အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှ၌ ကိုဗစ်-၁၉ ကူးစက်မှုနှင့် သေဆုံးမှု အများဆုံးနိုင်ငံဖြစ်လာပြီး ဂျကာတာမြို့တော်ဝန် ကိုဗစ်-၁၉ ကူးစက်ခံထားရ

ဂျကာတာ ၂ ဒီဇင်ဘာ

 

ကမ္ဘာ့စတုတ္ထမြောက် လူဦးရေအများဆုံး နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုကို ထိန်းသိမ်းရန် ကြိုးစားဆောင်ရွက်နေချိန်တွင် ဂျကာတာမြို့တော်ဝန် အန်နီးစ်ဘက်စ်ဝီဒန်သည် ကိုဗစ်-၁၉ ကူးစက် ခံထားရကြောင်း ဒီဇင်ဘာ ၁ ရက်က ပြောကြားလိုက်သည်။

 

အရှေ့တောင်အာရှ၏ အကြီးဆုံးမြို့ကြီးတစ်ခု၏ အသက် ၅၁ နှစ်ရှိ မြို့တော်ဝန်သည် ကိုဗစ်-၁၉ ကူးစက်ခံရသော နိုင်ငံရေးသမားများနှင့် အရာရှိကြီးများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ အင်ဒိုနီးရှားပို့ဆောင်ရေးနှင့် သာသနာရေးဝန်ကြီးတို့သည် ယခင်က ကိုဗစ်-၁၉ ကူးစက် ခံခဲ့ရသည်။

 

အင်စတာဂရမ်တွင် တင်လိုက်သော ဗီဒီယိုဖိုင်၌ မြို့တော်ဝန်က လတ်တလော သူ့အနေဖြင့် ကိုဗစ်-၁၉ လက္ခဏာများ မပြသေးကြောင်းနှင့် သီးသန့်ခွဲခြားနေထိုင်လျက်ရှိကြောင်း ပြောကြားထားသည်။

 

မိမိအနေဖြင့် လူတိုင်းကို သတိပေးချင်သည်မှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်သည် မိမိတို့အနီးတွင် ရှိကြောင်းနှင့် လူတိုင်းဆီသို့ ရောက်လာနိုင်ကြောင်းပင်ဖြစ်သည်ဟု မြို့တော်ဝန်က ပြောကြားလိုက်သည်။ ။

 

၎င်း၏လက်ထောက် အာမက်ရီဇာပါထရီယာသည်လည်း နိုဝင်ဘာ ၃၀ ရက်က ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု မြို့တော်ဝက်ဘ်ဆိုက် တွင် ဖော်ပြထားသည်။ ။

 

လူဦးရေ သန်း ၂၇၀ နေထိုင်လျက်ရှိသော အင်ဒိုနီးရှား နိုင်ငံသည် လွန်ခဲ့သောသီတင်းပတ်က သုံးရက်ခန့် ကိုဗစ်၁၉ ကူးစက်ခံရသူ အမြင့်ဆုံးအရေအတွက်ကို ဖော်ပြခဲ့သည်။

 

ကိုဗစ်-၁၉ ကူးစက်ခံရသူ ၅၃၀၀၀၀ ကျော် ရှိပြီး သေဆုံးသူ ၁၇၀၀၀ နီးပါးရှိသော အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှတွင် ကိုဗစ်-၁၉ ကူးစက်မှုနှင့် သေဆုံးမှု အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည်။

 

အေအက်ဖ်ပီ