အင်္ဂလန် အလယ်ပိုင်းတွင် မုန်တိုင်းဘယ်လာကြောင့်ဖြစ်ပွားသည့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသခံပြည်သူ ရာနှင့်ချီ ကယ်ဆယ်ရွှေ့ပြောင်း

လန်ဒန်   ၂၈  ဒီဇင်ဘာ

အင်္ဂလန်အလယ်ပိုင်းတွင် မုန်တိုင်းဘယ်လာ ဝင်ရောက်မှုကြောင့် လေပြင်းတိုက်ခတ်မှုများနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ပေါ်ခဲ့ ပြီး ဒီဇင်ဘာ ၂၆ ရက်တွင် ရာနှင့် ချီသည့် ဒေသခံပြည်သူများကို ၎င်းတို့၏ နေအိမ်များမှ ကယ်ဆယ်ရွှေ့ ပြောင်းပေးခဲ့ရကြောင်း သိရသည်။

သတိပေးနှိုးဆော်ချက်များထုတ်ပြန်ထား

မုန်တိုင်းဘယ်လာ ဝင်ရောက်မှု ကြောင့် ဗြိတိန်နိုင်ငံတစ်ဝန်းတွင် ရေကြီးမှုဖြစ်ပွားနိုင်ကြောင်း သတိပေး နှိုးဆော်ချက်များ ထုတ်ပြန်ထားသည်။

ခန့်မှန်းထား

မုန်တိုင်းသည် အင်္ဂလန်၊ ဝေလပြည်နယ် မြောက်အိုင်ယာလန်နှင့် တောင်ပိုင်းစကော့တလန်တို့တွင် လေပြင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကိုဖြစ်ပေါ်စေခဲ့ပြီး ကမ်းခြေဒေသများတွင် မုန်တိုင်းကြောင့် ဖြစ်ပွားသည့် နောက်ဆက်တွဲ သဘာဝဘေး အန္တရာယ်များ ပိုမိုပြင်းထန်နိုင်ကြောင်း မိုးလေ၀သဌာနက ခန့်မှန်းထားသည်။

နိုင်ငံတစ်ဝန်းရှိ ဒေသအများအပြားတွင် မကြာသေးမီက စိုစွတ်သည့် ရာသီဥတုနှင့် ရေကြီးခြင်းတို့ကို ရင်ဆိုင်နေရချိန်တွင် ဘယ်လာမုန်တိုင်း ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ခရစ္စမတ်နေ့က အင်္ဂလန်ရှိ ဘက်ဖို့ရှိုင်းယားတွင် Great Ouse မြစ်အနီးရှိ အိမ်ထောင်စုပေါင်း ၁၃၀၀ ကျော်ကို ကယ်ဆယ်ရွှေ့ပြောင်းရန် ညွှန်ကြားခဲ့သည်။

ဆင်ဟွာ