အင်းစိန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူ၏ နေထိုင်ခဲ့သည့် လမ်းများအား လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန်      ၂၀  ဧပြီ        

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့သူ၏ နေထိုင်ခဲ့သည့် လမ်းများအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀  နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့သည်။

အင်းစိန်မြို့နယ်အတွင်းရှိ လမ်းမကြီးများမှလွဲ၍ လမ်းသွယ်များအားလုံး ကိုဗစ်-၁၉ ကူးစက် ရောဂါပြန့်ပွားမှု မရှိစေရေးအတွက် အသွားအလာကန့်သတ်ကာ အစားအစာဝယ်ယူခြင်း၊ ကျန်းမာရေးနှင့် နာရေးကိစ္စများမှလွဲ၍ မလိုအပ်ဘဲ အပြင်မထွက်စေရန်နှင့် အပြင်လူဝင်ရောက်ခြင်း မရှိစေရန် စောင့်ကြပ်ကြည့်ရှု ဆောင်ရွက်ထားရှိမှုများကို အင်းစိန်မြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဉက္ကဌ ဦးသိန်းသန်း၊ အတွင်းရေးမှူး EO ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

အင်းစိန်မြို့နယ်၊ Coronavirus Disease 2019 (COVID-19)ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးကော်မတီမှ ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)