အမှတ်(၁)ဘုရင့်နောင်တံတား အဆင့်မြှင့်တင်ခြင်းလုပ်ငန်း(၇၀)ရာခိုင်နှုန်းပြီးစီးနေ

ရန်ကုန် ၃၁  အောက်တိုဘာ

 

ရန်ကုန်မြို့၏ လှိုင်မြစ်ကူးတံတားကြီးတစ်စင်းဖြစ်သော အမှတ်(၁)ဘုရင့်နောင်တံတားကြီးအား အောက်တိုဘာ(၅)ရက်နေ့ မှစတင်၍အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ရာ ဘုရင့်နောင် တံတားအထိုင်ခုံ bearing (၁၂)ခုတွင် (၈)ခုအား လဲလှယ်တပ်ဆင်ပြီးဖြစ်၍ တံတားကြီး အဆင့်မြှင့်တင်ခြင်း လုပ်ငန်း(၇၀)ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

 

ဘုရင့်နောင်အမှတ်(၁) တံတားကြီးအား ၁၉၉၄-ခုနှစ်တွင်ဖွင့်လှစ်ခဲ့ပြီး သံကူကွန်ကရစ် လွန်တူးပိုင်ဖြင့် တံတားအုတ်မြစ်ကို  တည်ဆောက်ထားခြင်းဖြစ်သည်။ တံတားကိုယ်ထည်ပိုင်းမှာ သံကူကွန်ကရစ်ဖြစ်၍  တံတားအပေါ်ထည်ပိုင်းအား သံမဏိသံပေါင်ဖြင့်တည်ဆောက်ထားကာ တံတား အရှည်မှာ ၁၆၄၀ ဒဿမ ၈၃ ပေ ဖြစ်သည်။

 

ယာဉ်သွားလမ်း အကျယ်အား (၂၈)ပေ ထားရှိပြီး တံတား တစ်ဖက်တစ်ချက် လူသွားလမ်း အကျယ်အား (၆) ပေ ထားရှိသည်။ တံတားရေလမ်း ကင်းလွတ်အမြင့်မှာ(၃၆)ပေ ဖြစ်ပြီး ရေလမ်းကင်းလွတ် အကျယ်အား ပေ (၃၇၀) ထားရှိလျှက် တံတားခံနိုင်ဝန်မှာ တန်(၂၀)ဖြစ်သည်။ 

 

လှိုင်မြစ်ကူးတံတား ကြီးလေးစင်းတွင် အမှတ်(၁) ဘုရင့်နောင် တံတားကြီးကို ပထမဆုံး တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍ အောင်ဇေယျကြိုး တံတားနှင့် ရွှေပြည်သာ တံတားကြီးကို တည်ဆောက်ခဲ့ကာ အမှတ်(၂) ဘုရင့်နောင် တံတားကြီးကို နောက်ဆုံး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။အမှတ်(၁)ဘုရင့်နောင်တံတားကြီးဖွင့်လှစ်ပြီးချိန်တွင် ဧရာဝတီတိုင်း ဒေသကြီးနှင့် လှိုင်သာယာစ က်မှုဇုန်အတွက် အထူးအရေးပါသော တံတားကြီးတစ်စင်းအဖြစ် အကျိုးပြုခဲ့သော တံတားကြီး တစ်စင်းဖြစ်သည်။

 

သက်တမ်း (၂၅)နှစ်ရှိပြီ ဖြစ်သော အမှတ်(၁)ဘုရင့်နောင်တံတားကြီးအနီးတွင် အမှတ်(၂) ဘုရင့်နောင် တံတားကြီးကိုတည် ဆောက်ထားပြီး ထိုတံတားကြီးပေါ်မှ ယခုအခါ ယာဉ်များ ဖြတ်သန်းလျှက်ရှိကာ ယာယီပိတ်ထားသော အမှတ်(၁) တံတားကြီး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ပြီးစီးပါက အမှတ်(၁)ဘုရင့်နောင်တံတားကြီးကိုပြန်လည်ဖွင့်လှစ်နိုင်ရန် တံတားကြီး ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများကို မြန်ဆန်စွာ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

အမှတ်(၁) ဘုရင့်နောင် တံတားကြီး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို တံတားဦးစီးဌာန၊ တည်ဆောက်ရေး အဖွဲ့(၃)၊ တံတားအထူးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျှက်ရှိပြီး  တံတားအထိုင်ခုံ bearing plate (၁၂)ခုတွင်(၈)ခုတပ်ဆင်ပြီးဖြစ်၍ တံတားကြီးနှ င့်ဆက်စပ်လျှက်ရှိသော အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို လုပ်ဆောင်လျှက် တံတားသံဘောင် ရေဆေးခြင်းနှင့် ဆေးမှုတ်ခြင်း လုပ်ငန်းကို လုပ်ဆောင်လျှက်ရှိရာ အမှတ်(၁) ဘုရင့်နောင်တံတားကြီး အဆင့်မြှင့်တင်ခြင်း လုပ်ငန်း(၇၀) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သောကြောင့် မြန်ဆန်စွာ ပြီးစီးနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

ဓာတ်ပုံ-သန်းစိုး - သန်းထိုက်