အင်းစိန်မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်အတွင်းမှ     ဆိုင်ကယ်(၁၉)စီး ခိုးယူထားသူကိုဖမ်းဆီးရမိ

ရန်ကုန်   ၃  ဇွန်    

 

အင်းစိန်မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်အတွင်းမှ ဆိုင်ကယ်၁၉စီး ခိုးယူထားသူကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

 

မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် မေလ(၂၆) ရက်နေ့ ညနေ(၄)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်အတွင်း မှုခင်းကျဆင်းရေး တာဝန်များဆောင်ရွက်နေစဉ် ခိုးမှုများကျူးလွန်တတ်ကြောင်း ကြိုတင်သတင်းရှိသူ ထက်မြက်အောင်(ခ)ဝေယံ(ခ)နောင်နောင် အား KENBO-125 အမျိုးအစား ဆိုင်ကယ်တစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ခေါ်ယူစစ်မေးရာ ၎င်းဆိုင်ကယ်နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်းအထောက်အထား မပြနိုင်သဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ ခြင်းဖြစ်သည်။

 

ဖမ်းဆီးရမိသူ ထက်မြက်အောင်(ခ)ဝေယံ(ခ)နောင်နောင်အား အခြားပြစ်မှုများ ကျူးလွန်ခဲ့ခြင်း ရှိ/မရှိကို ရဲတပ်ဖွဲ့ ဝင်များက အသေးစိတ်စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၁၉ ခုနှစ် ဧပြီလအတွင်း ရွှေပြည်သာမြို့နယ်၊ (၆) ရပ်ကွက်၊ ဧရာဝတီပတ်လမ်းမဘေးတွင် ရပ်ထားသော SUPER ANBO အမျိုးအစား ဆိုင်ကယ်(၁)စီး၊ (၂) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေးတွင် ရပ်ထားသော KENBO အမျိုးအစား ဆိုင်ကယ်(၁)စီး၊ (၁၈)ရပ်ကွက်၊ စက်မှုဇုန်(၂)၊ အထည်ချုပ်စက်ရုံတစ်ခုအနီး ရပ်ထားသော R-KENBO အမျိုးအစား ဆိုင်ကယ်(၁)စီး၊ အမှတ်(၄)လမ်းမကြီး၊ ကန်သာယာကားမှတ်တိုင်အနီး ရပ်ထားသော NEW ZHINENG အမျိုးအစား ဆိုင်ကယ်(၁)စီး၊ (၂)ရပ်ကွက်၊ ရေစင်မှတ်တိုင်အနီး လမ်းဘေးတွင်ရပ်ထားသော LUOJIA-110 အမျိုးအစား ဆိုင်ကယ်(၁)စီး၊ အင်းစိန်မြို့နယ်၊ ဂျပန်လမ်းဘေးတွင်ရပ်ထားသော CZI-125 အမျိုးအစား ဆိုင်ကယ်(၁)စီး၊ တညင်းကုန်းဈေးအနီး လမ်းဘေးတွင်ရပ်ထားသော CZI-125 အမျိုးအစား ဆိုင်ကယ် (၁)စီး၊ ၂၀၁၉ ခုနှစ်၊ မေလအတွင်း ရွှေပြည်သာ မြို့နယ်၊ (၅)ရပ်ကွက်၊ ထန်းခြောက်ပင်မီးပွိုင့်အနီး လမ်းဘေးတွင်ရပ်ထားသော CZI-125 အမျိုးအစား ဆိုင်ကယ် (၁)စီး၊ (၁)ရပ်ကွက်၊ စက်မှုလမ်းမကြီး၊ သံလမ်းအနီးတွင် ရပ်ထားသော HI BOBO-125 အမျိုးအစား ဆိုင်ကယ် (၁)စီး၊ (၉)ရပ်ကွက်၊ သံလမ်း အနီး လမ်းဘေးတွင်ရပ်ထားသော HI BOBO-125 အမျိုးအစား ဆိုင်ကယ်(၁)စီး၊ ဘုရင့်နောင်လမ်းမကြီး၊ ရုပ်ရှင်ရုံအနီး လမ်းဘေးတွင်ရပ်ထားသော JIM-125 အမျိုးအစား ဆိုင်ကယ်(၁)စီး၊ (၁၉)ရပ်ကွက်၊ ကမ်းနားပတ်လမ်းမပေါ်တွင် ရပ်ထားသော NEW ASIA အမျိုးအစား ဆိုင်ကယ်(၁)စီး၊ (၁)ရပ်ကွက်၊ စက်မှုဇုန်(၁)အတွင်း ရပ်ထားသော CZI-125 အမျိုးအစား ဆိုင်ကယ်(၁)စီး၊ (၆)ရပ်ကွက်၊ မြို့ဦးစေတီ ဘုရားအနီး ဧရာဝတီပတ်လမ်းဘေးတွင် ရပ်ထားသော LUOJIA-110 အမျိုးအစား ဆိုင်ကယ်(၁)စီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းလမ်းဆုံအနီး လမ်းဘေးတွင်ရပ်ထားသော CZI-125အမျိုးအစား ဆိုင်ကယ် (၁)စီး၊ ကျောက်ပြားလမ်း၊ လမ်းဘေးတွင်ရပ်ထားသော HI BOBO-125 အမျိုးအစား ဆိုင်ကယ်(၁)စီး၊ သီရိမင်္ဂလာလမ်း ဂေါက်ကွင်းအနီး ရပ်ထားသော FEILING-125 အမျိုးအစား ဆိုင်ကယ်(၁)စီး နှင့် CZI-125 အမျိုးအစား ဆိုင်ကယ်(၁)စီး၊ စုစုပေါင်း ဆိုင်ကယ်(၁၉)စီး တို့အား အသီးသီးခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့ကြောင်းသိရသည်။

 

စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းပြီး ပြစ်မှုကျူး လွန်သူ ထက်မြက်အောင်(ခ)ဝေယံ(ခ)နောင်နောင်အား ဥပဒေနှင့်အညီ အမြန်ဆုံးတရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

မျိုးမင်းသိန်း(မရမ်းကုန်း)