အင်ဒိုနီးရှားနိုင်ငံ၌ ပြည်သူ ၁၅၄ ဒသမ ၂၆ သန်းကျော်အား ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပေးပြီး

ဂျကာတာ မတ် ၂၂

 

အင်ဒိုနီးရှားနိုင်ငံအစိုးရသည် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးအတွက် ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ရာ လက်ရှိတွင် ပြည်သူ ၁၉၄ ဒသမ ၅၅ သန်းကျော်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ပြည်သူ ၁၅၄ ဒသမ ၂၆ သန်းကျော်အား ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

 

အင်ဒိုနီးရှားနိုင်ငံသည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုရန် ကျန်းမာရေးအာဏာပိုင်များက အတည်ပြုပေးခဲ့ပြီးနောက် နိုင်ငံအတွင်း ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို ပြီးခဲ့သည့်နှစ် ဇန်နဝါရီလက စတင်ခဲ့ခြင်းဖြစ်သည်။

 

အင်ဒိုနီးရှားနိုင်ငံအစိုးရသည် နိုင်ငံအတွင်းရှိ ပြည်သူ ၂၀၈ ဒသမ ၂၆ သန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပေးနိုင်ရန် ရည်ရွယ်လျက်ရှိကြောင်းနှင့် လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံ၌ တတိယအကြိမ် အပိုဆောင်းထိုးနှံပေးသည့် ကာကွယ်ဆေးများ အပါအဝင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ ၃၆၄ ဒသမ ၃ သန်းကျော် အသုံးပြုပြီးဖြစ်ကြောင်း သိရသည်။ ။

 

အင်ဒိုနီးရှားနိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၉၂၂ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၅၉၆၂၄၈၃ ဦးရှိလာကြောင်း အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ထို့ပြင် အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၃၉ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၁၅၃၇၃၈ ဦး ရှိလာကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၁၅၈၂၉ ဦး ထပ်တိုးလာခြင်းကြောင့် ပြန်လည်ကျန်းမာလာသူပေါင်း ၅၅၈၉၀၅၇ ဦးရှိလာကြောင်းလည်း သိရသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အလင်းသစ်