အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း၌ ငါးဖမ်းလှေနစ်မြုပ်မှုဖြစ်ပွား၊ ၁၅ ဦးပျောက်ဆုံး

ဇူလိုင် ၅

 

အင်ဒိုနီးရှားနိုင်ငံ အာရာပူရာပင်လယ်အတွင်း ငါးဖမ်းလှေတစ်စင်းနစ်မြုပ်သွားပြီးနောက် ငါးဖမ်းသမား ၁၅ ဦးပျောက်ဆုံးနေသဖြင့် ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။

 

အဆိုပါကေအမ်မက်ခ်မာ ၀၆ လှေသည် ဇူလိုင် ၂ ရက်က ထိုပင်လယ်ပြင်အတွင်း ရွက်လွှင့်သွားနေစဉ် ရာသီဉတုဆိုးရွားစွာဖြစ်ပွားနေချိန်အတွင်း လှိုင်းလုံးကြီးနှင့်ရိုက်ခတ်မိခြင်း ဖြစ်သည်ဟု အင်ဒိုနီးရှားနိုင်ငံ ပါပူအာပြည်နယ်ရှိ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးရုံး ပြောရေးဆိုခွင့်ရှိသူ ဒါမာဝမ်ဝီဒီက ဆိုသည်။

 

ထိုလှေပေါ်တွင် လူ ၁၅ ဦးလိုက်ပါလာရာ ၁၀ ဦးကို ဘေးကင်းစွာကယ်ဆယ်နိုင်ခဲ့ပြီးဖြစ်သော်လည်း အခြား ၁၅ ဦးသည် ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ၎င်းက သတင်းထောက်များကို ပြောကြားသည်။

 

ယင်းငါးဖမ်းလှေနစ်မြုပ်မှုတွင် ပါဝင်သူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ရာတွင် အင်ဒိုနီးရှားလေတပ်၏ လေယာဉ်တစ်စီးပါဝင်ကာ လေကြောင်းဖြင့်လည်း ဆောင်ရွက်ခဲ့ကြောင်း ထိုတာဝန်ရှိသူ၏ပြောကြားချက်အရ သိရသည်။

 

ရေတပ်၏စစ်သင်္ဘောတစ်စီးကိုလည်း လှေနစ်မြုပ်ရာနေရာတွင် ယနေ့ တပ်ဖြန့်ချထားမည်ဖြစ်သည်။

 

ထိုငါးဖမ်းလှေသည် ဇွန် ၂၄ ရက်က မာလူကူပြည်နယ် ကီပူလူရမ်အာရူမြို့တော် ဒိုဘိုဆိပ်ကမ်းမှထွက်ခွာလာခြင်းဖြစ်သည်ဟု ၎င်းကထပ်လောင်းပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို