အင်းစိန်ဗဟိုအကျဉ်းထောင်မှ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုသူ ၈၅ ဦးအနက် ၅၈ ဦးအောင်မြင် လေးဘာသာ၊ သုံးဘာသာဂုဏ်ထူးရှင် အပါအဝင် ထူးချွန်စွာ အောင်မြင်သူ ၃၄ ဦး ထွက်ပေါ်

ရန်ကုန်  ၉  ဩဂုတ်

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်းများကို  ယနေ့နံနက်ပိုင်းက ထုတ်ပြန်ခဲ့ရာ ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်မှ ဝင်ရောက်ဖြေဆိုသူ အကျဉ်းသား၊ အကျဉ်းသူ ကျောင်းသား၊ ကျောင်းသူ ၈၅ ဦးအနက် ၅၈ ဦးအောင်မြင်ကာ လေးဘာသာနှင့် သုံးဘာသာ ဂုဏ်ထူးရှင်တို့အပါအဝင် ထူးချွန်စွာအောင်မြင်သူ ၃၄ ဦး ထွက်ပေါ်ခဲ့ကြောင်း အဆိုပါ အကျဉ်းထောင်မှ သိရသည်။

 

အဆိုပါ အကျဉ်းသား၊ အကျဉ်းသူ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မတ်လ ၁၁ ရက်တွင် စတင်ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို အင်းစိန်ဗဟိုအကျဉ်းထောင်ဝန်း အတွင်းရှိ အမှတ်(၁၃) အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)မှ ဝင်ရောက်ဖြေဆိုခဲ့ပြီး ယနေ့ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများအား ထုတ်ပြန်ရာတွင် တစ်ဘာသာဂုဏ်ထူးရှင် (၂၄)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ခြောက်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် သုံးဦး၊ လေးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ ရိုးရိုးအောင်မြင်သူ (၂၄) ဦး အပါအဝင်စုစုပေါင်း (၅၈)ဦးအောင်မြင်ခဲ့သဖြင့် အောင်မြင်မှုရာခိုင်နှုန်း (၆၈ ဒသမ ၂၃) ရှိကြောင်း သိရသည်။

 

ထိုသို့အောင်မြင်မှုများရရှိစေရန်အတွက် အကျဉ်းထောင် တာဝန်ရှိသူများက အကျဉ်းထောင်အတွင်း၌ ပြင်ပတွင် စာပေသင်ကြားခြင်း အတွေ့အကြုံရှိ ဘွဲ့ရ/ မဟာဘွဲ့ရ အကျဉ်းသား ကျောင်းအုပ်ဆရာ၊ ကျောင်းဆရာများက စာသင်နှစ်မှစ၍ အနီးကပ် သင်ကြားပေးခဲ့သည့်အပြင် အင်းစိန်မြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူး အပါအဝင် အင်းစိန်မြို့နယ် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ပြင်ပမှ စေတနာရှင် ဆရာ၊ ဆရာမများက လာရောက် သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ကျောင်းသားများအနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၂၀၁၄ ခုနှစ်မှစတင် ဝင်ရောက်ဖြေဆိုခဲ့ကြရာ အဆိုပါ နှစ်တွင် နှစ်ဦး၊ ၂၀၁၅ ခုနှစ်တွင် ခုနစ်ဦး၊ ၂၀၁၆ ခုနှစ်တွင် (၁၁)ဦး၊ ၂၀၁၇ ခုနှစ်တွင် ကိုးဦး၊ ၂၀၁၈ ခုနှစ်တွင် (၁၉)ဦး၊ ၂၀၁၉ ခုနှစ်တွင် (၅၂)ဦး၊ ယခုနှစ် ၂၀၂၀ ပြည့်နှစ်တွင် (၅၈)ဦး အပါအဝင် စုစုပေါင်း (၁၅၈)ဦး အောင်မြင်ခဲ့ကြပြီး အောင်မြင်သူများအနက်မှ ထူးချွန်စွာ အောင်မြင်သော ဂုဏ်ထူးရှင် (၇၀) ထွက်ပေါ်ခဲ့သည်။

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်