အမ်းမြို့နယ်၌ လေယာဉ်ကွင်းရပ်ကွက်နှင့် မြောက်ဘက်ရပ်ကွက်သို့ ဆက်သွယ်တည်ဆောက်မည့် အမ်းချောင်းတံတား လျာထားနေရာစတင်တိုင်းတာ 

အမ်း  ၅  နိုဝင်ဘာလ 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၌ လေယာဉ်ကွင်းရပ်ကွက်နှင့် မြောက်ဘက် ရပ်ကွက်တို့အား ဆက်သွယ်တည်ဆောက်မည့် အမ်းချောင်းတံတား လျာထားနေရာကို  ယနေ့နံနက် ၉ နာရီက တိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါအမ်းချောင်းတံတား လျာထားနေရာအား တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၂)၊ တံတားအထူးအဖွဲ့ (၈) မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်သူရ ဦးဆောင်၍ လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ) တစ်ဦး၊ အငယ်တန်းအင်ဂျင်နီယာ (၂) (မြို့ပြ) တစ်ဦး ပါဝင်သော အဖွဲ့သည် တိုင်းတာမှုများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။ အမ်းချောင်းတံတား၏ လျာထားပေအရှည်မှာ ၇၀၀ ခန့်ဖြင့် တည်ဆောက်မည်ဖြစ်ကြောင်းနှင့် တံတားအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊  ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စုအပ်နှံရန်ပုံငွေ ကျပ်သန်း ၁၀၀ စတင်ခွင့်ပြုထားကြောင်း တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၂)၊ တံတားအထူးအဖွဲ့(၈) မှ ဒုတိယ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်သူရထံမှ သိရှိရသည်။

၎င်းအမ်းချောင်းတံတားအား ရခိုင်ပြည်နယ် လွတ်တော်ဒုဥက္ကဋ္ဌ ဦးမြသန်း၏ ဒေသဖွံ့ဖြိုးရေး ခရီးစဉ်တွင် မြောက်ဘက်ရပ်ကွက်မှ ဒေသခံပြည်သူများက အမ်းချောင်းအား ဖြတ်သန်းသွားလာရသည့် အခတ်အခဲများကို တင်ပြချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာနအား ဆက်လက်တင်ပြဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ တံတားတည်ဆောက်ပြီးစီးပါက အမ်းချောင်းအား လွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်ပြီး မြောက်ဘက်ရပ်ကွက်မှ ဒေသခံပြည်သူများနှင့် အနီအနားရှိ ကျေးရွာများမှ ပြည်သူများအနေဖြင့် လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း သိရှိရသည်။

စိုးမင်းထွန်း