား အနားယူသော တစ်နေ့မှာ ယဉ်စွာ ယဉ်စွာ ဆင်ယင်ထုံးဖွဲ့ပြုံးနွဲ့နွဲ့ချစ်စရာ...” အင်းလျား နဲ့ပတ်သက်တဲ့ တေးသီချင်းတွေကလည်း တစ်နိုင်ငံလုံးရဲ့ပါးစပ်ဖျားမှာ ရေပန်းစားခဲ့ကြတယ်မဟုတ်လား။အင်းလျားကို ရောက်ဖူးချင်မှ ရောက်ဖူးမယ်။ ဒါပေမယ့် အင်းလျားကိုတော့ သိနေကြတယ်။ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေကတော့ ဘွဲ့နှင်း သဘင်ခန်းမရယ်၊ သစ်ပုပ်ပင်ရယ်၊ အင်းလျားရယ်ကိုတွဲပြီး သိနေကြပေသပေါ့။

 

အင်းလျား ဘယ်လိုစဖြစ်

 

ဒါပေမယ့် အင်းလျားကိုသိသူတိုင်း အင်းလျားဘယ်လိုစဖြစ်လာတယ်။ ဘာကြောင့် ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်ရတယ်ဆိုတာ သိကောင်းမှသိမယ်။ မသိသူက များမယ်ထင်တယ်။ မသိသူတွေ သိရအောင် အထူးသဖြင့် နောက်ပေါက်မျိုးဆက်သစ်တွေသိစေချင်လို့ပါ။ ရွှေတိဂုံဘုရားသမိုင်း ဖတ်ဖူးသူတွေ၊ မဖတ်ဖူးသော်လည်း ကြားဖူးနားဝ ရှိကြပါလိမ့်မယ်။ အဲဒါကဘာလဲဆိုလို့ရှိရင် တဖုဿနဲ့ဘလ္လိက ကုန်သည်ညီနောင်ရယ်၊ သိင်္ဂုတ္တရကုန်းမြေ အကြောင်းရယ်ပေါ့။ အဲဒီကာလတုန်းက ရန်ကုန်ဆိုတာရော၊ ကမာရွတ်ဆိုတာရောနှင့်အင်းလျားဆိုတာရော ဘာမျှမရှိသေးဘူး။ အဲဒီနေရာအားလုံးဟာ ပင်လယ်ရေလွှမ်းနေပါသတဲ့။ တချို့ကျွန်းလေးတွေပေါ်နေပြီး ပင်လယ်ထဲက ရွာသိမ်ရွာငယ်လေးတွေနဲ့ ပင်လယ်ဒီရေတောတွေလောက်သာ ရှိပါသတဲ့။ တဖုဿနဲ့ ဘလ္လိကညီနောင် မဇ္ဈိမဒေသက ဂေါတမဘုရားရဲ့ ဆံတော်တွေပူဇော် ပင့်ဆောင်လာတဲ့အခါ သိင်္ဂုတ္တရကုန်းတော်ပေါ်မှာ စေတီတည်ပူဇော်ပါသတဲ့။ အဲဒါ ရွှေတိဂုံစေတီတော်ကြီးပေါ့။

 

သဘာဝတရားရဲ့ ဖန်တီးဖြစ်ပျက်

 

ဒါပေမယ့် သဘာဝတရားရဲ့ ဖန်တီးဖြစ်ပျက်မှုကြောင့် ပင်လယ်ကဆုတ်သွားပြီး ကျွန်းတွေ၊ ကုန်းတန်းတွေ၊ ဒီရေတောတွေ၊ မြစ်ချောင်းအင်းအိုင်တွေ(ရန်ကုန်မြစ်၊ လှိုင်မြစ်၊ ပဲခူးမြစ်နဲ့ ငမိုးရိပ်ချောင်း)တွေအဖြစ်နဲ့ ကျန်ရစ်ခဲ့တယ်။ နောက်အဲဒီမြစ်တွေ၊ ချောင်းတွေဟာလည်း မြစ်တို့ရဲ့ဖြစ်လေ့ဖြစ်ထ သဘာဝတရားကြောင့် ရေကြောင်း ပြောင်းသွားကြပြန်ပါတယ်။ ဒါကြောင့် ဒီနေရာဒေသ တစ်ဝိုက်ဟာ မြစ်ကောအင်းကြီးတွေ၊ ရေအိုင်ကြီးတွေ၊ လျှိုကြီးတွေ၊ မြောင်ကြီးတွေ၊ စိမ့်စမ်းအင်းအိုင်တွေ၊ ရေတိမ်တောတွေအဖြစ် ကျန်ရစ်ခဲ့ကြတယ်။အဲဒီ မြစ်ကော၊ ချောင်းကော၊ အင်းကြီးတွေကတော့ကန်တော်ကြီး၊ ကန်တော်လေး၊ အင်းလျား၊ ရွှေတိဂုံဘုရား မြောက်ဘက်က သွေးဆေးကန်၊ တောင်ဘက်နဲ့ အနောက်ဘက်ကြားက ဦးဝိစာရပန်းခြံနဲ့ ကန်၊ ပုဇွန်တောင်ဈေးနားက လိပ်ကန်(အခုမရှိတော့)နဲ့ အင်းအိုင်တွေ အများအပြား ဖြစ်ထွန်း ပေါ်ပေါက်ခဲ့တယ်။ အင်းလျားလို့ ဘာဖြစ်လို့ခေါ်သလဲဆိုတော့ “အင်း” ဆိုတာ အနီးအနား “မြစ်ချောင်းများက ရေစီးဝင်ရာ ရေအိုင်ကြီး”လို့ အနက်ပေးသတဲ့။ “လျား” ဆိုတာက “အရှည်” လို့ ဆိုတယ်။ ကန်ဆိုတာက လူတွေတူးဖော်ထားတဲ့ ရေအိုင်တဲ့။ အဓိပ္ပာယ်က ရှည်လျားတဲ့ အင်း၊ နောက်တော့ ရှည်လျားတဲ့ ကန်ပေါ့။

 

အမည်သစ်ပေး

 

အင်းလျားကန်ကို မပြုပြင်ခင်တုန်းက “အင်းလျား” လို့ပဲခေါ်သတဲ့။ ၁၈၈၂- ၈၃ ခုနှစ် အစိုးရကပြုပြင်ပြီး နောက်ပိုင်းမှာ “ဝိတိုရိယကန်” လို့ အစိုးရက အမည်သစ်ပေးပေမယ့် လူတွေက “အင်းလျားကန်” လို့ပဲ ခေါ်ပါ သတဲ့။ နောက် ကာလရွေ့လျောလာပြီး “အင်းယား”လို့တွင်လာတာပါ။အင်းလျားကန်ကနေ လှိုင်မြစ်အထိဟာ ကုန်းတန်း လေးတွေ၊ တောင်ပူစာလေးတွေနဲ့ ရေပြင်ကျယ်ကြီးရယ်၊ မီးရထားလမ်းနဲ့ လှိုင်မြစ်ကြားဟာ ရေတိမ်တောကြီး။ ချောင်းမြောင်းအင်းအိုင်တွေ ပေါတာကိုး။ အဲဒီ အင်းအိုင်တွေထဲမှာ ငါး၊ ပုစွန်တွေ အလျှံပယ်ပေါတယ်။ စိမ့်စမ်းတွေ၊ သစ်တောတွေ၊ ရေတိမ်တောတွေပေါလို့သစ်သီးဝလံ ပန်းမန်တွေ ကြွယ်ဝတယ်။ အမှီပေါတဲ့တောမြိုင်ရပ်မှာ ကျေးငှက်သာရကာ၊ တောကြောင်၊ တောဝက်၊ ချေ၊ ဆတ်၊ ကျား၊ သမင်နဲ့ ဆင် တွေတောင် ခိုအောင်းကြတယ်တဲ့။ ရွှေတိဂုံဘုရား ကျား တက်တယ်ဆိုတာ ကြားဖူးတယ် မဟုတ်လား။ ဒါတွေဟာ လူတွေအတွက် အာဟာရဖြည့်တင်းစရာ ရတနာတွေပဲပေါ့။ ဒါကြောင့် ဒီနေရာမှာလူတွေက အစာ ရေစာပေါတဲ့ အရပ်အဖြစ်သတ်မှတ်ပြီး ငါးရှာ၊ ဖားရှာ၊ သစ်သီးဝလံ ရှာရာက တစ်စတစ်စ လူနေအိမ်ခြေတွေထူထောင်လာကြတယ်။ အဲဒီက တစ်စတစ်စ ရွာသိမ်ရွာငယ်တွေ ပေါ်ပေါက်လာခဲ့တယ်။

 

ပထမဆုံးနေထိုင်

 

ပထမဆုံးနေထိုင်လာကြသူတွေက “မွန်” လူမျိုး တွေဖြစ်တယ်လို့ သိရတယ်။ မွန်တွေပထမဆုံး အင်းလျားကန် တစ်ဝိုက်မှာ အခြေချနေထိုင်ကြသတဲ့။ အဲဒီအချိန်က အင်းလျားကန်ဟာ အခုလို လေးထောင့်မဟုတ်ဘူး။ တောင်နဲ့မြောက်တန်းနေတဲ့ ရှည်မျောမျောအင်းကြီးရယ်။ ဒါကြောင့် အင်းလျားလို့ ခေါ်သတဲ့။မွန်လူမျိုးတွေက ဒီဒေသဟာ အစားအစာ၊ ဟင်းသီး ဟင်းရွက်၊ သားငါးပေါများကြွယ်ဝတဲ့နေရာဖြစ်လို့ မွန်ဘာ သာနဲ့ “ကမာရွတ်”လို့ ခေါ်ဆိုကိုး။ မွန်လို “ကမာ”ဆိုတာ က “ရေအိုင်၊ ရေကန်”လို့ အဓိပ္ပာယ်ရပြီး “ရွတ်” ဆိုတာ က “ပတ္တမြားရတနာ” ဖြစ်ပါသတဲ့။ ချုပ်လိုက်တော့ကမာရွတ်ဆိုတာ ပတ္တမြားရေကန်ဖြစ်ဆိုကိုး။ အဲဒါ မွန်တွေကအင်းလျားကန်ကို အကြောင်းပြုပြီးခေါ်တာလို့ ဆိုတယ်။အင်းလျားကန်ဟာ အရှေ့ဘက်မှာ ပေ ၂၀ ကနေ ပေ ၁၀ဝ အထိမြင့်တဲ့ ကုန်းရိုးခင်တန်းလေးနဲ့ အနောက်ဘက် ခင်ရိုးကုန်းတန်းလေး နှစ်ခုကြား တည်ရှိတယ်။ ပင်လယ်ရေ မျက်နှာပြင်အောက် ပေ ၅၀ နိမ့်တဲ့ မြေနိမ့်ချိုင့်ဝှမ်းလေး ဖြစ်တယ်။ ဒီကုန်းရိုးတောင်တန်းဟာ ပဲခူးရိုးမရဲ့ တောင်စွယ်တောင်တန်းဖြစ်ပြီး မြောက်ဘက်မှတောင်ဘက်ကို နိမ့်ဆင်းလာပြီး အင်းလျားကန်အရောက် ကန်အောက်ငုံ့လျှိုးသွားသတဲ့။ အခု တက္ကသိုလ်တည်ရှိရာနေရာမှာ ပြန်ပေါ်လာတယ်။ အမြင့်ဆုံးကုန်းတန်းက အောင်မင်းခေါင်ဘုရား ဝန်းကျင်ဖြစ်သတဲ့။ ကမာရွတ်ဒေသရဲ့မြေမျက်နှာပြင်က အရှေ့ဘက်က မြင့်ပြီး အနောက်ဘက်ကို နိမ့်လျှောသွားတယ်။ ကုန်းမြင့်ပိုင်းဖြစ်တဲ့ ဝင်ဒါမီယာပတ်ဝန်းကျင်မှာ လူနေကြပြီး ကုန်းနိမ့်ဖြစ်တဲ့ စံပယ်ခြံ၊ ရှောက်ပင်ခြံ၊ လှည်းတန်း၊ စံရိပ်ငြိမ်၊ လက်ခုပ်ပင်၊ ကျွဲကုန်း၊ ဆင်ရေတွင်းစတဲ့ ကုန်းရှိတဲ့နေရာတွေမှာ လယ်တဲစုလေးတွေက ရွာတွေဖြစ်လာပါသတဲ့။ အခု အင်းစိန်လမ်းမဘေး ရပ်ကွက်တွေပေါ့။

 

ကဇွန်းခင်းရပ်ကွက်

 

လှည်းတန်းကနေ အနောက်ဘက်ကိုဆင်းသွားတော့ကွမ်းခြံ၊ အုန်းတော၊ ဆင်မလိုက်၊ ကဇွန်းခင်း ခုတော့ကဇွန်းခင်း ရပ်ကွက်ကြီး မရှိတော့ဘူး။ အဲဒီမှာ ဆင်မလိုက်သင်္ဘောကျင်းဖြစ်နေပြီ။ တောင်ဘက်ကိုသွားတဲ့အခါ နာနတ်တော၊ ကြံတောသင်္ချိုင်းလေ။ခုတော့ နာနတ်တောလည်း မရှိတော့ဘူး။ နာနတ်တော ရွာမလည်း မရှိတော့ဘူး။ နာနတ်တောဆိုတာ အဲဒီကာလက အလေ့ကျပေါက်နေတဲ့ နာနတ်တောကြီးရှိပါသတဲ့။ လူတွေရောက်လာတဲ့အခါ လူတွေက နာနတ်ပင်တွေ စီးပွားဖြစ်စိုက်ခဲ့ကြတယ်။ အဲဒါကြောင့် “နာနတ်တောရွာ”လို့ဖြစ်လာခဲ့တယ်။

 

အမှီပြုနေထိုင်

 

နာနတ်တောဟာ အနောက်ဘက်မှာ ရန်ကုန်- အင်းစိန်မီးရထားလမ်း။ အရှေ့ဘက်ကပ်လျက်က ကြံတော သင်္ချိုင်း၊ ကြံတောသင်္ချိုင်းဆိုတာက အစကသင်္ချိုင်း မဟုတ်ဘူး။ အလေ့ကျပေါက်နေတဲ့ ကြံခင်းကြီးပဲ။ ဒီကြံခင်းမှာ ကြံလာခုတ်ပြီး ရောင်းစားတဲ့သူတွေက ကြံခင်းကို အမှီပြုနေထိုင်လာကြတယ် ကြံတောပြုန်းတော့မယ့်အခြေအနေမှာ ကြံပင်တွေကို ပြန်စိုက်ရင်း အခြေချနေထိုင်ခဲ့ကြတယ်။ အောက်ဗမာ နိုင်ငံကို နယ်ချဲ့အင်္ဂလိပ်တို့ သိမ်းပိုက်ပြီး နောက်ပိုင်းကျတော့ ရန်ကုန်မြို့ဟာ လူနေသိပ်သည်းထူထပ်လာတယ်။ ဟိုတုန်းက ရွာသိမ်ရွာငယ်တွေဟာ ရပ်ကွက်ကြီးတွေဖြစ်လာကြတယ်။

 

ကျေးလက်ဇနပုဒ်ရဲ့ သင်္ချိုင်းမြေတွေဟာ လူနေရပ်ကွက်တွေထဲ ပါသွားခဲ့တယ်။ ဒါကြောင့် အင်္ဂလိပ်အစိုးရက ၁၈၇၅ ခုနှစ်ဝန်းကျင်မှာ ကြံတောမြေကိုသိမ်းပိုက်ပြီး ဗမာသင်္ချိုင်းမှန်သမျှ ကြံတောကို ပြောင်းရွှေ့ပေးခဲ့တယ်။ အင်္ဂလိပ်၊ အာမေးနီးယန်းစတဲ့ ခရစ်ယာန်သင်္ချိုင်းတွေကိုတော့ မြို့ထဲမှာချန်ထားခဲ့တယ်။ ခုတော့ ကြံတောသုသာန်လည်း မရှိတော့ဘူး။ ကြံတောသုသာန်နေရာမှာ အင်မတန်စည်ကားတဲ့”ဂျန်းရှင်းစကွဲယား” ဆိုတာကြီး ပေါ်ပေါက်နေပြီး ရုပ်ရှင်ရုံတွေ ဘာတွေနဲ့ ကြက်ပျံမကျ ဆိုသလိုဖြစ်နေပြီ။အဲဒီကာလက လှည်းတန်းလမ်းမရှိသေးဘူး။ လှည်းတန်းလမ်းထိပ် ပြည်မြန်မာနဲ့ လှည်းတန်းစင်တာ ကြားနေရာမှာ လူလေးယောက်လောက်ဖက်ရတဲ့အထင်ကရ ညောင်ပင်ကြီးရှိတယ်။ အင်မတန်အရိပ်ကောင်းတယ်။ ညောင်ပင်ကြီးအရိပ်အောက်မှာ လှည်းသမားတွေ နားခိုကြတယ်။

 

ရွှေတိဂုံဘုရား၊ ကြည့်မြင်တိုင် စတဲ့နေရာတွေကိုကုန်နဲ့ လူကိုပို့ပေးတဲ့ နွားလှည်းတွေတန်းစီပြီး ညောင်ပင်ကြီးအောက်မှာ ဂိတ်ထိုးကြတယ်။ အဲဒီနွားလှည်းတွေဟာ အခု အုတ်ကျင်းရပ်ကွက်မှာဖုတ်တဲ့ အုတ်တွေ။ ၇ မိုင် ၆ ရပ်ကွက် အုတ်ကျင်းမှာဖုတ်တဲ့ အုတ်တွေကို တိုက်ဆောက်တဲ့ နေရာတွေကိုလည်း ပို့ရသတဲ့။ နောက် မြင်းလှည်းတွေပေါ်လာတော့ မြင်းလှည်း သမားတွေ၊ နွားလှည်းသမားတွေ နားခိုရာကအစ အဲဒီညောင်ပင်ကြီး အနီးအနားတစ်ဝိုက်မှာ တဲထိုး အိမ်ဆောက်နေထိုင်လာလို့ လှည်းတန်းလို့တွင်ပါသတဲ့။ အစက မိုးတွင်းဆိုရင် ရွှံ့တော၊ ဗွက်တောကြီးပါ။

 

လှည်းတန်း လမ်းမကြီး

 

လှည်းတန်းလမ်းမကြီးဟာလည်း လှည်းလမ်းကလေး ပါ။ အင်္ဂလိပ်အစိုးရက လှည်းတန်းလမ်းမကြီးကိုဖောက်မယ်ဆိုတော့ ညောင်ပင်ကြီးခံနေတယ်။ မလွတ်ဘူးလေ။ ဒါကြောင့် ညောင်ပင်ကြီးကို အစိုးရလမ်းလုပ်ငန်းဌာန (People Work Department, PWD) က ခုတ်လှဲလိုက်ပါရော။ လှည်းသမားတွေရော အနီးအနား နေထိုင်သူတွေပါ မကျေနပ်ကြဘူး။ ဒါကြောင့် တဘောင်စာချိုးတောင် ပေါ်လာခဲ့ဖူးသတဲ့။ အဲဒီတဘောင်စာချိုးက နှစ်မျိုးဖြစ်နေတယ်။ “ညောင်ပင်ကိုခုတ် ညောင်ငုတ်တုတ်၊ အဟုတ်ပယ်လှန်အင်္ဂလန်”တဲ့။ နောက်တစ်ခုက “ညောင်ပင်ကိုခုတ်ကစိုးရုပ်နတ် ပြီးပြတ်ပယ်လှန် စနေနံ” ပါတဲ့။ စနေနံဆိုတာက ဗြိတိသျှကိုဆိုလိုတာတဲ့။

 

တဘောင်စာချိုးရဲ့ အဓိကဆိုလိုရင်းက ဗြိတိသျှ အစိုးရလမ်းလုပ်ငန်းဌာနက ညောင်ပင်ကြီးကို ခုတ်လှဲလိုက်တဲ့အတွက် အင်္ဂလိပ်အစိုးရတော့ “အင်္ဂလန်ပြန်ပြေး ရတော့မယ်” ဆိုတဲ့ အဓိပ္ပာယ်ပါ။နောက်ပိုင်း ရန်ကုန်တက္ကသိုလ် စာသင်ဆောင်များ၊ လူနေဆောင်များ ဆောက်လုပ်တဲ့အခါ အုတ်၊ သဲ၊ ကျောက်များကို နွားလှည်းများနဲ့ သယ်ယူကြရတယ်။ အဲဒီနွား လှည်းများ၊ နွားများ၊ လှည်းသမားများဟာ လှည်းတန်းမှာပဲ စခန်းချကြတယ်။တစ်စတစ်စနဲ့ ခရီးသည်(လူ) ပို့ဆောင်ရေး လုပ်ငန်းမှာ နွားလှည်းအစား မြင်းရထားတွေက နေရာယူခဲ့ကြတယ်။ နောက်ပိုင်းကျတော့ မော်တော်ကားတွေ၊ ဓာတ်ရထားတွေ တစ်စတစ်စ အသုံးပြုခဲ့ကြတယ်။ကုန်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းကို နွားလှည်း နေရာမှာ မော်တော်ကားများနဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်ရထားများ ဝင်ရောက်လာကြတယ်။

 

လှည်းတန်းလမ်းမကြီး ပြီးသွားပေမယ့် လူနေအိမ်ခြေ သိပ်မထူထပ်သေးပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာ လှည်းသမားတွေ အခြေချနေထိုင်ပြီး စံပယ်၊ နှင်းဆီစတဲ့ပန်းတွေ၊ မုန်လာ၊ ချဉ်ပေါင်၊ မုန်ညင်း၊ ပန်းဂေါ် ဖီစတဲ့ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုး စားသောက်ကြတယ်။ ဒါကြောင့် ခြံကျယ်ကြီးတွေ၊ စိုက်ခင်းတွေပဲ။

 

စည်ကားတဲ့ လူနေရပ်ကွက်

 

၁၉၅၆-၅၇ လောက်မှာ လှည်းတန်းက ဆင်မလိုက်ထိ မီးကြီးလောင်တယ်။ မီးလောင်ပြီးတဲ့အခါ မီးလောင်ပြင်ကို လူနေအိမ်ကွက်တွေ ဖဆပလအစိုးရက ရိုက်ပေးပြီး လူနေရပ်ကွက်အဖြစ် ပြောင်းပေးလိုက်ပါတယ်။ အဲဒီတော့မှ အင်မတန်စည်ကားတဲ့ လူနေရပ်ကွက်ကြီး ဖြစ်လာပါတယ်။စံရိပ်ငြိမ်ဆိုတဲ့နာမည် ဖြစ်လာတာကလည်း စိတ်ဝင်စားစရာ။ အစကအဲဒီနေရာကို အင်းလျားရွာသစ်လို့ခေါ်ပါသတဲ့။ အင်းလျားရွာဟောင်းဆိုတာ အခု ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၊ စီးပွားရေးတက္ကသိုလ် သိပ္ပံစာသင်ခန်းများနဲ့ စာကြည့်တိုက် အဆောက်အအုံ တည်ဆောက်ထားတဲ့ မြေနေရာပါပဲ။အင်းလျားရွာဟောင်းကို တက္ကသိုလ်ဆောက်ဖို့အစိုးရကသိမ်းလိုက်တဲ့အခါ အခု စံရိပ်ငြိမ်နေရာကို အစားပေးပါသတဲ့။ အဲဒီမှာ အင်းလျားရွာသစ်ကို တည်ပါတယ်။ အင်းလျားဘုန်းကြီးကျောင်းကိုပါ စံရိပ်ငြိမ်ကိုပြောင်းပြီး အင်းလျားရွာသစ်ကျောင်းလို့ ခေါ်တွင်ခဲ့တယ်။ ခုထိ ရှိပါတယ်။

 

အဲဒီတုန်းက စံရိပ်ငြိမ်လို့ မခေါ်သေးဘူး။ စံရိပ်ငြိမ်ဖြစ်လာတာက ရန်ကုန်တက္ကသိုလ်တည်ဆောက် ပြီးစလောက်မှာ တက္ကသိုလ်ဆရာမ “မေရီဝါစင်” တိုက်ခံအိမ်ကလေးနဲ့ နေပါသတဲ့။ ကြံတောသင်္ချိုင်းမှာ ပျော်ပါး ကျက်စားတဲ့ “လင်းတငှက်”တွေဟာ သူမအိမ်ခေါင်မိုးပေါ် မှာ လာပြီး နားခိုကြသတဲ့။အိမ်ရှင်ဆရာမ မေရီဝါစင်ဟာ သူ့အိမ်ခေါင်မိုးပေါ် လင်းတနားတာကြောင့် ညတိုင်းအိပ်မပျော်နိုင်ဘဲ စိတ်ချောက်ချားလာဆိုကိုး။ နောက်ဆုံးမနေရဲတော့ဘဲပြောင်းရွှေ့သတဲ့။ ဆက်နေသူတို့က လင်းတနားတာဟာ ကျက်သရေမရှိဘူးဆိုပြီး အဲဒီအိမ်ရှေ့မှာ “စံရိပ်ငြိမ်” ဆိုတဲ့ ဆိုင်းဘုတ်ကလေးကပ်ထားသတဲ့။

 

ဒါကြောင့် အင်းလျားရွာသစ်ဟာ “စံရိပ်ငြိမ်”လို့ တွင်လာဆိုကိုး။ အရင်ရွာသစ် ၁၊ ၂၊ ၃၊ ၄၊ ၅ လမ်းလို့ခေါ်ရာက ခုတော့စံရိပ်ငြိမ် ၁၊ ၂၊ ၃၊ ၄၊ ၅ လမ်းရယ် လို့ပြောင်းလဲခေါ်ဝေါ်လာကြတယ်။ အဲကလိုပဲ ကျွဲတွေနားခိုရာနေရာကို ကျွဲကုန်း။ လက်ခုပ်ပင်ရှိတဲ့အရပ်ကိုလက်ခုပ်ပင်။ ကျောက်သားဆင်ရုပ်နဲ့ ရေတွင်းနှစ်တွင်း ရှိတဲ့နေရာကို ဆင်ရေတွင်းလို့ ခေါ်တွင်ခဲ့တယ်။ အင်းလျားကန်မှ လှိုင်မြစ်၊ ရန်ကုန်မြစ်၊ ငမိုးရိပ်ချောင်းများထဲ စီးဆင်းတဲ့ ချောင်းကလေးတွေ အများအပြားပဲ။ ရေစီးဆင်းပုံက သစ်ပင်ကြီးမှ အကိုင်းအခက်များဖြာထွက်သလိုစီးဆင်းလို့ “ခက်ဖြာရေဆင်း” လို့ ခေါ်ဆိုကိုး။ အဲဒီအချိန်တုန်းကအင်းလျားလမ်းနဲ့ ကုက္ကိုင်းရိပ်သာလမ်း မရှိသေးဘူး။အင်းလျားကန်ကို ကန်ပေါင်မတင်ခင်က အင်းပက်လက်ကြီးဖြစ်ပါတယ်။ အင်းလျားကန်ထဲက ရေတွေဟာ မိုးအခါ ရန်ကုန်မြစ်၊ လှိုင်မြစ်၊ ငမိုးရိပ်ချောင်းတွေထဲကို စီးဆင်းပါတယ်။ အင်းလျားက ချင်းချောင်းရိပ်သာ နောက်ကျောကဖောက်ထွက်ပြီး အနောက်လမ်းနဲ့ သခင်မြပန်းခြံကြား၊ အလုံဧရာဝတီသင်္ဘောကျင်းနဲ့ ကီလီကြားမှာ ချောင်းတစ်ခု ရန်ကုန်မြစ်ထဲ စီးဝင်တာ အခုထိမြင်နိုင်တယ်။

 

ဝင်ဒါမီယာက မြေနီကုန်း၊ စမ်းချောင်း၊ ကြည့်မြင်တိုင်သီတာရုပ်ရှင်ရုံဘေးချောင်းတစ်ခု၊ ကမာရွတ်တံတားဖြူက ဆင်ရေတွင်း၊ လှိုင်စာတိုက်ဘေးက ချောင်းတစ်ပေါက်၊ အင်းလျားလေးကန်က လှိုင်နဲ့ မရမ်းကုန်းကို ခြားထားတဲ့ သမိုင်းကောလိပ်ဘေးက ချောင်း၊ ဘုရင့်နောင်ဈေးဘေး မှာတစ်ချောင်း လှိုင်မြစ်ထဲစီးဝင်တယ်။အရှေ့ဘက်မှာ ရန်ကင်း ၁၂ လုံးတန်း နောက်ကျောနားမှာ ချောင်းတစ်ချောင်းရှိတယ်။ ကံပေါင်မဖို့ခင်က ချောင်းကြီးတစ်ခုလို့ဆိုတယ်။ ခုရေမြောင်းအဖြစ် ရှိသေးတယ်။ နောက်သုတေသနဝင်းဘေးက ချောင်းတစ်ပေါက်ရှိတယ်။ အဲဒါတွေက တောင်ဥက္ကလာကတစ်ဆင့် ငမိုးရိပ်ထဲ စီးဝင်ပါသတဲ့။

 

ထင်သာမြင်သာ

 

ဒါတွေဟာ ခုထိထင်သာမြင်သာရှိနေသေးတဲ့ချောင်းတွေပဲ။ ခုတော့ ရေမြောင်းအသွင်နဲ့ပဲ တွေ့နိုင်ပါတော့တယ်။ အရှေ့ဘက်ကိုစီးတဲ့ ချောင်းတွေနဲ့တောင်ဘက်ကိုစီးတဲ့ ချောင်းတွေဟာ တောင်ကြားတွေ၊ လျှိုတွေ၊ မြောင်တွေကို ဖြတ်သန်းစီးဆင်းကြရတယ်။ မြောင်ဘက်ကိုစီးတဲ့ ချောင်းတော့ မတွေ့ရဘူး။ဒီချောင်းတွေဟာ ခုထိ ရေမြောင်း အကြီးစားကြီးတွေအဖြစ် မြင်ရမှာဖြစ်တယ်။ တချို့က ခုထိ လှိုင်မြစ်နဲ့ ဆက်စပ်နေပြီး လှေသမ္ဗန်များ ဝင်ထွက် ဆိုက်ကပ်နေတာတွေ့ရမှာ ဖြစ်တယ်။ တချို့ချောင်းကလေးတွေကျတော့ မော်တော်ကားလမ်း၊ မီးရထားလမ်းတွေ ဖောက်လိုက်တော့ မူလချောင်းပျက်သွားကြတယ်။ အင်းလျားတစ်ဝိုက်သာမက ရန်ကုန်မြို့ကြီးတစ်ခုလုံးဟာ ဒီရေတောတွေနဲ့ ဖုံးလွှမ်းနေတာလို့ဆိုတယ်။ ကနစို၊ ဗျူး၊ ကန့်ဗလာ၊ ပင်လယ်အုန်း၊ သင်ပေါင်းစတဲ့အပင်တွေ ထူထပ်စွာပေါက်ရောက်တယ်လို့ ဆိုတယ်။တောင်ရိုးတွေပေါ်မှာတော့ ကညင်၊ သစ်ပုပ်၊ တော ခရေ၊ သရက်၊ ပိန္နဲပင်တွေအလေ့ကျပေါက်ရောက်တယ်။လူတွေဝင်ရောက် နေထိုင်ကြတဲ့အခါ စားပင်သီးပင်တွေကို ချန်လှပ်ပြီး တောရိုင်းပင်တွေကို ခုတ်ထွင်ရှင်းလင်းကာ သစ်သီးဝလံ ပန်းမန်စိုက်ပျိုးရင်း စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်လာခဲ့ကြတယ်။

 

အင်းလျားကန်လို့အမည်မတွင်ခင်က အင်းလျားကန်ဟာ သဘာဝအတိုင်း ဂဝံကုန်းရိုးတွေနဲ့ ကာရံထားပါသတဲ့။ အဲဒီဂဝံ ကုန်းရိုးတောင်ပူစာလေးများဘေးမှာ လျှိုကြီးတစ်ခုတည်ရှိဆိုကိုး။ ဒီလျှိုမှာ လူမျိုးစုံနေထိုင်ကြပြီးသား၊ ငါးရှာဖွေစားသောက် နေထိုင်ကြပါသတဲ့။၁၈၈၂-၁၈၈၃ ခုနှစ်မှာ ရန်ကုန်မြို့ကို ရေအလုံအလောက် ပေးဝေနိုင်ရန် အင်းလျားကန်ကို တိုးချဲ့ပြီး လေးထောင့်အနေအထားဖြစ်အောင် အရှေ့ဘက်မှာ ၁ ဒသမ၂ မိုင်၊ အနောက်ဘက်မှာ သုည ဒသမ ၅ မိုင်နဲ့တောင်ဘက် အင်လျားလမ်းတစ်လျှောက် ရေကာတာရိုး တည်ဆောက်ခဲ့တယ်။လူအင်အား၊ ယန္တရားအားတွေသုံးပြီး ငွေကျပ် ၁၇ သိန်း အကုန်အကျခံ တည်ဆောက်ခဲ့ပါသတဲ့။ ကန်ဖို့ပြီးတဲ့အခါ ပိုက်လုံးကြီးများနဲ့ ကန်တော်ကြီးကို ရေပို့လွှတ်ခဲ့တယ်။ ကန်ပေါင်ဆည်လို့ပြီးတဲ့အခါ အင်္ဂလိပ်အစိုးရက “ဝိတိုရိယကန်” လို့ အမည်ပေးခဲ့ပြန်ပါတယ်။

 

ရန်ကုန်တက္ကသိုလ်တည်ဆောက်

 

၁၉၁၅-၁၆ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်တည်ဆောက်ရန် ရန်ပုံငွေများကောက်ခံရရှိခဲ့ပါတယ်။ အဲဒီရန်ပုံငွေဟာ အစိုးရစိုက်ထုတ်တာမဟုတ်ဘဲ ကုမ္ပဏီကြီးများ၊ သူဌေးကြီး များထံမှ ကောက်ခံခဲ့ပါတယ်။ ငွေသိန်းနဲ့ချီထည့်သူကို ပါရဂူဒေါက်တာဘွဲ့ချီးမြှင့်တာ၊ လုပ်ငန်းလိုင်စင်ထုတ်ပေးတာနဲ့ ဆွယ်တာပါ။ နောက်တစ်ခုက ဆင်းရဲသားကျေးတော်မျိုး၊ ကျွန်တော်မျိုးတို့ဆီကလည်း အာဝါဒေး(Our day) လောင်းကစားဝိုင်း တွေဖွင့်ပြီး အစိုးရက အကောက်အစားယူတဲ့စနစ်နဲ့ ရန်ပုံငွေရှာခဲ့တာပါ။ ဆင်းရဲသားတွေကို မွဲဆေးဖော်ပေးလိုက်တာပါပဲ။ တစ်နည်းအားဖြင့်ပြောရရင် ဗမာပြည်မှာ တက္ကသိုလ်ကျောင်းတစ်ကျောင်း ထူထောင်ပေးတာဟာ ခိုင်းကောင်းရုံ ဗိုလ်စိတ်ပေါက်နေတဲ့ ဗမာတွေ မွေးထုတ်ပေးဖို့၊ ချောကလက်ဗိုလ်တွေများလာဖို့ ဆရာကြီးဒီးဒုတ်ဦးဘချို စကား ငှားပြောရရင် “ကျွန်လုပ်စက်ကြီး” တည်ဆောက်ဖို့ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တာပဲ။

 

အဲဒီလိုနဲ့ ရန်ပုံငွေရတဲ့အခါ မြေဝယ်ဖို့ မြေကွက်တွေကု ကြည့်ပါတယ်။ ပထမဆုံး လျာထားသတ်မှတ်တဲ့နေရာက တံတားလေးလမ်းဆုံနားက စိတ္တဇဆေးရုံနေရာဖြစ်တယ်။ ဒါပေမယ့် အဲဒီနေရာဟာ တောကြီးမျက်မည်း ဖြစ်နေတာရယ်၊ လမ်းပန်းခက်ခဲတာရယ်ကြောင့် ကန့်ကွက်သူများလို့ပယ်လိုက်တယ်။ နောက်ဆုံးတော့ ရွှေတိဂုံဘုရား ဂေါပကလူကြီး ဦးဘကျော်ပိုင်တဲ့မြေနဲ့ အင်းလျားရွာဟောင်းရယ်၊ ရွာဟောင်းဘုန်းကြီးကျောင်းရယ်၊ အဲဒီအနီးအနားပတ်ဝန်းကျင်က ရွာသိမ်ရွာငယ်လေးတွေကို သိမ်းယူပြီး တက္ကသိုလ်ကျောင်းကြီးဆောက်လုပ်ဖို့ လျာထားသတ်မှတ်လိုက်တယ်။

 

အဲဒီမြေကို အစိုးရကသိမ်းလိုက်တဲ့အတွက် သူဌေး ဦးဘကျော်က ဗြိတိသျှအစိုးရကို တရားစွဲပါသတဲ့။ ဒါကြောင့် အင်္ဂလိပ်အစိုးရက ဦးဘကျော်နဲ့ရွာသားတွေကိုရူပီး ၈၀ဝ၀ဝ၀ လျော်ကြေးအဖြစ် ပေးခဲ့ရပါသတဲ့။ငွေအပြင် အင်းလျားရွာဟောင်းနဲ့ ဘုန်းတော်ကြီးကျောင်းအတွက် မြေနေရာအစားပေးရပါတယ်။ အဲဒီနေရာကတော့ အင်းစိန်လမ်းမဘေးလှည်းတန်းနဲ့ ကပ်လျက်တည်ရှိတဲ့ “စံရိပ်ငြိမ်” ရပ်ကွက်ဖြစ်လာတယ်။ အင်းလျားရွာသစ် ဘုန်းတော်ကြီးကျောင်းဟာလည်း စံရိပ်ငြိမ်မှတ်တိုင်အနီးမှာ တည်ရှိပါတယ်။တက္ကသိုလ်နယ်မြေရဲ့ မြေအကျယ်အဝန်းဟာ ၄၁၄ ဒသမ ၇၆ ဧက ကျယ်တယ်လို့သိရတယ်။ အဲဒီနယ်မြေကိုမြောက်ဘက်နဲ့အရှေ့ဘက်မှာ အင်းလျားလမ်း၊ တောင်ဘက်မှာ ဇော်ဂျီလမ်း၊ အနောက်ဘက်မှာ ပြည်လမ်းတို့က အနားသတ်ထားပါတယ်။

 

လက်ရှိ တက္ကသိုလ်ပရဝဏ်ရဲ့ မြောက်ဘက်နဲ့အရှေ့ဘက်မှာ အင်းလျားလမ်းရှိတယ်။ အင်းလျားလမ်းဟာ ပြည်လမ်းကို ထိပ်တိုက်ထားပါတယ်။ ဘွဲ့နှင်းသဘင်နောက်ကျောကဖြတ်ပြီး တက္ကသိုလ်ရိပ်သာလမ်းနဲ့ဆုံတဲ့နေရာက ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းတို့နဲ့အပြိုင်တောင်ဘက်ရွှေတိဂုံဘုရားအထိရောက်တယ်။ အင်းလျားလမ်းဆိုတာ အစက မရှိသေးဘူး။ တက္ကသိုလ်ရိပ်သာလမ်းနဲ့ တခြားလမ်းတွေလည်း မရှိဘူး။ အင်းလျားလမ်းဆိုတာ အင်းလျားရွာလယ်လမ်းပါ။ မိုးတွင်း ဆိုရင် အင်းလျားကန်က ရေလျှံထွက်တဲ့ ရေတွေနဲ့ပြည့်နေပြီး ရေစီးကြောင်း ချောင်းရိုးလေး ဖြစ်နေပါတယ်။

 

နွေဦးပေါက်ရာ သီရောက်တာနဲ့ သဲလမ်းကလေး ဖြစ်လာပါတယ်။ အဲဒီလမ်းလေးကို ရွှေညောင်ပင်လမ်းလို့ ရှေးကခေါ်ခဲ့ကြတယ်။ ကျောင်းသားတွေ ရွှေတိဂုံဘုရားဖူးချင်ရင် လူစုပြီး အဲဒီသဲလမ်းကလေးက ရွှေတိဂုံဘုရားကို သွားရောက်ဖူးကြပါသတဲ့။ ။

 

လှကွန့်