အင်ဒိုနီးရှားနိုင်ငံ၌ ၄၅၄၁၆ ဦး ရောဂါထပ်မံကူးစက်ခံရ

ဂျကာတာ ဇူလိုင် ၂၅

အင်ဒိုနီးရှားနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၅၄၁၆ ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ပေါင်း ၃၁၂၇၈၂၆ ဦး ရှိလာပြီဖြစ်ကြောင်း အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

အလားတူ လွန်ခဲ့သော ၂၄ နာရီ အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် ၁၄၁၅ ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၈၂၀၁၃ ဦးရှိလာပြီဖြစ်သည်။

သို့သော်လွန်ခဲ့သော ၂၄ နာရီအတွင်း ၃၉၇၆၇ ဦး ရောဂါမှ ပြန်လည်သက်သာလာသည့်အတွက် ဆေးရုံများမှ ပြန်လည်ဆင်းသွားခဲ့ရာ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာသူပေါင်း ၂၄၇၁၆၇၈ ဦးရှိလာသည်။ နိုင်ငံအတွင်းရှိ ပြည်နယ် ၃၄ ခုသို့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့လျက်ရှိပြီး အချို့ဒေသများတွင် ဒယ်လ်တာဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း ကူးစက်မှုကို ရင်ဆိုင်နေရသော်လည်း အင်ဒိုနီးရှားအစိုးရက ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းစဉ်များကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်