အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းတွင် ပြင်းအား ၆ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိ

၂၈ ဒီဇင်ဘာ

 

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ပါပူအာ ဘာရတ်ပြည်နယ်တွင် ယနေ့၌  ပြင်းအား ၆ ဒသမ၁ အဆင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်မှုဖြစ်ပွားခဲ့သည်။ သို့သော်လည်း  ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း မိုးလေဝသနှင့် ဘူမိဗေဒလုပ်ငန်းက ပြောကြားခဲ့သည်။

 

အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ဝ၃ မိနစ်တွင်  အရှေ့တောင်ပိုင်း မန်နော့ဝါရီမြို့ မြေအောက် ၂၆ ကီလိုမီတာကို ဗဟိုပြုကာ လှုပ်ခတ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသနှင့် ဘူမိဗေဒလုပ်ငန်း တာဝန်ရှိသူ မူဟာမက် ဖာဒီလာက ပြောကြားခဲ့သည်။

 

“ဆူနာမီ သတိပေးချက် မထုတ်ပြန်ထားကြောင်း” ၎င်းက ဆင်ဟွာသို့ တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။

 

ထိုငလျင်ကြောင့် ပျက်စီးမှု သို့မဟုတ် သေဆုံးမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်း ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုပါရ်ဝူ နူဂရိုဟိုက ပြောကြားခဲ့သည်။

 

ငလျင်လှုပ်ခတ်မှုဒဏ်ကို ငါးမိနစ်ခန့် ပြင်းပြင်းထန်ထန် ခံစားခဲ့ရကြောင်း စူတိုပိုက ပြောခဲ့သည်။

 

အင်ဒိုနီးရှားနိုင်ငံသည် “ပစိဖိတ် ငလျင်စက်ဝန်း” ဟုခေါ်သော ငလျင် ဧရိယာပေါ်တွင် တည်ရှိသဖြင့် မကြာခဏ ငလျင်လှုပ်ခတ်မှု ဒဏ်ခံရခြင်း ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်