အင်္ဂလန်မှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု ထိန်းချုပ်ရန်အတွက် lockdown သတ်မှတ်ထားသည့်ကာလ တစ်လကျော်အထိ ဖြစ်သွားနိုင်ကြောင်း သတိပေးပြောကြား

 ၂ နိုဝင်ဘာ

အင်္ဂလန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု များလာတဲ့အတွက် တစ်နိုင်ငံလုံးကို ဒုတိယအကြိမ် အသွားအလာပိတ်ဆို့မှု (lockdown) တစ်လသတ်မှတ်လိုက်ကြောင်း ဗြိတိန်အစိုးရက ကြေညာလိုက်ပါတယ်။ အင်္ဂလန်တစ်နိုင်ငံလုံး အသွားအလာကန့်သတ်မှုကို လာမယ့် ကြာသပတေးနေ့ ကနေ ဒီဇင်ဘာ ၂ ရက်အထိ ဖြစ်ကြောင်း သိရပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က လာမယ့်ဆောင်းတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဟာ ပထမလှိုင်းထက်ပိုများနိုင်ကြောင်း ပြည်သူတွေကို သတိပေးလိုက်ပါတယ်။ 
ဗြိတိန်ဝန်ကြီးချုပ်က ရွေးချယ်စရာ တခြားနည်းလမ်းမရှိတဲ့အတွက် အခုလို ဆုံးဖြတ်ရတာဖြစ်ကြောင်း၊ ဖြစ်လာတဲ့အခြေနေကို ကိုင်တွယ်ဖြေရှင်းရမှာဖြစ်ကြောင်း၊ ဉရောပမှာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုဟာ ထင်တာထက် ပိုမိုလျင်မြန်စွာ ပျံ့နှံလာကြောင်း ပြောပါတယ်။ 

ပြဋ္ဌာန်းမယ့် အသွားအလာကန့်သတ်မှု အသစ်မှာ အိမ်မှာနေရန်၊ ဘားတွေ၊ စားသောက်ဆိုင်တွေ၊ အားကစားခန်းမတွေနဲ့ အရေးမကြီးတဲ့ ပစ္စည်းတွေရောင်းတဲ့ဆိုင်တွေအားလုံး ပိတ်ထားရန်၊ နေအိမ်မှ အလုပ်လုပ်ရန်၊ လေ့ကျင့်ခန်းလုပ်ရန်နဲ့ ကျန်းမာရေးအတွက်သာ အိမ်အပြင်ထွက်ရန်၊ အိမ်တွင်းနဲ့ အိမ်အပြင်ရှိ ပန်းခြံတွေမှာပါ တွေ့ဆုံစုဝေးခွင့် မလုပ်ရန် ပါရှိပါတယ်။ 
ဒါပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ကုန်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ခွင့် ပေးထားကြောင်း၊ ကွဲနေတဲ့ မိဘတွေရဲ့ ကလေးတွေကို မိဘနှစ်ဦးလုံးစီကို သွားလာခွင့်ရှိကြောင်းနဲ့ ကျောင်းတွေ၊ ကောလိပ်တွေ နဲ့ တက္ကသိုလ်တွေကို ဆက်လက် ဖွင့်ထားနိုင်ကြောင်း သိရပါတယ်။ 

၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂၃,၂၅၄ ဦး ရှိကြောင်း တနင်္ဂနွေနေ့က ထုတ်ပြန်ကြေညာခဲ့ရာ ဗြိတိန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁,၀၃၄,၉၁၄ ဦးရှိကြောင်း သိရပါတယ်။ 

MDN
ကိုးကား - AFP