အနောက်တောင်မုတ်သုံလေ မြစ်ဝကျွန်းပေါ်ဒေသများသို့ ဝင်ရောက်နိုင်

နေပြည်တော် ၂၈ မေ

 

(၂၀၂၀ ပြည့်နှစ်၊ မေလ (၂၈)ရက်နေ့ မွန်းလွဲ (၂:ဝ၀)နာရီအချိန် ထုတ်ပြန်ချက်)

 

ယနေ့နံနက်(ဝ၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ ကရင်ပြည်နယ်တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ဒေသအလိုက် မိုးကြီးခဲ့ပါသည်။ နေ့အပူချိန်များမှာ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့ထက် (၅)ဒီဂရီစင်တီဂရိတ်နှင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန် တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိပိုခဲ့ပြီး၊ ချင်းပြည်နယ်တွင် မေလ၏ ပျမ်းမျှအပူချိန်အောက် (၄)ဒီဂရီစင်တီဂရိတ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့အောက် (၅)ဒီဂရီစင်တီဂရိတ်လျော့နည်းခဲ့ကာ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် မေလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့နှင့် ဘော်လခဲမြို့တို့တွင် (၄၁)ဒီဂရီစင်တီဂရိတ်စီနှင့် မြင်းခြံမြို့၊ ညောင်ဦးမြို့၊ ရမည်းသင်းမြို့၊ နေပြည်တော်(ဇေယျာသီရီ မြို့နယ်)၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ဆင်ဖြူကျွန်းမြို့၊ ညောင်လေးပင်မြို့နှင့် ကြို့ပင်ကောက်မြို့တို့တွင် (၄၀)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ရမ်ကလောင်းတွင် (၄.၂၁)လက်မ၊ မတူပီမြို့တွင် (၃.ဝ၇)လက်မ၊ ဟားခါးမြို့နှင့် အမ်းမြို့ တို့တွင် (၂.၈၃)လက်မစီ၊ ဖလမ်းမြို့တွင် (၂.၈၀)လက်မ၊ ကျောက်တော်မြို့တွင် (၂.၃၂)လက်မ၊ တီးတိန်မြို့နှင့် နေပြည်တော်(ဇေယျာသီရိမြို့နယ်) တို့တွင် (၂.၂၈)လက်မစီ၊ ဗားရ်နှင့် ဝမ်းတွင်း(စိုက်ပျိုးရေး)တို့တွင် (၂.၁၇)လက်မ၊ မိတ္ထီလာမြို့တွင် (၂.၁၂)လက်မ၊ တွန်းဇံမြို့နှင့် မောင်တောမြို့ တို့တွင် (၂.ဝ၅)လက်မစီနှင့် မိုးမိတ်မြို့တွင် (၁.၉၇)လက်မတို့ ဖြစ်ကြပါသည်။

 

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအနည်းငယ် ရှိနေပါသည်။ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

 

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

 

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့်ရှိနိုင်ပါသည်။

 

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ အနောက်တောင်မုတ်သုံလေသည် မြစ်ဝကျွန်းပေါ်ဒေသများသို့ ဝင်ရောက်နိုင်ပါသည်။

 

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

 

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

 

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

 

Crd_မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန