အမှတ်(၁) ပေါက်တံတားပေါ်မှ ပေါက်ရွှေပြည်ခရီးသည်တင် မှန်လုံယာဉ်တစ်စီး ယောချောင်းအတွင်း ပြုတ်ကျ

ပေါက်  ၂၂ မေ  

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၌ ပေါက်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဦးဇော်မင်းထက် မောင်းနှင်လာသော ပေါက်ရွှေပြည်ခရီးသည်တင် မှန်လုံယာဉ်တစ်စီးသည် ယနေ့ နံနက်ပိုင်းက အမှတ်(၁) ပေါက်တံတားအပေါ်တွင် ကားဘယ်ဘက်ရှေ့ဘီးပေါက်ကာ အရှိန်မထိန်းနိ်ုင်၍ တံတားတိုင်အမှတ် P3 နှင့် P4 အကြား တံတားဘယ်ဘက်ခြမ်းရှိ လက်ရန်းတိုင်များအား ဝင်တိုက်မိပြီး တံတားအောက် အနက်ပေ ၁၅ ခန့်ရှိ ယောချောင်းအတွင်းသို့ ပြုတ်ကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။ 

 

0319

 

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဦးဇော်မင်းထက်နှင့်အတူ ခရီးသည်ငါးဦးတို့မှာ ဒဏ်ရာများရရှိခဲ့ပြီး ပေါက်မြို့ရဲစခန်းမှ တပ်ဖွဲ့ဝင်များက အဝေရာလူမှုကူညီရေးအသင်းကားဖြင့် ပေါက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အား မဆင်မခြင်ပေါ့ဆစွာ မောင်းနှင်သူ ပေါက်မြို့နယ် ပေါက်ချောင်းအောက်စု ကျေးရွာနေသူ ဦးဇော်မင်းထက်အား ပေါက်မြို့မရဲစခန်းက အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ဉာဏ်တိုး(ပေါက်)