အနာဂတ်နိုင်ငံတော်အတွက် လက်ငင်းလုပ်ငန်းစဉ်

mdn

နေပြည်တော် ၅ ဇန်နဝါရီ

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြလိုက်သည့် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များသည် ယနေ့နိုင်ငံတော်၏ ဦးတည်ချီတက်ရာ ပန်းတိုင် ကို ညွှန်ပြနေပါသည်။

 

အခြေခံအားဖြင့် ဦးတည်ချက် (၅) ရပ်ဖြစ်ပါသည်။

-တိုင်းရင်းသားအားလုံးတို့၏ စုပေါင်းအင်အား၊

-တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍ ပြုပြင်ပြောင်းလဲရေး၊

-ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊

-နိုင်ငံသူ နိုင်ငံသားများ၏ တာဝန်သိစိတ်နှင့် အရည်အသွေး မြင့်မားလာစေမည့် ပတ်ဝန်းကျင် ကောင်းများ ဖန်တီးတည်ဆောက်ရေး၊

- မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း အကောင်အထည် ဖော်ရေးဟူ၍ ဖြစ်၏။

 

ညီညွတ်ရေးအင်အားကသာ နိုင်ငံ၏အချုပ်အခြာအာဏာ အမှန်တကယ် တည်တံ့ခိုင်မြဲရေး၊ ငြိမ်းချမ်းရေးနှင့် တိုးတက်သော အပြောင်းအလဲကို ဖော်ဆောင်နိုင်မည်ဟု မြန်မာနိုင်ငံသားတို့ ယုံကြည် ကြွေးကြော်ခဲ့ကြပါသည်။ သို့သော်လည်း လက်တွေ့ဘဝတွင် နှစ်ပေါင်းခုနစ်ဆယ်ကျော် ဆင်နွှဲ နေရသည့် မဆုံးနိုင်သော ပြည်တွင်းစစ်ကြောင့်နှင့် နိုင်ငံနှင့် ပြည်သူလူထုမှာ ချုံးချုံးကျနေခဲ့ပြီ။ ထို့ပြင် ယခုအခါ မြန်မာနိုင်ငံသည် တံခါးပိတ်နိုင်ငံအဖြစ်မှသည် ဒီမိုကရေစီအခွင့်အလမ်းများ ပေါ်ထွက် လာမှုနှင့်အတူ နိုင်ငံတကာနှင့် လက်တွဲကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အားယူအရှိန်မြှင့်နေပြီ ဖြစ်ပါသည်။

 

သည်လိုအချိန်သည် မြန်မာနိုင်ငံ၏ စည်းလုံးညီညွတ်မှုအင်အားကို ပိုမိုလိုအပ်နေပြီး တိုင်းရင်းသားတို့၏ စုပေါင်းအင်အားက နိုင်ငံသားအားလုံး၊ တိုင်းရင်းသားအားလုံး၏ အကျိုးအတွက် ဖြစ်သည်ဟု သဘော ပေါက်နားလည်ခြင်းဖြင့် ညီညွတ်ရေးကို တည်ဆောက်ကြရမည်ဖြစ်ပေသည်။ တိုင်းရင်းသားတို့၏ စုပေါင်းအင်အားနှင့် ညီညွတ်ရေးအင်အားကသာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို အာမခံနိုင်သည်ကို သတိမူသင့်ပါပြီ။

 

ပြည်သူ့ဒီမိုကရေစီ အစိုးရပေါ်ပေါက်ရေးအတွက် နိုင်ငံသူ နိုင်ငံသားတို့ ဝိုင်းဝန်းကြိုးပမ်းကြစဉ် ကတည်းက ဥပဒေစိုးမိုးရေး၊ တရားမျှတရေး၊ တန်းတူရေး ဟူသည့် ပြည်သူ့သဘောထားများကို ထုတ်ဖော်ခဲ့ကြပါသည်။ ယနေ့ထိတိုင် တရားဥပဒေစိုးမိုးရေး ကဏ္ဍတွင်ရော၊ တရားမျှတမှုအရေးတွင်ရာ အားနည်းချက်များစွာဖြင့် ရှိနေသည်ဖြစ်ရာ ထိရောက်သည့် လုပ်ဆောင်ချက်များ အရေးတယူ ပြုမှုများဖြင့် တိုးတက်မှုရှိအောင် အကောင်အထည်ဖော်ကြရန်လည်း လိုအပ်နေပြီဖြစ်ပါသည်။

 

ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တန်းတူညီရေး၊ တရားမျှတရေး အစရှိသည့် မြန်မာ့လူ့ဘောင်အတွက် အခြေခံအကျဆုံး လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကိုလည်း မဖြစ်မနေ အကောင်အထည် ဖော်ကြရတော့မည် ဖြစ်ပါသည်။ ယနေ့ မြန်မာ့လူမှု အဖွဲ့အစည်း၏ စီးပွားရေးဘဝ၊ လူနေမှုဘဝ တိုးတက်ရေးတို့အတွက် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ပြည်သူတို့က ပိုင်သည်ဆိုသည့် မူလဘူတတရားကို ဖြည့်ဆည်းရန်လိုပါမည်။ ထို့ပြင် ထိုသို့သော ပြည်သူတို့၏ ဘဝများကို အာမခံသည့် အခြေခံဥပဒေကို ပြင်ဆင်ရန်လိုအပ်သကဲ့သို့ ပြည်သူ လူထု၏ တာဝန်သိစိတ်နှင့် တာဝန်ယူနိုင်သည့် အရည်အသွေးကို မြှင့်တင်ပေးနိုင်သည့် ပညာရေး၊ လူမှုရေးအပါအဝင် အခြေခံအဆောက်အအုံနှင့် ပတ်ဝန်းကျင်တို့ကို ဖန်တီးပေးရေးသည်လည်း အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါသည်။

 

ထိုနည်းတူစွာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဟူသည် ဆန်စင်ရာ ကျည်ပွေ့လိုက်၊ ပြဿနာဖြစ်သည်များကို လိုက်လံဖြေရှင်း နေရုံမျှဖြင့် ဖြစ်ပေါ်လာမည် မဟုတ်ပါ။ အစဉ်အဆက် တစ်စစီကြဲပြန့်နေသည့် အခက်အခဲ အကျပ်အတည်းများ ပြဿနာများကို တုံ့ပြန်ကုစားနေခြင်းသက်သက်ဖြင့် မဖြစ်နိုင်ပါ။ အနာဂတ်နိုင်ငံတော်၏ စီးပွားရေးဘဝ၊ ပထဝီ၊ ရေမြေ သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှု အစရှိသည့် ကဏ္ဍအသီးသီးကို ရေရှည်တည်တံ့ခိုင်မြဲအောင် စနစ်တကျ ဆန်းစစ်ပြင်ဆင်ပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားစီမံကိန်းတို့ ရေးဆွဲပြဋ္ဌာန်းသတ်မှတ်ပြီး တာဝန်ခွဲဝေ အကောင်အထည် ဖော်နိုင်ရန် လိုအပ်ပါမည်။

 

သည်လို ရည်မှန်းချက်တို့ကို ချမှတ်ဦးတည်ရင်း လက်တွေ့တွင် ထိထိရောက်ရောက် ဝိုင်းဝန်း အကောင်အထည်ဖော်ကြရေးက နိုင်ငံ၏ ချက်ချင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ဖြစ်သည်ဟု ယုံကြည်သည့်အတိုင်း တင်ပြလိုက်ရပါကြောင်း။ ။

 

 မြန်မာ့အလင်း