အမြင့်ပေ ၆၂၈၀ ရှိ ဆင်တောင်သို့ မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်းမှ ယခုလ ၁၅ ရက်တွင် တက်ရောက်မည်

မိတ္ထီလာ ၆   ဇူလိုင် 

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ  မိတ္ထီလာခြေလျင်နှင့်တောင်တက်အသင်းမှ အမြင့်ပေ ၆၂၈၀ ရှိသော ကလောမြို့ရှိ ဆင်တောင်အား ယခုလ ၁၅ ရက်နေ့တွင် တက်ရောက်မည်ဖြစ်ကြောင်း အဆိုပါ ခြေလျင်နှင့် တောင်တက်အသင်းမှ သိရသည်။

 

"ကိုယ်တို့ မိတ္ထီလာခြေလျင်နဲ့ တောင်တက်အသင်းက ၂၀၁၈ ခုနှစ်မှာ လစဉ်လတိုင်း တက်ဖို့စီစဉ်ထားပါတယ်။ လေ့ကျင့်မှုအဖြစ် စနေနေ့တိုင်း မိတ္ထီလာမြို့မှာရှိတဲ့ ရွှေနိုင်ငံ လက်ဖက်ရည်ဆိုင်မှာ ဆုံမှတ်အဖြစ်ထားပြီး မိတ္ထီလာကန်တစ်ပတ် လမ်းလျှောက်လေ့ကျင့်ပါတယ်။၂၀၁၈ ခုနှစ် ၆ လပိုင်း ၂၄ ရက်နေ့က အမြင့်ပေ (၃၇၀၀) ကျော်ရှိတဲ့ ကူမဲမြို့ရှိ ပြက္ခရွေတောင်ကို တက်ခဲ့ပါတယ်။”

 

“အခုလာမယ့် ၁၅ ရက်မှာ အမြင့်ပေ (၆၂၈၀) ရှိတဲ့ ကလောမြို့ ဆင်တောင်ကို တက်ရောက်မှာပါ။ (၈)လပိုင်းမှာ အမြင့်ပေ (၅၈၀၀) ကျော်ရှိတဲ့ ကလောမြို့ မြင်းမထိတောင်၊ (၉)လပိုင်းမှာ အမြင့်ပေ ၄၉၈၁ ပေရှိတဲ့ ပုပ္ပါးတောင်မကြီးတို့ကို တက်မှာပါ။ (၁၀)ပိုင်းမှာ နားပြီး (၁၁) လပိုင်းမှာ အမြင့်ပေ (၁၀၂၀၀) ရှိတဲ့ ချင်းပြည်နယ် နတ်မတောင်ကိုတက်မယ်။ ၂၀၁၉ ခုနှစ် (၁)လပိုင်းမှာတော့ ရှမ်းပြည်နယ်က အမြင့်ပေ (၇၇၉၃) ပေရှိတဲ့ အရှေ့မြင်အနောက်မြင်တောင်ကိုတက်မယ်။”

 

 

“အဲဒီလမှာ တောင်ပေါ်မှာ တောင်ဇလပ်ပန်း ပွင့်တဲ့အချိန်မို့ တောင်ဇလပ်ပန်းပွင့်တဲ့အချိန် အရှေ့မြင် အနောက်မြင် တောင်ကို တက်တာပါ။ တောင်ဇလပ်ပန်းပွင့်တဲ့ အလှအပကို ခံစားရစေဖို့ပါ။ မိတ္ထီလာ ခြေလျင် နဲ့တောင်တက်အသင်းရဲ့ အဓိကရည်ရွယ်ချက်က လူငယ်တွေ မူးယစ်ဆေးဝါးဘက်ကို စိတ်ဝင်စားမှု လျော့ကျစေဖို့နဲ့ သဘာဝအလှတရားကို ခံစားနားလည်စေပြီး တောင်တက်အားကစားကို စိတ်ပါဝင်စား လာစေဖို့ ရည်ရွယ်တယ်လေ။ ၂၀၁၉ ခုနှစ်  (၂)လပိုင်းမှာတော့ မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်းမှာ ရေခဲတောင်တက်မယ့်အဖွဲ့ ဖွဲ့စည်းပြီး အမြင့်ပေ ၁၁၉၂၀ ရှိတဲ့ ဖုန်ကန်ရာဇီ ရေခဲတောင်ကို တက်ရောက်မှာပါ” ဟု မိတ္ထီလာ ခြေလျင်နှင့်တောင်တက်အသင်းမှ ဦးအောင်ကြိုင် ကပြောသည်။

 

မိတ္ထီလာခြေလျင်တောင်တက်အသင်းသည် ၂၀၁၇ ခုနှစ်၌ အမြင့်ပေ (၆၂၈၀) ရှိသော သာစည်မြို့နယ်ရှိ ဆင်တောင်ကို ဇူလိုင်လအတွင်းက လည်းကောင်း၊ အမြင့်ပေ (၄၉၈၁) ပေရှိ ပုပ္ပါးတောင်မကြီးကို သြဂုတ်လ အတွင်းကလည်းကောင်း အမြင့်ပေ (၅၈၀၀) ကျော်မြင့်သော ကလောမြို့ မြင်းမထိတောင်အား စက်တင်ဘာလအတွင်းက လည်းကောင်း၊ အမြင့်ပေ (၃၇၀၀) ကျော်မြင့်သော ကူမဲမြို့ ပြက္ခရွေတောင်အား စက်တင်ဘာလအတွင်းက လည်းကောင်း၊ ရှမ်းပြည်နယ် ရွာငံရှိ အမြင့်ပေ (၇၇၉၃) ပေ မြင့်သော အရှေ့မြင် အနောက်မြင်တောင်ကို ဒီဇင်ဘာလအတွင်းကလည်းကောင်း တက်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် အမြင့်ပေ (၁၁၉၂၀) ရှိသော ကချင်ပြည်နယ် ပူတာအိုမြို့နယ်ရှိ ဖုန်ကန်ရာဇီရေခဲတောင်တို့သို့ တက်ရောက်ခဲ့သည်။

 

မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်းမှာ မိတ္ထီလာမြို့ "ကမ်းလက်များ" ပရဟိတအသင်းမှ ပေါက်ဖွားလာသော အသင်းဖြစ်ပြီး  အဖွဲ့ဝင်အင်အား ၁၅၀ ခန့်ရှိကာ အထက်မြန်မာပြည်တွင် အသင်းသူ အသင်းသားအများဆုံး ခြေလျင်တောင်တက်အသင်းအဖြစ် ရပ်တည်နေကြောင်း မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်းမှ သိရသည်။

 

ဘိုဘို(မလှိုင်)