အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်သို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်သိန်း (၅၀)နှင့် လိုအပ်သည့်ပစ္စည်းများ သွားရောက်လှူဒါန်း

ရန်ကုန် ၂၆ စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်သို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ငွေကျပ်သိန်း(၅၀)နှင့် လိုအပ်သည့်ပစ္စည်းများကို ယနေ့ နံနက် ၉ နာရီခွဲက သွားရောက်၍ ဆရာတော်များနှင့် တွေ့ဆုံဖူးမြော်ကာ လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင်  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကိုယ်စား လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ အင်းစိန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်နှင့် တာဝန်ရှိသူများက အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်သို့ PPE ဝတ်စုံပြည့်ဝတ်ဆင်၍ သွားရောက်ကာ တာဝန်ခံဆရာတော်များနှင့် တွေ့ဆုံ ဖူးမြော်ပြီး ဆရာတော်ကြီးနှင့် တယ်လီဖုန်းဖြင့်သာ ဆက်သွယ်လျှောက်ထားကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ငွေကျပ်သိန်း (၅၀)နှင့် လိုအပ်သည့် ပစ္စည်းများ လှူဒါန်းခဲ့ကြသည်။

ထို့နောက် ကျောင်းဝင်းအတွင်း လိုအပ်သော ကူညီမှုများ ဆောင်ရွက်ပေးရန်အတွက် ဆရာတော်များနှင့် ညှိနှိုင်းဆွေးနွေးကာ ပိုးသတ်ဆေးဖျန်းပေးခြင်း အပါအဝင် အသုံးအဆောင်ပစ္စည်းများအား မီးရှို့ဖျက်ဆီးနိုင်ရေး၊ လက်ဆေးဘေစင်များ တပ်ဆင်ပေးနိုင်ရေး လုပ်ငန်းစဉ်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေးကော်မတီမှ တာဝန်ယူ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)