အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ (၄၈)ဦးကို Swab ယူစစ်ဆေးရာ (၂၉)ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ရန်ကုန် ဇွန် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ (၄၈)ဦးကို Swab ယူ စစ်ဆေးရာ (၂၉)ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီအသင်း၊ တွဲလက်လူမှုကူညီရေးသင်းနှင့် စိန်ရတနာ နာရေးကူညီမှုအသင်းများရှိ တာဝန်ရှိသူများ ပူးပေါင်း၍ ဇွန် ၂၈ ရက် နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ ဈေးကုန်းအရှေ့ရပ်ကွက်၊ တညင်းကုန်းရပ်ကွက်၊ ရွာမအနောက်ရပ်ကွက်၊ တောင်သူကုန်းရပ်ကွက်နှင့် ဖော့ကန်ရပ်ကွက်များအတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ (၄၈)ဦးကို သွားရောက်ခေါ်ဆောင်ကာ အင်းစိန်(GTI) Quarantine Center (၃) တွင် Swab ယူ စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး (၂၉)ဦး တွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိသူများကို နေ့အိမ်တွင် Home Quarantine ထားရှိ ဒုတိယအကြိမ် Swabယူ ပြန်လည်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည့် (၂၉)ဦးအား တာဝန်ရှိသူများက အင်းတိုင်ခုတင် (၁၀၀) ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာသို့ ပို့ဆောင်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပရဟိတအသင်းများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)