အမ်းမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၌ ငွေကျပ် ၃၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၅ သန်း ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ ၁၂

အမ်းမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၌ ငွေကျပ် ၃၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ သန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၅ ရက် ညနေ ၆ နာရီတွင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်း(ပဲပဒုံ) ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ရန်ကုန်မှ မြောက်ဦးသို့ ဇော်မျိုးသန့် (ခ) ဖိုးထူး မောင်းနှင်ပြီး သိန်းသန်းမြင့် လိုက်ပါလာသော NISSAN DIESEL ၆ ဘီး ယာဉ်ကို ရှာဖွေရာ ယာဉ်ပေါ်ရှိ အထည်ထုပ်များအတွင်း ဖုံးအုပ်သယ်ဆောင်လာသည့် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၅ သန်း သိမ်းဆည်းရမိခဲ့သည်။ ယင်းနောက် သတင်းကွင်းဆက်အရ ည ၁၁ နာရီခွဲတွင် သိမ်းဆည်းရမိ စိတ်ကြွရူးသွပ် ဆေးပြားများကို တာဝန်ခံသယ်ဆောင်သူ ကျော်မင်းသိန်း (ခ) သိန်းရွှေ နှင့် ထက်ဝေယံ၊ လှအောင်ဇံ၊ နန်းအောင်လင်း၊ မိုးချေ နှင့် မိုးကျော်တို့အား PROBOX ယာဉ်တစ်စီးနှင့်အတူ မြောက်ဦးမြို့၌ ဆက်လက်ဖမ်းဆီး ရမိခဲ့သည်။ ဆက်လက်စစ်ဆေး ဖော်ထုတ်ချက်အရ ပူးပေါင်းအဖွဲ့သည် ဧပြီ ၆ ရက် နံနက် ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ မြတ်လေးပတ်လမ်းရှိ ဂိုဒေါင်အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀ သန်းနှင့် MITSUBISHI CANTER မော်တော်ယာဉ် တစ်စီးတို့ကို ထပ်မံသိမ်းဆည်း ရမိခဲ့သဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၃၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စုစုပေါင်း စိတ်ကြွရူးသွပ် ဆေးပြား ၂၅ သန်း သိမ်းဆည်းရမိခဲ့သည်။

 

mdn

 

သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရန်ကုန်တိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အားဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်