အင်ဒိုနီးရှား၌ ရေအောက်မီးတောင်ပေါက်ကွဲမှုကြောင့် ဆူနာမီဖြစ်ပေါ်ပြီး ၂၂၂ ဦးသေဆုံး

ရေအောက်မီးတောင်ပေါက်ကွဲမှုကြောင့် အင်ဒိုနီးရှားနိုင်ငံရှိ ဆန်းဒါးရေလက်ကြား အနီးတစ်ဝိုက်ရှိ ကမ္ဘာလှည့်ခရီးသွားများလာရောက်ရာ ကမ်းခြေများသို့ ဆူနာမီရေလှိုင်းများဝင်ရောက်ခဲ့သဖြင့် ၂၂၂ ဦးထက်မနည်း သေဆုံးပြီး ၈၄၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ၂၈ ဦးပျောက်ဆုံးနေကြောင်း သဘာဝဘေးလျော့ပါးရေး အေဂျင်စီက ပြောကြားခဲ့သည်။

 

ဆူနာမီလှိုင်းများသည် ဒေသစံတော်ချိန် ည ၉နာရီခွဲအချိန်ခန့်တွင် တောင်ပိုင်းဆူမာတြားကျွန်းနှင့် တောင်ပိုင်း ဂျာဗားကျွန်းများသို့ ဝင်ရောက်ခဲ့ရာ နေအိမ်အဆောက်အအုံ ရာနှင့်ချီ၍ ထိခိုက်ပျက်စီးခဲ့ကြောင်း နိုင်ငံ၏ သဘာဝဘေးအေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပိုပါဝိုနူဂရိုဟိုက ပြောကြားခဲ့သည်။

 

ဆူနာမီဝင်ရောက်မှု ဖြစ်ပွားခဲ့ပြီးနောက်တွင် ကယ်ဆယ်ရေးနှင့် ရှာဖွေရေးအဖွဲ့သားများသည် အသက်ရှင် ကျန်ရစ်သူများကို အပျက်အစီးများအောက်တွင် ရှာဖွေလျက်ရှိသည်။ လတ်တလောတွင် ဒေသသုံးခုတို့မှ လူ၂၀ ကျော် ပျောက်ဆုံးနေကြောင်းသိရသည်။

 

အာဏာပိုင်များက ဆန်းဒါးရေလက်ကြားရှိ ကမ်းခြေများမှဝေးရာသို့ ရွှေ့ပြောင်းကြရန် သတိပေးထားပြီး ဒီဇင်ဘာ ၂၅ရက်အထိ လှိုင်းကြီးနိုင်သည်ဟုလည်း ပြောကြားခဲ့သည်။ ဘန်တန်ပြည်နယ်ရှိ တန်ဂျွန်လီဆန် မြို့တွင် အရေးပေါ်လုပ်သားများ ရောက်ရှိမလာသေးသည့်အတွကဆူနာမီ ထိခိုက်ခံစားခဲ့ရသည့် ဒုက္ခ သည်များကိုရဲများက အကူအညီပေးလျက်ရှိကြောင်း သဘာဝဘေးလျော့ပါးရေး အေဂျင်စီအကြီးအကဲ အန်ဒန် ပါမာနာက ပြောကြားခဲ့ကြောင်း သိရသည်။

 

အနက်ကရာကာ မီးတောင်ပေါက်ကွဲခဲ့ပြီးနောက် ဖြစ်ပွားခဲ့သည့် မြေအောက်တုန်ခါမှုအပြင် လပြည့် ရက်ဖြစ်သောကြောင့် ဒီရေတက်နှုန်း မြင့်တက်နေမှုက ဆူနာမီလှိုင်းဝင်ရောက်မှုကို ပိုမိုအခြေအနေ ဆိုးရွားစေခဲ့ခြင်း ဖစ်သည်ဟုလည်း အာဏာပိုင်များက ဖော်ပြခဲ့သည်။

 

ယင်းအခြေအနေများ ပေါင်းစပ်သွားမှုကကမ်းခြေကို ရုတ်တရက် ဆူနာမီဝင်ရောက်မှုဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်ကြောင်း သဘာဝဘေးအေဂျင်စီ မှ ပြောရေးဆိုခွင့်ရှိသူ နူဂရိုဟိုက ပြောကြားခဲ့သည်။

 

ကရာကာ မီးတောင်သည် ၁၈၈၃ ခုနှစ်ကလည်း တစ်ကြိမ်ပေါက်ကွဲခဲ့ပြီး ထိုအချိန်က အဆိုပါမီးတောင်ပေါက်ကွဲ မှုကြောင့် ဖြစ်ပွားသည့် ဆူနာမီလှိုင်းများဝင်ရောက်မှုကြောင့် လူ ၃၆၀ဝဝ ကျော်သေဆုံးခဲ့သည်။ အနက်ကရာကာ မီးတောင်သည် အင်ဒိုနီးရှားနိုင်ငံရှိ လှုပ်ရှားသက်ဝင်နေသည့် မီးတောင် ၁၂၇ ခုအနက် တစ်ခုအပါအဝင် ဖြစ်သည်။

 

ပြီးခဲ့သည့် ၂၀ဝ၄ ခုနှစ်က ပြင်းအား ၉ဒသမ ၃အဆင့်ရှိသည့် မြေအောက်ငလျင် လှုပ်မှုကြောင့် အင်ဒိုနီးရှား အနောက်ပိုင်းရှိ ဆူမား တြားကျွန်းကို ဆူနာမီလှိုင်းဝင်ရောက်ခဲ့ရာ အင်ဒိုနီးရှားပြည်သူ ၁၆၈၀ဝဝ အပါအဝင် အိန္ဒိယသမုဒ္ဒရာအနီးရှိ နိုင်ငံများမှ လူပေါင်း ၂၂၀ဝဝဝ ကျော် သေဆုံးခဲ့သည်။

 

အေအက်ဖ်ပီ၊ဆင်ဟွာ