အနာဂတ်ကို ပုံဖော်ထုဆစ်ပေးကြစို့

mdn

နေြပည်တော် ၂၉ ဒီဇင်ဘာ

 

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်၍ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများ၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို လုပ်ကိုင်ရာ၌ စိန်ခေါ်မှုများ၊ အခက်အခဲ များနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို လုပ်ကိုင်ရာတွင် မျှော်မှန်းထားသည့်ရည်မှန်းချက်အတိုင်းဖြစ်လာရန်အတွက် စိန်ခေါ်မှုနှင့် အခက်အခဲများကြားမှ အခွင့်အလမ်းနှင့် တိုးတက်မှုများကို ရယူနိုင်ရန်လိုအပ်သည်။

 

မျက်မှောက်ကမ္ဘာကြီးတွင် ခေတ်မီနည်းပညာများ တိုးတက်လာမှုများမှာ အချိန်နှင့်အမျှ ပြောင်းလဲဖြစ်ပေါ်နေ သည်။ ယင်းကိုအမီလိုက်နိုင် ရန်အတွက် မိမိတို့အနေဖြင့်လည်း နေ့စဉ်နှင့်အမျှ ကြိုးပမ်းအားထုတ်နေရန် လိုအပ်သည်။ ပြည်သူများခေတ်မီနည်းပညာများနှင့် ဆန်းသစ်တီထွင်မှုများကို ကြံဆအားထုတ်ကြရာတွင် သင့်တင့်လျောက်ပတ်သည့် ဖြည့်ဆည်းမှုများကို အထိုက်အလျောက်ရရှိနိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် နိုင်ငံ၏ ဓန အင်အား၊ ဘဏ္ဍာငွေအခြေအနေအပေါ်မူတည်၍ တတ်နိုင်သမျှ ဖြည့်ဆည်း ပေးနေသည်။

 

ဒီဇင်ဘာလ ၂၆ ရက်နေ့က ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ မင်းဓမ္မပညာ ရိပ်သာဝင်းအတွင်း၌ သိပ္ပံပစ္စည်းစက်ရုံသစ်ကို ဖွင့်လှစ်ပေးခဲ့ရာ ခေတ်မီ တိုးတက်သော သိပ္ပံနည်းပညာဆိုင်ရာတို့ကို ကျောင်းသား ကျောင်းသူများ လက်တွေ့ကျကျ သင်ကြားလုပ်ကိုင်ခွင့် ပိုမိုရရှိနိုင်မည်ဖြစ်သည်။ ပညာရပ် များကိုလက်တွေ့သင်ယူရာ၌ သင်ကြားမှုအထောက်အကူပြုပစ္စည်းများသည် အဓိကကျသည့်ပစ္စည်းများ ဖြစ်သည်။ ယခင်က အဆင့်မြင့် ပညာကဏ္ဍ တွင်သာမက အခြေခံပညာကဏ္ဍတွင်ပါ သိပ္ပံလက်တွေ့ခန်းများ၌ သင်ကြားမှု အထောက်အကူပြု ပစ္စည်းများနှင့် လက်တွေ့သင်ယူခဲ့ကြသည်။

 

လက်တွေ့ခန်းတွင် အထောက်အကူပြုပစ္စည်းများဖြင့် လက်တွေ့သင်ယူရခြင်းသည် ပညာရပ်များကို ထိထိ ရောက်ရောက် တတ်မြောက်စေနိုင်သည်။ သင်ထောက်ကူပစ္စည်းများသည် နိုင်ငံ၏ဓနဥစ္စာနှင့် ဘဏ္ဍာငွေ အထောက်အပံ့အပေါ်မူတည်သဖြင့် ထောက်ပံ့နိုင်မှုရှိလျှင်ရှိသလောက် တိုးတက်မှုလည်းရှိလာမည်ဖြစ်သည်။ ဤနေရာတွင် ရုပ်ဝတ္ထုပစ္စည်းပိုင်း ဆိုင်ရာ ပြည့်စုံမှုဖြင့်မလုံလောက်ဘဲ ထိရောက်သည့် သင်ကြားပြသနိုင်စွမ်း ရှိသော ဆရာ ဆရာမများ၏ အခန်းကဏ္ဍမှာ အရေးပါသည်။

 

အနာဂတ်ကိုပုံဖော်ထုဆစ်နိုင်မည့် ထူးချွန်ထက်မြက်သော လူ့စွမ်းအား အရင်းအမြစ်များ ထူထောင်နိုင်ရန်မှာ ပညာရေးကဏ္ဍသည် အဓိကကျသည့် အခြေခံအုတ်မြစ်ဖြစ်သည်။ ထို့ကြောင့် ပြည်သူ့အစိုးရအနေဖြင့် ပညာရေး ကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် သင်ရိုးညွှန်းတမ်းများ၊ သင်ကြားရေး စနစ်များ၊ ခေတ်မီသော သင်ထောက်ကူပစ္စည်းများ၊ ကျောင်းပရဝဏ်များ သာယာလှပရေး၊ ဆရာ ဆရာမများသင်ကြားမှု ခေတ်မီ တိုးတက်မြင့်မား လာရေး၊ ဆရာ ဆရာမများနှင့် ပညာရေးဝန်ထမ်းများ လူမှုဘဝမြင့်မားရေး တို့ကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ ပညာရေးကဏ္ဍကို မြှင့်တင်ပေးခြင်းသည် နိုင်ငံအနာဂတ်အတွက် အရေးပါသောရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်ပေးနေခြင်းဖြစ်သည်။ ပညာရေးကဏ္ဍမြင့်မားတိုးတက်မှ အရည် အသွေးမြင့်မားပြီး ထူးချွန်ထက်မြက်သည့် ဆရာကောင်း၊ ဆရာမွန်များလည်း ပေါ်ထွက်လာမည်ဖြစ်သည်။

 

မင်းဓမ္မပရိပ်သာ ဆရာများအိမ်ရာ၊ လှိုင်ပညာ့ရိပ်သာ ဝန်ထမ်း အိမ်ရာနှင့် သိပ္ပံပစ္စည်းစက်ရုံသစ်ဖွင့်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ခေတ်မီပြီးအဆင့်အတန်းမြင့်မားတဲ့ အခြေခံအဆောက်အဦတွေဟာ လူတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ တီထွင်ဖန်တီးနိုင်မှုစွမ်းရည်တွေကို ပိုမို မြှင့်တင်ပေးစေပါတယ်။ နိုင်ငံတွေရဲ့ တိုးတက်မှုဖြစ်စဉ်တွေကို လေ့လာ ကြည့်ရင် လူ့စွမ်းအားအရင်းအမြစ်တွေကိုအခြေခံတဲ့ ဉာဏထုတ်ကုန်တွေ သာလျှင် ရေရှည်တည်တံ့တဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းသွားနိုင် မှာကို တွေ့ရပါလိမ့်မယ်” ဟုပြောကြားခဲ့သည်။ ယနေ့မျက်မှောက်ကာလ ကမ္ဘာပေါ်ရှိ ခေတ်မီတိုးတက်နေသောနိုင်ငံများကို လေ့လာကြည့်လျှင် ဉာဏထုတ်ကုန်များကို အလျှံပယ်ထုတ်လုပ်နိုင်သောကြောင့် ချမ်းသာကြွယ်ဝ သည့်နိုင်ငံများ ဖြစ်လာသည်ကို တွေ့ရမည်ဖြစ်သည်။

 

 

သို့ဖြစ်ရာ မြန်မာနိုင်ငံအား ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်မှ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်လာရေးအတွက် ဉာဏထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်သော တီထွင်ဖန်တီးနိုင်မှုစွမ်းအားမြင့်မားသည့် လူသားအရင်းအမြစ်များ ပေါ်ထွန်းလာရန် နိုင်ငံတော်အစိုးရ၏ ထောက်ပံ့ဖြည့်ဆည်းပေးနေချိန်တွင် အရည် အသွေးမြင့်မားပြီး ထူးချွန်ထက်မြက်သည့် ဆရာကောင်း၊ ဆရာမွန်များက အနာဂတ်ကို ပုံဖော်ထုဆစ်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ